အာရက္ခပြည်က အမျိုးသမီးဦးဆောင်မှုကဏ္ဍအပေါ် အမြင်နဲ့ အကြံပြုချက်တွေ

သန့်ရှင်းထွန်း စုစည်းတင်ဆက်သည်။

စစ်အာဏာရှင်စနစ် ပပျောက်ရေးနဲ့  ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရဖို့ တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေထဲမှာ ရခိုင်ပြည်ကမြို့နယ်အများစုကို အချိန်တိုအတွင်း သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ အာရက္ခတပ် တော်(AA)ဟာ လက်ရှိမှာ တော်လှန်ရေးအစိုးရတရပ်အဖြစ် အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေကြပြီဖြစ်ပါ တယ်။

စစ်ရောင်ပြောက်ကျားယူနီဖောင်းတွေ အပြည့်အစုံဝတ်ဆင်ထားတဲ့ အသက် ၂၀ ကျော်အရွယ် တပ်ဖွဲ့ဝင် အမျိုးသမီးငယ်တွေကို လက်ရှိအာရက္ခပြည်(ရခိုင်ပြည်)က နေရာအသီးသီးမှာ တွေ့နေရသလို အာရက္ခတပ်တော် (AA)ရဲ့ လှုပ်ရှားမှုမှတ်တမ်းအဖြစ် အဲဒီအမျိုးသမီးငယ်တွေရဲ့ ဓာတ်ပုံတွေကို မီဒီယာတွေက သူတို့ရဲ့အွန်လိုင်း စာမျက်နှာတွေမှာ အထူးတလည် ဖော်ပြလာတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက နိုင်ငံရေးနှင့် တိုင်းပြည်တည်ဆောက်ရေးမှာ အာရက္ခလူငယ်နှင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အားကောင်း လာစေဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ဦးဆောင်ပြီး လူငယ်နဲ့ အမျိုးသမီးဆိုင်ရာ မူဝါဒတွေကိုလည်း ပြင်ဆင်ရေးဆွဲနေတယ်လို့ ပြည်တွင်း၊ ပြည်ပ သတင်းဌာနတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သူက  “အမျိုးသမီးဆိုင်ရာမူဝါဒတွေ ရေးဆွဲတဲ့အခါ အာရက္ခပြည်တွင်းနေထိုင်သူ လူမျိုးစုနောက်ခံအားလုံးဟာ နိုင်ငံရေးနဲ့  ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ တန်းတူပါဝင်နိုင်မှုနှင့် ခေါင်းဆောင်မှု အခွင့်အလမ်းတွေကို မြှင့်တင်ပေးမှုတွေ ပါဝင်ပါတယ်”လို့ ပြောထားပါတယ်။

လွန်ခဲ့တဲ့ ၁၁နှစ်၊  ၂၀၁၄ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်မှာ လူဦးရေ ၃ သန်းကျော်ရှိတဲ့အနက် အမျိုးသမီးဦးရေဟာ ၁ ဒသမ ၆ သန်းကျော်၊ အမျိုးသားဦးရေဟာ ၁ ဒသမ ၅ သန်းကျော်ရှိတာကြောင့် အမျိုးသား ထက် အမျိုးသမီးဦးရေဟာ  ၄ ရာခိုင်နှုန်းကျော် များနေတာတွေ့ရပါတယ်။ 

ဒီလို အမျိုးသမီးအင်အားက အမျိုးသားထက်များတဲ့ ပြည်နယ်တခုမှာ ခေတ်အဆက်ဆက် အစိုးရအုပ်ချုပ်မှု ပိုင်းမှာဖြစ်စေ၊ ဆုံးဖြတ်ချက်ချရာမှာ အမျိုးသီးကိုယ်စားပြုမှုကို ထည့်သွင်းထားခြင်းဖြစ်စေ အားနည်းခဲ့တာကို တွေ့ရတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။

ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာဌာနတွေမှာ အမျိုးသမီးဦးဆောင်သူတွေပါဝင်တာနဲ့ပတ်သက်လို့ ရခိုင်နိုင်ငံရေးနဲ့ အမျိုးသမီးပါဝင်မှုကဏ္ဍကို သုတေသနပြုနေသူ၊ သာမာန်အရပ်သား၊ အာရက္ခတပ်တော်(အေအေ)ရဲ့ တပ်ဖွဲ့ဝင်၊ ရခိုင်အခြေစိုက် အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေတဲ့အဖွဲ့က တာဝန်ရှိသူ၊ အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရရဲ့ ကျေးရွာဥက္ကဌတဦး စတဲ့ စုံလင်ကွဲပြားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမြင်တွေကို HI – Honest Information က ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါတယ်။

မနှင်းနှင်း (အသက် ၂၂နှစ်အရွယ် ရခိုင်အမျိုးသမီး)

ယူနီဖောင်းတွေ ကျကျနနဝတ်ပြီး အချိန်ပြည့် တာဝန်ထမ်းဆောင်နေတာတွေကို တွေ့ရတော့ အားကျမိတယ် ပေါ့၊ ကိုယ်လည်းတနေ့ တပ်တော်ထဲကိုဝင်ပြီး တာဝန်ထမ်းဆောင်ချင်တဲ့ စိတ်ပေါ်လာတယ်၊ အခု သတင်း စာမျက်နှာတွေနဲ့ အုပ်ချုပ်ရေးယန္တယားတွေလည်ပတ်နေတဲ့ ရခိုင်ပြည်ထဲက  လမ်းမကြီးတွေပေါ်မှာ မြင်တွေ့နေရတဲ့ စစ်ယူနီဖောင်းဝတ် အာရက္ခစစ်မယ်တွေကို လွတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာ အကြီးအကဲတွေ၊ ပြည်နယ်ဦးဆောင်အဖွဲ့အစည်းတွေမှာ မြင်ချင်တယ်။

မခိုင်သဇင် (ရခိုင်နိုင်ငံရေးနဲ့ အမျိုးသမီးပါဝင်မှုကဏ္ဍကို သုတေသနပြုနေသူ)

အွန်လိုင်းစာမျက်နှာတွေမှာ ဖော်ပြလာတဲ့ သတင်းဓာတ်ပုံနှင့် မှတ်တမ်းတွေအရ အာရက္ခတပ်တော်(AA)မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးငယ်တွေဟာ စစ်ဆေးရေးဂိတ်တွေမှာ ယာဉ်စည်းကမ်းလိုက်နာဖို့၊ လမ်းမှာအသွားအလာလုပ်နေတဲ့ ပြည်သူတွေရဲ့ မှတ်တမ်းမှတ်ရာတွေကို ယူတာ စတဲ့အလုပ်တွေနဲ့ မြို့သန့်ရှင်းရေးလုပ်နေတဲ့ မှတ်တမ်းမှတ်ရာတွေသာတွေ့ရတယ်။

အခုလို အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရရဲ့ ဌာနအသီးသီးနှင့် တပ်တော်ထဲမှာ အမျိုးသမီးတွေ တာဝန် ထမ်းဆောင်နေပေမယ့် ဦးဆောင်မှုကဏ္ဍနှင့် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့နေရာတွေမှာ အမျိုးသမီးတွေပါဝင်နေတာကို မတွေ့ရသေးသလို တပ်တော်ဘက်ကလည်း ချပြပေးတာ မရှိသေးဘူး။

နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းထားတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)မှာ စစ်ဒေသအလိုက် နိုင်ငံရေးမှူးတွေ၊ ဒုနိုင်ငံ ရေးမှူးတွေခန့်ထားပေမယ့် အဲဒီနိုင်ငံရေးမှူးတွေနဲ့ ဒုနိုင်ငံရေးမှူးတွေ အပါအဝင် အာရက္ခတော်လှန်ရေး အစိုးရရဲ့ ဌာနအသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းအကြီးအကဲတွေအားလုံး နီးပါးဟာ အမျိုးသား တွေ ဖြစ်နေတာတွေ့ရတယ်။

နိုင်ငံရေးမှူးဆိုတာကတော့ ပြောမယ်ဆိုရင် လွတ်တော်အမတ်လိုပဲ၊ တိုက်ခိုက်ရေး၊ စစ်ဆင်ရေး၊ ဌာနဆိုင်ရာ တွေနဲ့ မသက်ဆိုင်ဘူး၊ အဲလို နေရာမှာတောင် အမျိုးသမီးနိုင်ငံရေးမှူး၊ ဒုနိုင်ငံရေးမှူးဆိုတာ မတွေ့ရသေးဘူး။

ဒါကြောင့် အမျိုးသမီးတွေအတွက် အာရက္ခပြည့်သူ့ တော်လှန်ရေး အစိုးရက အခွင့်အလမ်းတွေ ဖွင့်မပေးထားတာ လား၊ အမျိုးသမီးပါဝင်ရေး မူဝါဒတွေ သီးသန့်မရှိတာလား ဆိုတာကိုတော့ ပြောရခက်တယ်။

အခုလို အမျိုးသမီး နိုင်ငံရေးနှင့် ဦးဆောင်မှုအခန်းကဏ္ဍအတွက် မူဝါဒတွေ ရေးဆွဲနေပေမယ့် လက်ရှိအချိန် မှာတော့ အဲဒီမူဝါဒတွေ ရေးဆွဲလို့ ပြီးမပြီးနဲ့  ဘယ်လိုအခန်းကဏ္ဍတွေ ပါဝင်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်း လင်း မသိရသေဘူး။

အခုလို လူဦးရေ ထက်ဝက်ကျော်ရှိနေတဲ့ အမျိုးသမီးတွေကို ဦးဆောင်မှုအဆင့်ထဲမှာ ထည့်သွင်းခြင်းမရှိရင် ဆုံးဖြတ်ချက်တွေဟာ တဖက်လူဦးရေဖြစ်တဲ့ အမျိုးသားတွေကိုသာ ကိုယ်စားပြုနေမယ်။

လက်ရှိ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ရေးဆွဲနေတဲ့ အမျိုးသမီးဆိုင်ရာ မူဝါဒတွေမှာ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီတဲ့မူဝါဒတွေ ရေးဆွဲပြဌာန်းမယ်ဆိုရင် နိုင်ငံတကာရဲ့ ထောက်ခံမှုတွေကို ပိုရရှိလာ နိုင်မယ်။

လက်ရှိတော်လှန်ရေး မပြီးပြတ်သေးတဲ့အချိန်မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဲ့ ထိပ်ပိုင်းအဆင့်တွေမှာ အမျိုးသမီးတွေပါဝင်နိုင်မှုမရှိသေးရင်တောင် တော်လှန်ရေးပြီးဆုံးချိန်ရောက်လို့ ကိုယ့်ပိုင်ပြည်နယ်တခုအဖြစ် ပုံဖော်တည်ဆောက်၊ အုပ်ချုပ်တဲ့အချိန်မှာ အမျိုးသမီးတွေဟာ နိုင်ငံရေးဦးဆောင်နိုင်မှုနှင့် ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိတဲ့ အဆင့်တွေမှာ ထက်ဝက်ခန့်အထိ ပါဝင်ဖို့လိုအပ်တယ်။

ဦးညီညီ (အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ကျေးရွာဥက္ကဌတဦး)

ပြည်နယ်အကြီးအကဲ အစုအဖွဲ့ ထဲမှာ အမျိုးသမီးတွေဟာ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတဲ့ နေရာတွေမှာ ပါဝင်ဖို့ အင်မတန်မှ အရေးကြီးသလို ပါဝင်ခွင့်ရဖို့ အခွင့်အရေးတွေလည်းပေးရမယ်။

အမျိုးသမီးတွေ ဦးဆောင်ဆုံးဖြတ်နိုင်တဲ့အဆင့်မှာပါရင် ဘယ်အရာမဆို ဆုံးဖြတ်ချက်ချတဲ့အခါ ခေါင်းအေးအေး၊ အမှားကင်းကင်းနဲ့ ဆုံးဖြတ်ချက်ချနိုင်မယ်၊  ဒါက အမျိုးသမီးတွေမှာရှိတဲ့ မွေးရာပါ အရည်အချင်းတွေပါ၊ အမျိုးသားတွေက ပြသနာဖြေရှင်းရင် ဝုန်းဒိုင်းကြဲဖြေရှင်းတော့ မဖြစ်သင့်တာတွေလည်း ဖြစ်သွားတတ်တယ်။

ရခိုင်အခြေစိုက် အမျိုးသမီးအခွင့်အရေး လှုပ်ရှားနေတဲ့အဖွဲ့က တာဝန်ရှိသူတဦး

 အဓိကတော့ ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို သေသေချာ ရေးဆွဲပြဌာန်းပေးဖို့ လိုပါတယ်၊ အမျိုးသမီးတွေဟာ ဘယ်အဆင့်ထိ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိတယ်၊ အဲဒီနေရာတွေအတွက် အမျိုးသမီးတွေကို လမ်းဖွင့်ပေးထားတာ စတဲ့မူဝါဒတွေ ရေးဆွဲထားဖို့လိုပါမယ်။

အာရက္ခတပ်တော် တပ်ဖွဲ့ဝင် အမျိုးသမီးတဦး

ခေတ်အဆက်ဆက်မှာ အမျိုးသမီးခေါင်းဆောင်တွေကို မြင်ရခဲပါတယ်၊ ဒီမိုကရေစီခေတ် ဖြစ်ခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၂၀ ထိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အကြီးကဲထဲမှာ အမျိုးသမီးတွေ မတွေ့ခဲ့ရဘူး၊ အခု ခေတ်သစ်စနစ်သစ်တခုမှာ အမျိုးသမီးအကြီးအကဲတွေ မြင်ချင်ပါတယ်။

နီပေါနိုင်ငံမှာ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်ထိ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ထဲမှာ အတိုက်အခံ Rebel အဖွဲ့ထဲမှာ ၃၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ပြီး စစ်ပြီးတဲ့နောက်မှာ အမျိုးသမီးတွေကို နိုင်ငံရေး အသိုက်အဝန်းထဲ တိုက်ရိုက်ပါဝင်ခွင့်ပေးခဲ့သလို အမျိုးသမီးလွှတ်တော်အမတ်အချိုးဟာ ၃၀ ရာခိုင်နှုန်းထိ ပါဝင်ခွင့်ရခဲ့တယ်။

ဒီဥပမာက အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ စံနမူနာယူသင့်တဲ့ ဥပမာတခုဖြစ်တယ်။

Author: