တပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ
အောက်တိုဘာ ၁၈ ရက်ကနေ ၂၄ ရက်နေ့အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI က စုစည်းဖော်ပြလိုက်ပါတယ်။
ယခုတပတ်တာ အမျိုးသမီး ဖြစ်ရပ်တွေထဲမှာ HI က ဆွေးနွေးလိုတာကတော့ Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ ပစ္စည်းခိုးယူတယ်လို့ စွပ်စွဲရိုက်နှက်ခံရသူ သားအမိနဲ့ ရိုက်နှက်တဲ့ ဆိုင်ရှင် ၂ ဖက်လုံး ရဲစခန်းမှာ ထိန်းသိမ်းဆိုတဲ့ သတင်းတပုဒ်ပဲဖြစ်ပါတယ်။
လှိုင်သာယာမြို့နယ်က စတိုးဆိုင်တခုမှာ ပစ္စည်းခိုးယူတဲ့ ကလေးနဲ့အမျိုးသမီးကို ဆိုင်ရှင်က ရိုက်နှက်ပြီး လူမှုကွန်ယက်မှာ တင်ခဲ့တာကနေ ပြည်သူတွေအကြားမှာ အလွန်အမင်း စားဝတ်နေရေးကြပ်တည်းပြီး ဆင်းရဲမွဲတေမှု အခြအနေဆိုးရွားတာကိုထောက်ပြကြသလို၊ တဖက်မှာလည်းကလေးအကြောင်းပြပြီး လူတွေရဲ့ သနားကြင်နာမှုကို အသုံးချကာ ခိုးယူနေတာ၊ တောင်းရမ်းစားသောက်တာတွေကို တားဆီးဖို့လိုနေပြီလို့ ဆိုကြတဲ့ အငြင်းပွားဖွယ် လူမှုရေးပြသနာတခု ဖြစ်ခဲ့ပါတယ်။
နောက်သတင်းတခုကတော့ Narinjara သတင်းဌာနကဖော်ပြတဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေ နှစ်ချီကြာ ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့နေတယ်ဆိုတဲ့ သတင်းကလည်း ဒေသခံပြည်သူတွေ ကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေ တခုဖြစ်ပြီး မာန်အောင်မြို့လို စစ်ကောင်စီအုပ်ချုပ်နေတဲ့ ဒေသမှာတောင် ဆေးဝါးပြတ်လပ်တာ၊ မိခင်နဲ့မွေးစ ကလေးတွေ မဖြစ်မနေပြုလုပ်ရမယ့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုတွေ၊ ကာကွယ်ဆေး ထိုးနှံမှုတွေနဲ့ မွေးဖွားစဉ် အရေးပေါ် အခြေအနေတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ မရရှိတာက မိခင်နဲ့ကလေးတွေ အနာဂတ်ကို သင်းသတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ် လို့ HI ကသုံးသပ်ပါတယ်။
ဒီတပတ်အတွက် ထူးထူးခြားခြားအမျိုးသမီးဖြစ်ရပ်များအဖြစ် ပြည်တွင်းဖြစ်ရပ်များအပြင် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်နေကြရတဲ့ ရွှေ့ပြောင်းအလုပ်သမသတင်း ၂ပုဒ်အပါအဝင် အောက်ပါ သတင်း ၁၀ပုဒ်ကို ကောက်နှုတ်ဖော်ပြအပ်ပါတယ်။
- မိုးကုတ်မှာ ဘောလုံးကွင်း စစ်တပ်ဗုံးကြဲမှုကြောင့် မိန်းကလေးငယ် ၃ဦး သေဆုံး
- ပျောက်ဆုံးနေတဲ့ မလေးရှားက တက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင်နဲ့မိသားစုကို စစ်တပ်ဖမ်းထား
- နမ့်ဆန်မြို့နယ်ထဲ စစ်တပ် ဗုံးကြဲမှု အမျိုးသမီးအများစု အပါအဝင် ၆ ဦးသေဆုံး
- ဒေါ်မျိုးမျိုးအေးအပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူအချို့ ပြန်လွတ်
- ထိုင်းမှာ ရခိုင်အမျိုးသမီးငယ်တယောက် ဖယ်ရီကားပေါ်က ပြုတ်ကျသေဆုံး
- ပစ္စည်းခိုးယူသည်ဟု စွပ်စွဲရိုက်နှက်ခံရသူ သားအမိနဲ့ ရိုက်နှက်တဲ့ဆိုင်ရှင် ၂ ဖက်လုံး ရဲစခန်းတွင် ထိန်းသိမ်း
- မြစ်ငယ်မြို့ အထက်တန်းကျောင်းမှာ ကျောင်းသူ ၂ဦးနဲ့ ကျောင်းသားတဦး ဓားထိုးခံရ
- စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ သားအမိ ၂ဦးသေဆုံး
- မာန်အောင်မှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေ နှစ်ချီကြာ ကျန်းမာရေးစောင့်ရှောက်မှုကင်းမဲ့နေ
- မြန်မာအမျိုးသမီး ၁ ဦး စက်ညှပ်မိပြီး လက်ဖြတ်လိုက်ရသော်လည်း လျော်ကြေးမရ
မိုးကုတ်မှာ ဘောလုံးကွင်း စစ်တပ်ဗုံးကြဲမှုကြောင့် မိန်းကလေးငယ် ၃ဦး သေဆုံး
မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ဖူဆယ်ဘောလုံးကွင်းမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မိန်းကလေးငယ် ၃ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ မိုးကုတ်မြို့နယ်၊ ကန့်တောရပ်ကွက်ရှိ ကန်သုံးလုံး ဖူဆယ်ကွင်းကို စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၂လုံး လာရောက်ကြဲချခဲ့တာကြောင့် ကန့်တောရပ်ကွက်ရှိ အသက် ၆ နှစ်အရွယ် မခူသာ၊ အသက် ၁၀ နှစ်အရွယ် မချာရှီးနဲ့ အသက် ၁၂ နှစ်အရွယ် မမွန်သူတို့ သုံးဦး ထိမှန်သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ယခုလ အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ တအာင်းပြည်နယ်အတွင်းရှိ မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ဆန်၊ နမ္မတူ၊ မိုးမိတ်နဲ့ မိုးကုတ်မြို့နယ်တို့မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု ကြောင့် အရပ်သားထိခိုက်သေဆုံးမှု ပိုမိုမြင့်တက်လာပါတယ်။
Source- သံလွင်တိုင်းမ်
ပျောက်ဆုံးနေတဲ့ မလေးရှားက တက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင်နဲ့မိသားစုကို စစ်တပ်ဖမ်းထား
မလေးရှားနိုင်ငံမှာ မြန်မာဒုက္ခသည်အရေးအတွက် လိုက်ပါဆောင်ရွက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ဒေါ်သူဇာမောင် အပါအဝင် မိသားစုဝင် ၄ ဦးကို ပြည်တွင်းသို့ တရားမဝင် ပြန်ဝင်ရောက်ချိန် ဖမ်းဆီးခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
ဒေါ်သူဇာမောင်နဲ့ ခင်ပွန်းဖြစ်သူ ဦးစောသန်းတင်ဝင်းတို့ဟာ ၂၀၂၃ ခုနှစ်ကတည်းက ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး ၂ နှစ်ကျော်ကြာချိန်မှသာ စစ်တပ်က ဖမ်းဆီးထားတဲ့အကြောင်း ထုတ်ပြောလာတာပါ။ စစ်ကော်မရှင်က ဒေါ်သူဇာမောင်၊ သူ့ခင်ပွန်းနဲ့ သားသမီး ၃ ဦးတို့ကို ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးချက်အရ ကုလသမဂ္ဂနဲ့ NGO/ INGO အဖွဲ့အစည်းတွေဆီက အထောက်ပံ့တွေရရှိအောင် ဆောင်ရွက်ပြီး ရရှိတာတွေကို တရားမဝင်ရွှေ့ပြောင်း လုပ်သားတွေကို ထောက်ပံ့သလို လိမ်လည်တာ၊ တရားမဝင်ရောက်လာ သူတွေကို UNHCR ဒုက္ခသည်ကတ် ရအောင်လုပ်ပြီး ငွေကြေးတွေကို မိသားစုအကျိုးသုံးတာ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ လက်အောက်ခံတွေကို ငွေကြေးလှူဒါန်းရန်ပုံငွေရှာဖွေတာတွေလုပ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါ့အပြင် မြန်မာမွတ်စလင် ဒုက္ခသည်များကော်မတီ (MMRC) ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဒေါ်သူဇာမောင်ကို ၂၀၂၂ ခုနှစ်ထဲက မန္တလေးတိုင်း၊ မြစ်သားမြို့နယ် မြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်ပြီး တရားစွဲဆိုထားခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လကတည်းက မလေးရှားနိုင်ငံမှာနေထိုင်တဲ့ ဒေါ်သူဇာမောင် ခင်ပွန်း စောသန်းတင်ဝင်း၊ သမီး ပိုးခင်မောင်၊ သား အောင်မြင့်မောင်နဲ့ သုခမောင်တို့ ၅ ဦးဟာ ကွာလာလမ်ပူမြို့၊ အမ်ပန်ဂျာယာအရပ်က သူတို့ နေအိမ်မှာ အမည်မသိအမျိုးသားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ဆိုပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (HRW) က “မလေးရှားအစိုးရအနေနဲ့ ဒေါ်သူဇာမောင်နဲ့ မိသားစု ပြန်ပေးဆွဲခံရတဲ့ကိစ္စကို ပွင့်လင်းမြင်သာမှု ရှိရှိ စုံစမ်းဖော်ထုတ်ပေးဖို့” ဆိုပြီး တောင်းဆိုခဲ့ပါတယ်။
Source- BBC
နမ့်ဆန်မြို့နယ်ထဲ စစ်တပ်ဗုံးကြဲမှု အမျိုးသမီးအများစု အပါအဝင် ၆ ဦးသေဆုံး
တအာင်းတပ်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ရွာကို စစ်တပ်က အောက်တိုဘာ ၁၈ ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတာကြောင့် အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁ ဦး သေဆုံးပြီး နောက်ထပ် လူ ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ တအာင်းဒေသခံက ပြောပါတယ်။
ကျောက်မဲမြို့ကို စစ်တပ်က အောက်တိုဘာလဆန်းမှာ ပြန်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ကျောက်မဲမြို့နယ်ထဲက ၁၁ မိုင် အပါဝင် ကျေးရွာတချို့ကိုတော့ တအာင်းတပ်(TNLA) က ထိန်းချုပ်ထားတာဖြစ်ပြီးအောက်တိုဘာ ၁၇ ရက် ကလည်း နမ့်ဆန်မြို့နယ်၊ ဟိုမိန်းရွာကို လေကြောင်းဗုံးကြဲလို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တအာင်းတပ် (TNLA) ထိန်းချုပ်တဲ့ ဒေသတွေကို အောက်တိုဘာ ၁ ရက်ကနေ ၁၇ ရက်အတွင်း လေကြောင်း ဗုံးကြဲမှုပေါင်း ၂၇ ကြိမ်ရှိပြီး ကလေး ၇ ဦးအပါအဝင် လူ ၃၀ ကျော် သေဆုံးသလို နောက်ထပ် လူ ၄၀ ဒဏ်ရာ ရတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Source- BBC
ဒေါ်မျိုးမျိုးအေးအပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူအချို့ ပြန်လွတ်
စစ်ကော်မရှင် ဖမ်းဆီးထားတဲ့ အလုပ်သမားအရေး လှုပ်ရှားသူ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် ကိုသက်နှင်းအောင်နဲ့ မသက်ထားဆွေတို့ အောက်တိုဘာ ၂၀ရက် ညနေ ပိုင်း မှာပြန်လည် လွတ်မြောက်လာတယ်လို့ STUM အဖွဲ့မှ သိရပါတယ်။
အင်းစိန်အကျဉ်းထောင်ထဲတွင် စစ်ကော်မရှင် အမိန့်ဖြင့်ဆိုကာ လက်ရှိ စွဲဆိုထားတဲ့ အမှုများအားလုံး ရုပ်သိမ်းကြောင်း ဖတ်ပြပြီးနောက် နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး၊ ဒေါ်မျိုးမျိုးအေးနဲ့အတူ ဖမ်းဆီးခံထားရတဲ့ STUM အဖွဲ့ဝင် ၉ ဦးမှာ မလွတ်သေးဘဲ အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်က STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ၎င်း၏နေအိမ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ၂၅ ရက်ညက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ဇူလိုင်၂၆ ရက်မှ ၂၈ ရက်အတွင်း STUM မှအဖွဲ့ဝင် ၉ ဦးကို ထပ်မံ ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။
Source- The Irrawaddy
ထိုင်းမှာ ရခိုင်အမျိုးသမီးငယ်တယောက် ဖယ်ရီကားပေါ်က ပြုတ်ကျသေဆုံး
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သား ရခိုင်အမျိုးသမီးငယ်တဦး အကြိုအပို့ဖယ်ရီကားပေါ်ကနေပြုတ်ကျတဲ့အတွက် သေဆုံးသွားခဲ့တယ်လို့ နီးစပ်သူတွေနဲ့ မိသားစုဝင်တွေကနေ သိရပါတယ်။
သေဆုံးသွားသူဟာ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာက မအောင်သိန်း(၂၈)နှစ်ဖြစ်ပြီး ထိုင်းနိုင်ငံ၊ အန်ထောင်မြို့က စက်ရုံတခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ကာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်က စက်ရုံသို့ အကြိုအပို့ကားနဲ့သွားစဉ် ကားပေါ်က ပြုတ်ကျခဲ့တာလို့ သိရပါတယ်။
ပြုတ်ကျပြီးနောက် ဆေးရုံမှာ သတိမေ့နေခဲ့ရာကနေ အောက်တိုဘာလ ၂ဝ ရက်၊ မနက်ပိုင်းမှာ ကွယ်လွန် သွားခဲ့တာဖြစ်ပြီး သေဆုံးသွားသူရဲ့ရုပ်အလောင်းကို အောက်တိုဘာလ ၂၁ ရက်မှာ မီးသင်္ဂြိုလ်ခဲ့တယ်လို့လည်း သိရပါတယ်။
Source- Narinjara
ပစ္စည်းခိုးယူသည်ဟု စွပ်စွဲရိုက်နှက်ခံရသူ သားအမိနဲ့ ရိုက်နှက်တဲ့ ဆိုင်ရှင် ၂ ဖက်လုံး ရဲစခန်းတွင် ထိန်းသိမ်း
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ တွယ်တာသူ အထည်နဲ့စတိုးဆိုင် တခုမှာ ပစ္စည်းခိုးယူတယ်လို့ စွပ်စွဲကာ ရိုက်နှက်ခံရသူ အမျိုးသမီးတဦးနဲ့ ကလေးငယ် တဦး၊ ရိုက်နှက်သူ ဆိုင်ပိုင်ရှင် အမျိုးသမီးတို့ နှစ်ဖက်လုံးကို ရဲစခန်းမှာ ထိန်း သိမ်းထားတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၀ ရက် ညနေပိုင်းက Tik Tok ကနေ စတင်ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်မှာ “ကလေးချီထားတဲ့ အမျိုးသမီးကို ဆိုင်ရှင်လို့ ယူဆရတဲ့ အမျိုးသမီးက ဆိုင်အတွင်းမှာပင် သူခိုးလို့ပြောဆိုပြီး ရိုက်နှက်တာ၊ ကလေးဖြစ်သူကို တွန်းထုတ်တာ၊ နေပူထဲရှိ လမ်းဘေးဓာတ်တိုင်မှာ ကလေးနဲ့ ကလေးချီထားသူ အမျိုးသမီး ၂ဦးလုံးကို ကြိုးချည်ထားတာတွေ” ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်မှာ ပျံနှံ့ခဲ့ပြီးနောက် ကလေးချီထားတဲ့အမျိုးသမီးကို ရိုက်နှက်နေတဲ့ ဆိုင်ပိုင်ရှင်ကို လူမှုကွန်ရက် သုံးစွဲသူများက ဝေဖန်မှုများ ရှိခဲ့ပြီး၊ အမျိုးသမီးနဲ့ ကလေးငယ်ကို ရိုက်နှက်ခဲ့တဲ့ စတိုးဆိုင်ပိုင်ရှင်ကို အောက်တိုဘာ ၂၁ ရက်နံနက်ပိုင်းမှာ လှိုင်သာယာမြို့မရဲစခန်းက လာရောက်ခေါ်ဆောင်သွားခဲ့ ပါတယ်။
ပရဟိတအသင်းတွေနဲ့ အွန်လိုင်းနာမည်ကြီး ပုဂ္ဂိုလ်တချို့က တော့ ရိုက်နှက်ခံရတဲ့ သားအမိ ၂ဦးကို ငွေကြေး ကူညီဆောင်ရွက်မှုပေးရန် လုပ်ဆောင်နေကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ပေါ်မှာ ရင်ခွင်ပိုက် အရွယ်ကလေးငယ်တွေကို ချီဆောင်ကာ တောင်းရမ်းစားသောက်တာ၊ ကလေးငယ်တွေကို လမ်းဘေးမှာ ပိုက်ဆံတောင်းဖို့ စေခိုင်းတာတွေက အာဏာမသိမ်းခင်ကထက် ပိုမိုများပြားလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
Source- Mizzima
မြစ်ငယ်မြို့ အထက်တန်းကျောင်းမှာ ကျောင်းသူနှစ်ဦးနဲ့ ကျောင်းသား တဦး ဓားထိုးခံရ
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ အထက်တန်းကျောင်းမှာ အောက်တိုဘာ ၂၂ ရက် နေ့လယ်ပိုင်းက အရပ်သားတယောက်က Grade 11 ကျောင်းသား ကျောင်းသူ ၃ ယောက်ကို ဓားနဲ့ထိုးသွားလို့ ဆေးရုံတင်ထား ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အရပ်သားလူငယ်တယောက်က ညီမဖြစ်သူကို အအေးဘူးပေးမယ်ဆိုပြီး Grade 11 ဘီ ခန်းအတွင်း ဝင်ကာ ကျောင်းသူတယောက်ကို လည်ပင်းညှစ် ဓားနဲ့ထိုးပြီး ဝင်ဆွဲတဲ့ ကျောင်းသားတယောက်နဲ့ ကျောင်းသူ တယောက်ကိုပါ ဓားနဲ့ထိုးသွားတာဖြစ်ပါတယ်။
ဓားနဲ့ထိုးခံရသူတွေဟာ Grade 11 ဘီ ဝိဇ္ဇာတွဲအခန်းမှ မစုမြတ်နိုးဦး၊ မရွှေစင်ငြိမ်းနဲ့ မောင်ဝင်းထွန်းမျိုး တို့ဖြစ်ပြီး မန္တလေးဆေးရုံကြီးကို ဆေးကုသဖို့ ပို့ဆောင်ထားရသလို ဓားနဲ့ထိုးခဲ့တဲ့ ဝိုင်းဝိုင်းဆိုသူ လူငယ်ကို ရဲတွေက ဖမ်းမမိသေးဘူးလို့သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ဧရာဝတီနဲ့ မွန်န်ပြည်နယ်က စာသင်ကျောင်းတွေမှာ အုပ်စုဖွဲ့ အနိုင်ကျင့်မှုနဲ့ ရန်ဖြစ်တာတွေကြောင့် ကျောင်းသား ၂ ယောက် သေဆုံးကာ ၆ ယောက် ဒဏ်ရာရခဲ့တဲ့ဖြစ်စဥ်လည်း ရှိပါတယ်။
Source- DVB
စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ သားအမိ၂ဦး သေဆုံး
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ လေးကေ့ကော်၊ မင်းလက်ပံအနီးမှာ အောက်တိုဘာ ၂၂ ရက် မနက်က တိုက်ပွဲပြင်းထန် ဖြစ်ပွားပြီး စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျည်ထိမှန်လို့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီး တယောက်နဲ့ သူ့ရဲ့ သမီးဖြစ်သူ အသက် ၂ နှစ်အရွယ် မိန်းကလေးငယ် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းမှာ ဆုံးရှုံးထားတဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်ကောင်စီတပ်က ဝေဟင်နဲ့ မြေပြင်ပစ်ကူရယူကာ စစ်ကြောင်း ၅ကြောင်းနဲ့ ထိုးဖောက်ဝင်ရောက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ လက်ရှိမှာ စစ်ကောင်စီက လေးကေ့ကော်မြို့သစ်ကို ပြန်လည်သိမ်းပိုက် ထိန်းချုပ်ထား လိုက်သလို အနီးနားက ဖလူး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ပဟိကလော်၊ ထီးမယ်ဝါးခီး ကျေးရွာတွေဘက်ကို မနားတမ်း ထိုးစစ်ဆင်နေတာကြောင့် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
စစ်ကောင်စီတပ်က မြဝတီ-ဝေါလေ လမ်းပိုင်းကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာအပြင် လေကြောင်းရန်ကို စိုးရိမ်ပြီး လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ သောင်းရင်းမြစ် တဘက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
Source- DVB
မာန်အောင်မှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေ နှစ်ချီကြာ ကျန်းမာရေးစောင့်ရှောက်မှုကင်းမဲ့နေ
စစ်ကော်မရှင်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေသေးတဲ့ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေအပါအဝင် ဒေသခံပြည်သူတွေအနေနဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးကုသမှုတွေ မရရှိတာ နှစ်နဲ့ချီကြာမြင့်နေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မာန်အောင်မြို့နယ်မှာ တိုက်ပွဲများ တိုက်ရိုက်ဖြစ်ပွားခြင်းမရှိပေမယ့်လည်း စစ်ကော်မရှင်က ရေလမ်းက တစ်ဆင့် ကုန်စည်နဲ့ ဆေးဝါးတွေကို သယ်ယူခွင့်ကို ပိတ်ထားတာ ၂နှစ်နီးပါးကြာလာပြီ ဖြစ်တာကြောင့် မြို့နယ်အတွင်း ဆေးဝါးပြတ်လပ်မှုက အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေသလို မြို့ပေါ်က ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံ မှာတောင် မရှိမဖြစ်လိုအပ်တဲ့ ဆေးပစ္စည်းတွေ ပြတ်လပ်နေတာ ကြာမြင့်ပြီဖြစ်တယ်လို့ သိရပါတယ်။
မာန်အောင်ဆေးရုံမှာလည်း ပုံမှန်ပြုလုပ်ရမယ့် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုတွေ၊ ကာကွယ်ဆေး ထိုးနှံမှုများနဲ့ မွေးဖွားစဉ် အရေးပေါ် အခြေအနေတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ လုံးဝနီးပါး ရပ်တန့် နေတယ်လို့ ကျန်းမာရေး ဝန်ထမ်းတဦးက အတည်ပြုပြောကြားပါတယ်။
Source- Narinjara
မြန်မာအမျိုးသမီး ၁ ဦး စက်ညှပ်မိပြီး လက်ဖြတ်လိုက်ရသော်လည်း လျော်ကြေးမရ
ထိုင်းနိုင်ငံ၊ ခိုလမြို့ရှိ အိုင်ဖစ်ရေသန့်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား မဝင်းဝင်းအေးသည် လုပ်ငန်းခွင်တွင် စက်ညှပ်မိပြီး ညာဘက်လက် တံတောင်ဆစ်အပေါ်မှ ဖြတ်လိုက်ရသော်လည်း လျော်ကြေးမရသည့်အတွက် ကူညီမှုပေးနေကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှထုတ်ပြန်သည်။
မဝင်းဝင်းအေးသည်ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် လုပ်ငန်းခွင်အတွင်း ရေသန့်ကိုင်သည့် စက်လည်ပြီး ညာဘက်လက်နှင့်ဆံပင်များညှပ်ပါသွားခဲ့ရာမှ ခိုလမြို့ရှိ မဟာလဆေးရုံတွင် ဆေးကုသမှုခံနေပြီး ညဘက်လက် တံတောင်ဆစ်အပေါ်မှဖြတ်ခဲ့ရခြင်းဖြစ်သည်။
သူမသည် ထိုစက်ရုံတွင် အလုပ်နေသည်မှာ ၁ နှစ်ကျော်ရှိပြီ ဖြစ်ပြီး ညာဘက်လက်ဆုံးရှုံးသွားသည့်အတွက် နစ်နာကြေးရရှိရန် အောက်တိုဘာ ၂၁ ရက်နေ့တွင် WAG အဖွဲ့ထံ အကူညီတောင်းခဲ့ကြောင်း သိရသည်။
“လက်ရှိကတော့ သူကိုတော့ သူဌေးက ပကန်(လူမှုဖူလုံရေးအာမခံ)တင်ထားတယ်ပေါ့ အလုပ်သမားက ဒီလိုပဲသိတယ်။ ကျွန်တော်တို့ မနေ့ကတော့ ပကန်ရုံးကိုသွားတယ်။ ဒီ အလုပ်သမားတယောက် လက်ဖြတ်တယ်။ ဒါပဲပြီးသွားပြီ၊ စာရွက်စာတမ်း ဆက်လက်လုပ်ဆောင်မပေးဘူး။ ဒီအလုပ်သမားကို ပကန်ကြေးတော့ ဖြတ်တယ်။ ပကန်ကို သူကသွားမသွင်းတာ အဲ့လိုမျိုးပုံစံတွေလုပ်ထားတာပေါ့။ ကျွန်တော်တို့ကတော့ ဆေးရုံစာရွက်စာတမ်းတွေ အချက်အလက်တွေစုနေပြီ ၊ ပြီးမှ ပကန်စခွန်ရုံးကို သွားတင်မယ်။ အမှုကတော့ ရင်ဆိုင်ရဖို့ရှိတယ်” ဟု WAG အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။
နစ်နာခဲ့သူ အမျိုးသမီးကလည်း “အခုကတော့ အဆင်ပြေနေပြီပေါ့နော်၊ ကိုမုန်တိုင်းတို့အဖွဲ့က ကူညီပေး ထားတယ်ဆိုတော့ နေဖို့ရော စားဖို့ရောပေးထားတယ်ဆိုတော့ ညီမအတွက်ကတော့ အဆင်ပြေနေပါပြီ။ ကျန်တဲ့ ကိစ္စတွေကတော့ ဘာဖြစ်မယ်မသိသေးဘူး”ဟု Migrant Times ကိုပြောသည်။
မဝင်းဝင်းအေးနည်းတူ ထိုင်းနိုင်ငံရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမား ၄ ဦးသည် လုပ်ငန်းခွင့် ထိခိုက်မှုကြောင့် ခြေလက်အင်္ဂါ အချို့ဆုံးရှုံးခဲ့ပြီး ၎င်းတို့အား နစ်နာကြေးရရန် အကူအညီပေးနေကြောင်း WAG အဖွဲ့ကထုတ်ပြန်ထားသည်။
Source – Migrant Times










