မောင်တောနယ်စပ်မှာ ARSA က အမျိုးသမီးတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေ ပြုလုပ်နေ

သန့်ရှင်းထွန်း (မောင်တော)

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်မှာ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော်(ARSA)အဖွဲ့က အမျိုးသမီးတွေကိုပါ ဖမ်းဆီးသတ်ဖြတ် ဖမ်းဆီးမှုတွေ ရက်ဆက် ပြုလုပ်နေတဲ့အတွက် မလုံခြုံမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံ အမျိုးသမီးတွေဆီက စုံစမ်းသိရှိရ ပါတယ်။

မောင်တောနယ်စပ်မှာ ARSA အဖွဲ့က ခရီးသွားလာနေတဲ့ ပြည်သူတွေကို ခြုံခိုတိုက်ခိုက်တာ၊ သတ်ဖြတ်တာတွေ အရင်ကတည်းက ပြုလုပ်ခဲ့သလို၊ အခွင့်သာရင်သာသလို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ခဲ့ပြီး၊ မောင်တောမြို့သိမ်း တိုက်ပွဲတုန်းကလည်း စစ်ကောင်စီဘက်ကနေ ဝင်တိုက်ပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေက HI – Honest Information ကို ပြောပါတယ်။

မောင်တောမြို့နယ်ကင်းချောင်းကျေးရွာက အသက် ၂၇ နှစ်အရွယ် မခင်နှင်းထွေးက “နယ်စပ်လုံခြုံရေးက တရက်ထက်တရက် ပိုပြီးကြောက်စရာကောင်းလာတယ်၊ တနေရာနဲ့တနေရာ သွားဖို့တောင် မသွားရဲတော့ဘူး၊ အဓိက အမျိုးသမီးတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးက မလွယ်တော့ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက် နေ့လယ် ၂နာရီခန့်က မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာကနေ ဈေးဝယ်ပြီး ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာကိုပြန်လာတဲ့ ခရီးသည်ကားတစီးကို ကျောက်ပန္ဒူ-စေတီပြင် မေယုတောင်ကျော်လမ်း၊ မြိုယုကျေးရွာ အရှေ့ဘက်တံတားအနီးမှာ ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၃၀ နှင့် ၄၀ အရွယ် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့  AA က  သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးနေတဲ့ အမျိုးသမီး ၂ဦးရဲ့ ရုပ်အလောင်းအနီးမှာ အသက် ၃ နှစ်အရွယ် ကလေးငယ်ကို သူမိခင်အလောင်းဘေးမှာ အသက်ရှင်လျှက် တွေ့ရှိခဲ့ပြီး ယာဉ်မောင်းအပါအဝင် အမျိုးသား ၂ဦးမှာ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက် လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အောက်တိုဘာ ၂၂ ရက်က ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် မိခင်ဖြစ်သူသေဆုံးပြီး အသက်ရှင်ကျန်ရစ်ခဲ့သည့် ကလေးငယ်။  ( Photo credit – AA Info Desk )

အဲဒီဖြစ်စဉ်ဖြစ်ပွားပြီးရက်ပိုင်းအကြာ အောက်တိုဘာ ၂၄ ရက်မှာလည်း မောင်တောမြို့နယ်၊ ကင်းချောင်း ကျေးရွာမှ နွားကျောင်းနေတဲ့ အမျိုးသား ၅ဦးနှင့် အမျိုးသမီးတဦးကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခြုံခိုတိုက်ခိုက်ခံရတဲ့ အဲဒီ  ၆ဦးထဲက အမျိုးသမီးတဦးနဲ့ အမျိုးသား ၂ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ကျန်အမျိုးသား ၃ဦးဟာ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ကျေးရွာတာဝန်ရှိသူတွေက ပြောပါတယ်။

မောင်တောဒေသမှာ နေထိုင်ရပ်တည်ရေးအတွက် စိတ်ပိုင်း၊ ရုပ်ပိုင်း မလုံခြုံဖြစ်နေတာနဲ့ ပတ်သက်ပြီး မောင်တောမြို့က အသက် ၃၉ နှစ်အရွယ် မခင်နှင်းဆွေက “တတ်နိုင်ရင်တော့ ဘူးသီးတောင်၊ မောင်တောမှာ မနေချင်တော့ဘူး၊ လုံခြုံရေးက လုံးဝစိတ်မချရတဲ့ အနေအထား ဖြစ်နေပြီ၊ အဆင်ပြေရင် တခြားမြို့ကို ပြောင်းရွေ့နေထိုင်ပါတော့မယ်” လို့  ပြောပါတယ်။

ARSA/RSO အဖွဲ့ဝင်တွေက အရပ်သားတွေအပေါ် ကျူးလွန်မှုတွေနဲ့  ပတ်သက်လို့ တောတောင်ထဲ နဲ့ လူပြတ်တဲ့ နေရာတွေကို တဦးတည်း(သို့)လူအနည်းစုနဲ့ သွားလာကြတာကို အတတ်နိုင်ဆုံး မပြုလုပ် ကြဖို့၊  ကျန်းမာရေး ကိစ္စကြောင့် မဖြစ်မနေသွားလာရမယ့် အရေးကြီးကိစ္စတွေ ရှိရင် အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲဝင်တွေကို သတင်းပေးပို့ပြီးမှ သွားလာကြဖို့ သတိပေးထားပါတယ်။

Author: