ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က အရေးပေါ် တောင်းဆိုချက်တရပ်ထုတ်ပြန်
HI – Honest Information
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄နှစ်ကျော်ကာလအတွင်း မြန်မာပြည်တွင် ပဋိပက္ခနှင့်ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု(CRSV) ဖြစ်ရပ်ပေါင်း ၅၅၀ ကျော်အပါအဝင် လိင်ပိုင်းဆိုင်ရာနဲ့ ဂျဲန်ဒါန်အခြေပြု အကြမ်းဖက်မှု (SGBV) အမှုပေါင်း ၁,၀၀၀ ကျော်မှတ်တမ်းတင်နိုင်ခဲ့ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ ထုတ်ပြန်ချက်အရသိရသည်။
အလားတူ ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုဖြစ်ကတည်းက လူပေါင်း ၃သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အမျိုးသမီးပေါင်း ၁,၉၀၀ နီးပါး အသတ်ခံရကာ ၆,၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆုံးဖြတ်ချက်ချခဲ့သည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်အမှတ်-၁၃၂၅ သည် ယနေ့ ၂၅နှစ်မြောက်ပြည့်ပြီဖြစ်ပြီး၊ မြန်မာနိုင်ငံက အမျိုးသမီးများသည် စစ်ပွဲ၊ အိုးအိမ်စွန့်ခွာထွက်ပြေးမှု၊ စစ်ဝါဒကြီးစိုးခြင်းများနှင့် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော ဖိုဝါဒကြီးစိုးမှု ဆိုးကျိုးများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)က ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်များ ရှိနေသော်လည်း အမျိုးသမီးများသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းမှ ဖယ်ကြဉ်ခံရခြင်းအပြင် အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့်လုံခြုံရေး( WPS) အစီအစဉ်၏ မဏ္ဏိုင်အားလုံးတွင် စနစ်ကျသည့် အတားအဆီးများကို ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အထူးသဖြင့် အာဏာရှင် စစ်တပ်၏ လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုများမှာ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပြီး အသက်ရှင် ကျန်ရစ်သူများမှာလည်း တရားမျှတမှုနှင့် တာဝန်ခံမှုရရှိရန် ငြင်းပယ်ခံနေရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ၊ အာဆီယံနှင့် အိမ်နီးချင်းနိုင်ငံများ အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့များထံ အရေးပေါ် တောင်းဆိုချက်များကိုလည်း ထုတ်ပြန်ချက်တွင် အလေးထား ဖော်ပြထားသည်ကို တွေ့ရသည်။
ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီသို့ တောင်းဆိုချက်များအနက် ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှုများ ချမှတ်ရန်၊ မြန်မာနိုင်ငံမှ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို နိုင်ငံတကာ ရာဇဝတ် ခုံရုံးသို့လွှဲပြောင်းပေးရန် ဆိုသည့် အချက်များအပါအဝင် စုစုပေါင်း အချက် ၄ချက်ကို ဖော်ပြထားသည်။
အလားတူ အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံများကိုလည်း မြန်မာနိုင်ငံမှ ဒုက္ခသည်များကို အသိအမှတ်ပြုပြီး ဘေးကင်းလုံခြုံ၍ မိမိဆန္ဒအလျောက်နေရပ်ပြန်မှုများဖြစ်အောင် လုပ်ဆောင်ပေးရန်၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို အာဏာသိမ်းစစ်တပ်မှတဆင့် ကူညီပေးခြင်းမဟုတ်ဘဲ လွတ်လပ်စွာ ကူညီထောက်ပံ့ရန်ဆိုသည့်အချက်ကို ထည့်သွင်းတောင်းဆိုထားသည်။
ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အလှူရှင်များကိုလည်း စစ်အာဏာရှင်၏ တရားမဝင်အာဏာ တည်မြဲရေး လုပ်ဆောင်မှုတွေကို အသိအမှတ်မပြုဘဲ ငြင်းဆိုရန်၊ ဆုံးဖြတ်ချက်ချသည့် ဖြစ်စဉ်တိုင်းတွင် အမျိုးသမီးအခွင့်အရေး အဖွဲ့အစည်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါဝင်မှုကို သေချာစေရေး ဆောင်ရွက်ပေးရန်၊ အမျိုးသမီးများဦးဆောင်သော အဖွဲ့အစည်းများနဲ့ တိုင်းရင်းသား အရပ်ဘက် လူမှုအဖွဲ့အစည်း များကို ရန်ပုံငွေတိုက်ရိုက်ထောက်ပံ့ခြင်းနှင့် စီမံလုပ်ကိုင်ခွင့်ပေးရန် စသည့်အချက်များကို ထည့်သွင်းတောင်းဆိုထားသည်။
ယင်းထုတ်ပြန်ချက်တွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ စစ်ကောင်စီအပေါ် အရေးယူရန်ပျက်ကွက်မှုများကလည်း အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအစီအစဉ်၏ စိတ်ချရမှုကို ခြိမ်းခြောက်လျှက်ရှိကြောင်း အင်္ဂလိပ်၊ မြန်မာ ၂ဘာသာဖြင့် ထည့်သွင်းဖော်ပြထားသည်။
ယခုကဲ့သို့ အရေးပေါ်တောင်းဆိုချက်များကို ထုတ်ပြန်ခဲ့သည့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)သည် ၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာ ၉ရက်တွင် စတင်တည်ထောင်ခဲ့ပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ တရားမျှတမှု စသည့် တူညီသော ရည်မှန်းချက်များနှင့် မြန်မာနိုင်ငံမှ သမိုင်းကြောင်း နောက်ခံကွဲပြားသော တိုင်းရင်းသူအမျိုးသမီးများ စုပေါင်းဖွဲ့စည်းထားသည့် ၂၆နှစ်နီးပါးသက်တမ်းရှိ အမျိုးသမီး နိုင်ငံရေးအဖွဲ့အစည်း ဖြစ်သည်။









