တပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ

အောက်တိုဘာလ ၅ ရက်ကနေ ၁၁ ရက်အတွင်း တပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲကမှ ထူးခြားတဲ့အကြောင်း အရာတွေ ကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

ဒီတပတ် မြန်မာပြည်က အမျိုးသမီးဖြစ်ရပ်တွေအများကြီးထဲက စာဖတ်သူတွေ တုန်လှုပ်ခြောက်ခြားရတဲ့ သတင်းတပုဒ်က ရန်ကုန်မြို့လယ်ခေါင်က ဟိုတယ်တခုမှာ အသက် ၂၀ကျော်အရွယ်အမျိုးသမီးငယ်တဦးကို ဆယ်ကျော်သက်လူငယ်တဦးက အတွင်းကလီစာတွေထုတ်ယူပြီး၊ ခန္ဒာကိုယ်အစိတ်ပိုင်းတချို့ကို ဖြတ်တောက်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေရဲ့ လူနေမှုဘဝ မလုံခြုံမှုတွေကို နေ့စဉ်ဖြစ်ပွားနေတဲ့ မှုခင်းတွေ၊ ဖြစ်ရပ်တွေထဲ ဒီလို အမျိုးသမီးငယ်တခုကြုံလိုက်ရတဲ့ အဖြစ်ဆိုးအပြင် ဒီတပတ်အတွင်း စစ်မဖြစ်တဲ့ ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးကြတဲ့ သတင်းတွေက ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂက ဒီတပတ်အတွင်းထုတ်ပြန်ချက်အရ အမျိုးသမီး ၃ ပုံ ၁ ပုံက အလုပ်လက်မဲ့ ဖြစ်နေ တယ်လို့ သိရပါတယ်။ စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေ အကြောင်းမဲ့ သေဆုံးခြင်းတွေ၊ မတရာဖမ်းဆီးချုပ်နှောင်ခံရခြင်းတွေနဲ့ အရည်အသွေးမပြည့်မီတဲ့ လူနေမှုဘဝတွေကို အဆိုးဆုံး ရင်ဆိုင်နေရတာကို သတင်းတွေက သက်သေပြနေတာပဲ ဖြစ်ပါတယ်။

ရန်ကုန် Beauty Land ဟိုတယ်လူသတ်မှု ရဲထုတ်ပြန်ချက် သံသယများစွာ ရှိနေ

အမျိုးသမီးတဦးအား ခန္ဓာကိုယ်အစိတ်ပိုင်းများကို အပိုင်းပိုင်းဖြတ်တောက်၍ ရက်ရက်စက်စက် သတ်ဖြတ် ခဲ့သော ရန်ကုန်မြို့လယ်ခေါင် Beauty Land ဟိုတယ် လူသတ်မှု ကျူးလွန်သူသည် ဂိမ်းစွဲနေသည့် ၁၈ နှစ်အရွယ် လူငယ်ဖြစ်ပြီး စိတ္တဇဆန်ဆန်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက် အပေါ် သံသယများစွာရှိနေကြောင်း ပြည်သူများနှင့် ရဲအရာရှိဟောင်းတချို့ ဝေဖန်ကြသည်။

အောက်တိုဘာ ၆ ရက်တွင် ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်ရှိ 32nd Beauty Land Hotel အခန်းအမှတ် (၅၀၂) ပြတင်းပေါက် အပြင်ဘက် Air Con Outdoor နှစ်ခုကြား အမှိုက်အိတ်အတွင်း အလောင်း တွေ့ကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ အမှိုက်အိတ်အတွင်း၌ ဝမ်းတွင်း ကလီစာများနှင့် ဝဲဘက်ပေါင်အသားများ လှီးဖြတ်ထုတ်ယူထားခြင်းခံထားရသည့် အမျိုးသမီးတဦးအလောင်း တွေ့ရှိရသဖြင့် ပန်းပဲတန်းမြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း ဆိုထားသည်။

ထို့နောက် စုံစမ်းဖော်ထုတ်ခဲ့ရာ သေဆုံးသူမှာ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်နေ မစုမြတ်ဝင်း (၂၃ နှစ်) ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများမှာ သာကေတမြို့နယ်နေ အောင်ခန့်ကျော်ဇင် (၁၈ နှစ်) နှင့် ၎င်း၏ ရည်းစားဖြစ်သူ ဗဟန်းမြို့နယ်နေ အေမွန်အောင် (၁၈ နှစ်) တို့ဖြစ်ကြောင်း၊ အောက်တိုဘာ ၇ ရက်တွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အောင် ခန့်ကျော်ဇင်၏ နေအိမ်မှ ပြစ်မှုကျူးလွန်စဉ် ၎င်းဝတ်ဆင်အသုံးပြုခဲ့သည့် အဝတ်အစားများ၊ စတီးဓား၂ ချောင်း၊ သေဆုံးသူ ကိုင်ဆောင်သော လက်ကိုင်ဖုန်းတလုံး အပါအဝင် လက်ကိုင်ဖုန်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့သည်ဟု ဆိုသည်။

ပြစ်မှုကျူးလွန်သူ အောင်ခန့်ကျော်ဇင်၏ ထွက်ဆိုချက်အရ ၎င်းသည် ဂိမ်းအလွန်အကျွံကစားခြင်း၊ လူသတ်အလောင်းဖျောက်သည့် နိုင်ငံခြားဇာတ်လမ်းတွဲများ အလွန်အကျွံ ကြည့်ရှုလေ့ရှိကြောင်း၊ အောက်တိုဘာ ၅ ရက်တွင် LEADER အမည်ရှိ တယ်လီဂရမ်ချန်နယ်မှတဆင့် မစုမြတ်ဝင်းအား ပျော်ပါးရန် အခကြေးငွေဖြင့် ခေါ်ယူခဲ့ကာ 32nd Beauty Land Hotel အခန်းအမှတ် ၅၀၂ ၌ ပျော်ပါးနေစဉ် မစုမြတ်ဝင်းအား အသင့်ဆောင်ထားသော စတီးဓား ၂ ချောင်းဖြင့် ရက်စက်စွာ သတ်ဖြတ်ပြီး ဝမ်းတွင်းကလီစာများနှင့် ဝဲဘက်ပေါင်အသားများ လှီးဖြတ်ထုတ်ယူကာ စွန့်ပစ်ခဲ့ကြောင်း၊ ထို့နောက် ၎င်း၏ ရည်းစားဖြစ်သူ အေမွန်အောင်အား အဆိုပါ ဟိုတယ်သို့ ခေါ်ဆောင်ကာ အခန်းအတွင်းရှိ သွေးများ သန့်ရှင်းရေး ပြုလုပ်ခြင်း၊ မစုမြတ်ဝင်း၏အလောင်း ဖျောက်ဖျက်ခဲ့ကြောင်း ဖော်ထုတ်ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထိုဖြစ်စဉ်တွင် စစ်ကော်မရှင် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အသတ်ခံရသူ အမျိုးသမီးအား ပြည့်တန်ဆာအဖြစ် ဖော်ပြထားသလို ကျူးလွန်သူအမျိုးသားကိုလည်း စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းနေသူအဖြစ် ဖော်ပြထားခြင်းသည် ပြစ်မှုကို ကွင်းလုံးကျွတ်ဖြစ်စေရန် ပုံဖော် ထုတ်ပြန်ထားခြင်းဖြစ်နိုင်ကြောင်း နှစ် ၃၀ ခန့် ရဲလုပ်သက်ရှိခဲ့သည့် ရဲအရာရှိဟောင်းက ပြောသည်။

၎င်းက “အမှု စစွဲထားကတည်းက ပုဒ်က ၃၀၂ တခုပဲ ထည့်ထားတယ်။ အမှန်က ဖြစ်တဲ့ အမှုသေးတွေကနေစပြီး ထည့်ရမှာ။ ဟိုတယ်ကို ခေါ်လာတဲ့ သွေးဆောင်ဖြားယောင်းမှု၊ ကြိုတင်ကြံစည်မှု၊ မုဒိမ်းကျင့်မှု၊ လူသတ် မှု၊ အလောင်းဖျောက်ဖျက်မှု အဓိက ဒါတွေ အားလုံးပါရမယ်။ အခုက သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တာကို သူတို့လိုချင်တဲ့ ပုံစံ အမှုတည် ဆောက်ထားပြီး ပြစ်ဒဏ် လုံးဝမကျအောင် တည်ဆောက်ထားသလိုမျိုးဖြစ်နေတယ်” ဟု ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး စိတ်ပိုင်းဆိုင်ရာ သုတေသနပြုနေသူတဦးကလည်း ပြစ်မှုကျူးလွန်သူသည် အမှန်တကယ် စိတ်ပိုင်းဆိုင်ရာ အားနည်းနေသူဖြစ်ပါက သတ်ဖြတ်မှုအပြီး အလောင်းဖျောက်ဖျက်မှုများကို စနစ်တကျ လုပ်ဆောင်သွားခြင်း မရှိနိုင်ကြောင်း ပြောသည်။

Source – The Irrawaddy

အခြေခံစစ်သင်တန်းဆင်းပွဲမှာ လက်ဖြောင့်ဆုအပါ စွမ်းဆောင်ရည်ဆု ၄ ဆုကို အမျိုးသမီးသင်တန်းသားတွေရရှိ

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းအခြေစိုက်လှုပ်ရှားနေတဲ့ ချင်းကာကွယ်ရေးတပ် – အရှို(CDF – Asho)ရဲ့ အခြေခံ စစ်ပညာသင်တန်းအပတ်စဉ် ၇ သင်တန်းဆင်းပွဲမှာ လက်ဖြောင့်ဆုအပါအဝင် စွမ်းဆောင်ရည်ဆု ၄ ဆုကို အမျိုးသမီးသင်တန်းသူ တပ်ဖွဲ့ဝင်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၈ ရက် မနက် ၈ နာရီ ကနေ ၁၁ နာရီခွဲအထိ စစ်ရေးပြအခမ်းအနားနဲ့ပြုလုပ် ခဲ့တာဖြစ်ပြီး သင်တန်းဆင်း ဆုပေးပွဲမှာ စစ်ရေးပြအကောင်းဆုံးဆု၊ လက်ဖြောင့်ဆု၊ ဆေးမနားဆု၊ ဇွဲအကောင်း ဆုံး ဆု ၄ ခုကို အမျိုးသမီးတပ်ဖွဲ့ဝင် ၄ ဦးနဲ့ အောင်စစ်သည်ဆုနဲ့ ကြံ့ခိုင်မှုအကောင်းဆုံးဆုတွေကိုတော့ အမျိုးသား သင်တန်းသား ၁ ဦး တို့က အသီးသီးရရှိခဲ့တာ ဖြစ်ပါတယ်။

အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၇ ကို ဇူလိုင်လ ၇ ရက်ကနေ စက်တင်ဘာ ၂၈ ရက်အထိ ၂ လခွဲကြာ သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းသားတွေထဲမှာ အမျိုးသမီးတပ်ဖွဲ့ဝင် ၁၁ဦးအထိ ပါဝင်တယ်လို့ သိရပါတယ်။

Source – မြေလတ်အသံ

မြန်မာနိုင်ငံတွင်း လူငယ် ၄ ပုံ ၁ ပုံ အလုပ်လက်မဲ့ဖြစ်နေ၊ အမျိုးသမီးတွေ ပိုရင်ဆိုင်ရ

မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေရဲ့ ၄ ပုံ ၁ ပုံက အလုပ်လက်မဲ့ဖြစ်နေပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အလုပ် အကိုင်ဈေးကွက်မှာ ဖယ်ကြဉ်ခံထားရကာ အမျိုးသမီး ၃ ပုံ ၁ ပုံက အလုပ်လက်မဲ့ဖြစ်နေတယ်လို့ ကုလ သမဂ္ဂအစီရင်ခံစာ အရ သိရပါတယ်။

အမျိုးသမီးတွေရဲ့ အလုပ်လက်မဲ့နှုန်းက အမျိုးသားတွေထက် ၂ ဆကျော် ပိုများနေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)ရဲ့ “အနာဂတ်ရပ်တန့်ခံမျိုးဆက်သစ် – အစီရင်ခံစာ ၂)” မြန်မာ့လူငယ်များ၏ နဲ့ ပညာရေး အခြေအနေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ လူငယ်အုပ်စုထဲ ပါဝင်သူဦးရေဟာ လူဦးရေရဲ့ ၃၃ ရာခိုင်နှုန်းရှိပြီး ခန့်မှန်းခြေ သန်း ၂၀ နီးပါးရှိ နေတာကြောင့် အသက် ၁၅ ကနေ ၃၅ အတွင်း လူငယ် ၅ သန်းနီးပါးဟာ အလုပ်လက်မဲ့ဖြစ်နေတာပါ။

ဒီထဲမှာမှ လူငယ်အမျိုးသမီးတွေရဲ့ အလုပ်အကိုင်ရရှိမှုနှုန်းတွေ ဝင်ငွေရရှိမှုနှုန်းတွေက အမျိုးသားတွေနဲ့နှိုင်းယှဉ် ရင် လျော့ကျနေတာကိုတွေ့ရှိရကြောင်း အစီရင်ခံစာအရ သိရပါတယ်၊

ပျမ်းမျှအားဖြင့် အမျိုးသမီးတွေရဲ့ ဝင်ငွေက အမျိုးသားတွေထက် ၂၂ ရာခိုင်နှုန်းလောက် လျော့နည်းနေတာကို လည်း သိရပါတယ်။

အစီရင်ခံစာထဲမှာတော့ အလုပ်လက်မဲ့လူငယ်အမျိုးသမီး သုံးပုံ ၂ ပုံနီးပါးက မိသားစုစောင့်ရှောက်ရေး အိမ်တွင်း တာဝန်တွေကို ယူထားရပြီး ပညာဆက်လက်သင်ကြားနိုင်မှုနှုန်းကလည်း ၂၅ ရာခိုင်နှုန်းသာရှိတယ်လို့ ဆိုပါတယ်။

အထက်တန်းပညာ ပြီးဆုံးထားသူ အမျိုးသမီး ၄၀ ရာခိုင်နှုန်းက အလုပ်မရှိနေသလို အတန်းပညာနည်းပါးသူ‌ အမျိုးသမီး ၂၇ ရာခိုင်နှုန်းမှာလည်း အလုပ်မရှိနေကြောင်း သိရပါတယ်။

NEET လို့ ခေါ်တဲ့ Not in Employment, Education, or training အလုပ်လုပ်ကိုင်ခြင်း၊ ပညာသင်ကြားခြင်းနဲ့ သင်တန်း တခုခု တက်ရောက်နေခြင်းတွေမှာ ရှိမနေခြင်းဆိုတဲ့ အခြေအနေက မြန်မာနိုင်ငံတွင်းက လူငယ် ၁၇ ရာခိုင်နှုန်းမှာ ဖြစ်ပေါ် နေပြီး အမျိုးသမီးတွေက အမျိုးသားတွေထက် ၃ ဆ ကျော်ပိုများနေတယ်လို့ UNDP က ဖော်ပြထား ပါတယ်။

Source – DVB

မြန်မာနိုင်ငံအတွက် အောင်မြင်မှုသယ်ဆောင်ပေးမည်ဟု ဘရော်နီကာ သန္နိဋ္ဌာန်ပြု

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ONE MMA နောက်ဆုံးပြိုင်ပွဲမှာ အောင်လအန်ဆန် အနိုင် ရကာ နှုတ်ဆက်ပွဲအပြီး ONE Championship ရဲ့နောက်မျိုးဆက်ဖြစ်သူ ဘရော်နီကာက မြန်မာနိုင်ငံအတွက် အောင်မြင်မှုကို သယ်ဆောင်သွားမယ်လို့ သန္နိဋ္ဌာန်ပြုခဲ့ပါတယ်။

ဘရော်နီကာက ONE Championship မှာ သူရဲ့စံပြပုဂ္ဂိုလ် အောင်လအန်ဆန် အမွေအနှစ်ကို ဆက်သယ်ဆောင်ကာ ကမ္ဘာ့စင်မြင့်ထက် မြန်မာနိုင်ငံအား မျက်နှာစာသစ် ရေးထိုးပေးမယ်လို့ ဆိုပါတယ်။

အသက် ၂၉ နှစ်အရွယ် ဘရော်နီကာသည် လာမယ့်လ ONE Fight Night 37 မှာ လက်ဝှေ့အကျော်အမော် Anissa Meksen နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။

Source – ဧရာဝတီ

မိခင်လွတ်မြောက်ရေးအတွက် သားဖြစ်သူ ကင်မ် နိုင်ငံတကာကို ဆက်တိုက်တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ဖြစ်သူ ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းက အကျဉ်းချခံထားရတဲ့ မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် ကူ‌ညီပေးဖို့ တရုတ်အစိုးရ၊ အီတလီလွှတ်တော်နဲ့ နိုင်ငံတကာကို ဆက်တိုက်တောင်း ဆိုနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီ ၁ ရက်ကစလို့ စစ်တပ်က ဖမ်းဆီးထားတာ လက်ရှိ အချိန်ထိဆို ၁,၇၁၁ ရက် (၅ နှစ်နီးပါး) ရှိနေပါပြီ။

သားငယ်ဖြစ်သူ ကင်မ်အဲရစ်က ပြီးခဲ့တဲ့ ရက်ပိုင်းက အီတလီအမျိုးသားလွှတ်တော်ကို ရောက်တဲ့အခါ လွှတ်တော် ဥက္ကဋ္ဌ အီညာဇီယိုလာရုစ်ဆာက လွှတ်တော်တက်‌ရောက်နေတဲ့ အီတလီက လက်ဝဲ၊ လက်ယာ၊ နိုင်ငံရေးအဖွဲ့တွေနဲ့ မိတ်ဆက် ပေးခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားရေး အထူးကော်မတီဥက္ကဋ္ဌ ဖာဒီနန်ဒို ကာစီနီနဲ့တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ ပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ တရားမျှတမှု ရရှိရေးတွေကို ပံ့ပိုးကူညီတာတွေအတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောခဲ့တယ်လို့ သိရပါတယ်။

ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းဟာ မိခင်လွတ်မြောက်‌ရေးအတွက် တရုတ်အစိုးရဆီ စကားပါးတာကိုလည်း အောက်တိုဘာ ၅ ရက်မှာ ရေးသားထားပါတယ်။

Source – BBC

အလုပ်လုပ်ဖို့လာတဲ့ ရခိုင်ဒေသခံ အမျိုးသမီးတွေအပါအဝင် ၅၀ ကျော် ပန်းတောင်းမှာ ဖမ်းဆီးခံရ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာ ရန်ကုန်မြို့ကိုသွားမယ့် ရခိုင်ဒေသခံ ၅၀ ကျော်ကို အောက်တိုဘာ ၆ ရက်မှာ စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အပိုင် ရခိုင်ရိုးမပေါ်မှာတည်ရှိတဲ့ ဒိုးနွယ်စမ်းရွာက ၁၂ ဦး၊ ရေပေါ်ကြီးရွာက ၉ ဦး၊ ရပ်တော်မူရွာက ၆ ဦး၊ စလူရွာက ၄ ဦး၊ ပိန်းနှဲစန်းရွာ ၃ ဦးတို့ အပါအဝင် စုစုပေါင်း ၅၀ ဦးဟာ တောလမ်းကနေ ခြေလျင်လာကြချိန် ပန်းတောင်းမြို့ နယ်အတွင်း စစ်ဆေးရေးဂိတ်တခုမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

လက်ရှိ ဖမ်းဆီးခံထားရသူတွေထဲက ချင်းလူမျိုး ၃၄ ဦးမှာ အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်တွေ ပါဝင်ပြီး ၎င်းတို့ရဲ့ ကိုယ်ရေးအချက်အလက်အသေးစိတ်တို့ကို မသိရှိရသေးပေမယ့် သူတို့ကို ဥသျှစ်ပင်မြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားကာ နောက်ထပ် ၁၆ ဦးကတော့ ကပစ – ၆ တပ်မှာ ဖမ်းထားတယ်လို့ သိရပါတယ်။

Source – မြေလတ်အသံ

ဗုံးကြဲခံရလို့ သေဆုံးသွားတဲ့အမျိုးသမီးနှစ်ဦးနဲ့ ဒဏ်ရာရသူတွေကို ငွေကျပ် ၂၀၃ သိန်း AA ကူညီထောက်ပံ့

ချင်းပြည်နယ်၊ ပလက်ဝမြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးသူနဲ့ ဒဏ်ရာရတဲ့လူနာတွေကို ULA/AA ရဲ့ ပလက်ဝခရိုင် ပါတီကော်မတီက ဦးဆောင်ပြီး ငွေကျပ် ၂၀၃ သိန်းကို ကူညီထောက်ပံ့ပေးခဲ့ကြောင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပလက်ဝမြို့နယ်က We Love Paletwah Page မှာ သတင်း ဖော်ပြထားပါတယ်။

ပလက်ဝမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီက အကြောင်းမဲ့လာရောက် ဗုံးကျဲချခဲ့တဲ့အတွက် အပြစ်မဲ့ အရပ်သားအမျိုးသမီး ၂ ယောက် သေဆုံးပြီး ကလေးငယ်အပါအဝင် ၂၃ ယောက် ဒဏ်ရာရှိသွားခဲ့ ပါတယ်။

သေဆုံးသွားသူ နှစ်‌ယောက်အတွက် တယောက်ကို ငွေကျပ် ၁၅ သိန်းကျစီ ထောက်ပံ့ပြီး ဒီထဲက ဒဏ်ရာပြင်းထန်သူကို ငွေကျပ် ၁၀ သိန်းစီနဲ့ အခြားဒဏ်ရာရ လူနာတွေအတွက် ကျပ်ငွေ ၇ သိန်းစီကို ထောက်ပံ့ပေးခဲ့ကြတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source – Chin World

အလုပ်ဖြုတ်ခံရတဲ့ မြန်မာအမျိုးသမီးတွေအပါအဝင် လုပ်သား ၃၂၀ ဦး နစ်နာကြေးရရှိ

ထိုင်းနိုင်ငံ၊ ချာချင်ဆောင်ခရိုင်ထဲက စက်ရုံတခုကနေ ကြိုတင်အကြောင်းကြားခံရတာမရှိဘဲ အလုပ်ဖြုတ်ခံခဲ့ရတဲ့ မြန်မာ လုပ်သား ၃၂၀ ဦးဟာ နစ်နာကြေး ထိုင်းဘတ် ငွေ ၃ သန်းကျော် ရရှိသွားတယ်လို့ M.H.A.C မဟာမိတ် အဖွဲ့က ကိုရဲမင်း က ပြောပါတယ်။

ဒီအလုပ်သမားတွေဟာ လုပ်သက် ၄ လ မပြည့်ခင် အလုပ်ထုတ်ခံခဲ့ကြရတာဖြစ်ပါတယ်။ ထိုင်းဥပဒေအရ လုပ် သက် ၄ လနဲ့ နစ်နာကြေးမရနိုင်ပေမဲ့ အလုပ်သမားအခွင့်အရေးအရ ဆောင်ရွက်ပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။

နစ်နာကြေးမှာ လုပ်သက် ၃ လ ကျော် အလုပ်သမားများအတွက် ထိုင်းဘတ် ၁၀,၈၀၀ ၊ လုပ်သက် ၃ လ မကျော် သူများ အတွက် ထိုင်းဘတ် ၉,၀၀၀ သတ်မှတ်လျော်ကြေးပေးခဲ့တာဖြစ်ပြီး စုစုပေါင်း နစ်နာကြေး ဘတ်ငွေ ၃သန်း ၄ သောင်း ၅ထောင် ၆ ရာအပြည့်အဝ ကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ M.H.A.C မဟာမိတ်အဖွဲ့က ထုတ်ပြန်ပါတယ်။

Source – BBC

ကျောင်းပြန်လာတဲ့ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဓားဒဏ်ရာနဲ့ သေဆုံးနေ

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်မှာ တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ ရပ်ကွက် ၈ မှာရှိတဲ့ အလယ်တန်းကျောင်းကနေ ပြန်လာတဲ့ ကလေးငယ်တစ်ဦး လူသွားလူလာ ပြတ်တဲ့ ခြုံပုတ်ထဲ သတ် ဖြတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

သတ်ဖြတ်ခံရသူဟာ ကွတ်ခိုင်မြို့ ရပ်ကွက် ၈ မှာ နေထိုင်တဲ့ ၁ တန်းကျောင်းသူ အသက် ၈ နှစ်အရွယ် မရွှေဇင်ငြိမ်း ဆိုသူ ဖြစ်ပါတယ်။

မရွှေဇင်ငြိမ်း သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး သူမရဲ့ ဖခင်ဖြစ်သူ ကိုဘိုပြုံးအပါအဝင် ကလေးသေဆုံးတဲ့ အနီးဝန်းကျင်မှာ ရှိနေတဲ့ မသန်စွမ်း အမျိုးသားတစ်ဦးနဲ့ နောက်ထပ် အမျိုးသား ၂ ဦးကို ကိုးကန့်တပ်မတော်- MNDAA က ဒီအမှုမှာ သံသယရှိသူအဖြစ် ဖမ်းဆီးထားပါတယ်။

Source – ရွှေဖီမြေ

မင်းတပ်မှာ စစ်တပ်က ဗုံးကြဲလို့ ကျောင်းသူ ၄ ဦးသေဆုံး၊ ၂၀ ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ၊ ဝမ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ အောက်တိုဘာ ၈ ရက်ည ၇ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ထင်ချောင်းကျေးရွာက ကျောင်းသူ ၄ ဦး သေဆုံးပြီး၂၀ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

စစ်တပ်က ထင်းချောင်းကျေးရွာမှ RC ခရစ်ယာန်ဘုရားကျောင်းဝန်းထဲရှိ ဘော်ဒါဆောင်မှာ ကလေးတွေ စာကျက်နေတဲ့ အချိန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ များခဲ့တာ ဖြစ်ပါတယ်။

မင်းတပ်မြို့ကို စစ်တပ်က ယခုနှစ်အတွင်းလေကြောင်းကနေ မကြာခဏအကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေပြီး ပြည်သူများထိခိုက်သေဆုံးမှုရှိကာ အရပ်သားအဆောက်အဦ အမြောက်အများလည်း ထိခိုက်ပျက်စီး ခဲ့ရပါတယ်။

Source – Chin World

ချောင်းဦး မီးထွန်းပွဲ ဗုံးကြဲခံရလို့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ၂၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် သီတင်းကျွတ်လပြည့်ညဦးပိုင်းက မီးထွန်းသပိတ် ပြုလုပ်နေကြစဉ် အင်ဂျင် တပ်လေထီး (ပါရာမိုတာ)နဲ့ လာရောက်ဗုံးကြဲရာ ၂၄ ဦး ထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅၀ ဝန်းကျင် ရှိကြောင်း သိရပါတယ်။

မုံရွာနဲ့ ချောင်းဦးမြို့နယ်နယ်စပ် အမြင့်လမ်းပိုင်းတနေရာမှာ ပြုလုပ်နေတဲ့ မီးထွန်းသပိတ်ကို အောက်တိုဘာ ၆ ရက် ည ၇ နာရီခွဲဝန်းကျင်လောက်မှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ပါရာမို တာက ဗုံးသီးနှစ်လုံး ကြဲချတာဖြစ်ပါတယ်။

ဒေသခံများပေးပို့လာတဲ့ ဓါတ်ပုံတွေမှာ အမျိုးသမီးငယ်တချို့မှာ ခန္ဓာကိုယ်တွေမှာ ပြတ်တောက်နေကာ ရုတ်တရက် ဘယ်သူဘယ်ဝါလို့ ခွဲခြားဖို့ခက်ခဲနေပါတယ်။

Source – Myanmar Now

မန္တလေးမှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ စစ်ရှောင်အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီး ကျောင်းဝင်းအတွင်း စစ်ရှောင်နေတဲ့အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဗုံးထိမှန်တာကြောင့် အသက် ၄၅ နှစ်အရွယ် ဒေါ်ကြင်မှာ နေရာမှာတင်သေဆုံးပြီး စစ်ဘေးရှောင် ကလေးငယ်တွေ သံဃာ တွေအပါအဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ ထိခိုက်သေဆုံးသူတွေကိုတော့ နီးစပ်ရာဆေးရုံ ဆေးခန်းတွေကို ပို့ဆောင်ထားပါတယ်။

ထိခိုက်သေဆုံးသူတွေက မကျီးကုန်းရွာခံတွေဖြစ်ပြီး တိုက်ပွဲအခြေအနေကြောင့် ကျေးရွာအတွင်းက နေအိမ်တွေ မှာ မနေရဲဘဲ ဘုန်းကြီးကျောင်းထဲမှာ လာစုနေကြတာဖြစ်ပါတယ်။

Source – DVB

စစ်အုပ်စု ဗုံးကြဲမှုကြောင့် အမျိုးသမီးနဲ့ကလေးငယ်တွေအပါအဝင် ဒေသခံ ၄ဦးထိခိုက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်ကျေးရွာအုပ်စု သဲချောင်းကြီး ကျေးရွာမှာ အောက်တိုဘာ ၅ ရက်က စစ်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အသက် ၁၀ နှစ်မိန်းကလေးတဦး၊ အမျိုးသမီးကြီး ၂ဦး၊ အမျိုးသား တဦး စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားပါတယ်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ညနေ ၅ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲလာတာဖြစ်ပါတယ်။ ဗုံးဒဏ်ကြောင့် ကလေး ငယ်ရဲ့တင်ပါးနဲ့ ပေါင်ရင်းနေရာတွေ၊ အသက် ၅၀ အရွယ်အမျိုးသမီးရဲ့ကျောဘက်နဲ့ အမျိုးသားမှာ ဦးခေါင်းနေရာတို့ ကျည်စထိမှန်ဒဏ်ရာများ ရရှိခဲ့ပါတယ်။

အသက် ၉၁ နှစ်အရွယ် အမျိုးသမီးကြီးမှာလည်း ခြေထောက်တစ်ချောင်းလုံး ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ သရက်ချောင်းမြို့နယ်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ နယ်မြေသတ်မှတ်ချက်အရ တပ်မဟာ(၄)၊ မြိတ်-ထားဝယ်ခရိုင်မှာ တည်ရှိပါတယ်။

Source – ကေအိုင်စီ

မိုင်းလုံမှာ စစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၅ ဦးအပါအဝင် ၁၀ ဦးသေဆုံး

ရှမ်းပြည်မြောက်ပိုင်း ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် မိုင်းလုံ မြို့နယ်အတွင်းရှိ မန်ဟုန်းကျေးရွာကို အောက်တိုဘာ ၇ ရက် နေ့လယ် ၁၂ နာရီခွဲ၌ စစ်တပ်မှ လေကြောင်း ဖြင့် ပေါင် ၂၅၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်မှုကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါ အရပ်သား ၁၀ ဦးသေဆုံး ပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူများမှာ အသက်၂ နှစ်အရွယ် မောင်အိုက်ဦး၊ ဦးအိုက်ဆန်ကြာ (၃၇ နှစ်)၊ ဦးစံပွင့် (၃၅ နှစ်)၊ ဦးစိုင်း အောင်ဆာ (၂၉ နှစ်)၊ ဦးအိုက်ထက် (၂၇ နှစ်)၊ ဒေါ်အုန်းခင် (၄၅ နှစ်)၊ မလှစိန် (၂၅ နှစ်)၊ ဒေါ်အေးမေ (၃၉ နှစ်)၊ ဒေါ်ခင်ပ (၂၉ နှစ်)၊ မအေးတိတ် (၂၂ နှစ်) တို့ဖြစ်ပြီး အိမ် ၆ လုံးလည်း ထိမှန်ပျက်စီးခဲ့ကြောင်း ဆိုပါတယ်။

Source – ဧရာဝတီ

ရခိုင်အမျိုးသမီး ၃၂ ရာခိုင်နှုန်းမှာ အလုပ်အကိုင်၊ ပညာရေး၊ သင်တန်းတွေက ဖယ်ကျဉ်ခံထားရတယ်လို့ UNDP စစ်တမ်းမှာဖော်ပြ

ရခိုင်ပြည်က အမျိုးသမီး ၃၂ ရာခိုင်နှုန်းဟာ အလုပ်အကိုင်၊ ပညာရေး သို့မဟုတ် သင်တန်းတွေကနေ ဖယ်ကျဉ်ခံထားရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီစဉ် (UNDP) က စစ်တမ်းတရပ် ထုတ်ပြန်လိုက်ပါတယ်။

NEET (Not in Employment, Education or Training) အမည်ရှိတဲ့ အစီရင်ခံစာကို အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကရင်နီ (ကယား) ပြည်က အမျိုးသမီး (၄၂) ရာခိုင်နှုန်းဟာလည်း အလားတူ ဖယ်ကျဉ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေဟာ မိသားစုတာဝန်တွေ၊ စစ်ပွဲကြောင့် နေရပ်စွန့်ခွါရမှုတွေ၊ လုံခြုံရေးအန္တရာယ်တွေက အလုပ်အကိုင်၊ ပညာရေးကဏ္ဍက ဖယ်ကျဉ်ခံနေရမှု (NEET) ဖြစ်နိုင်ခြေကို တိုးစေတယ်လို့လည်း စစ်တမ်းက ဆိုထားပါတယ်။

အလုပ်အကိုင်နဲ့ ပညာရေးကဏ္ဍက ဖယ်ကျဉ်ခံနေရတာဟာ လူငယ်တွေအတွက် ဝင်ငွေ၊ ကျွမ်းကျင်မှုနဲ့ လူမှုအဆင့်အတန်း မြင့်မားနိုင်တဲ့အခွင့်အလမ်းတွေကို ဆုံးရှုံးစေတယ်လို့လည်း ရေးသားထားပါတယ်။

ရခိုင်ပြည်၊ မောင်တောမြို့က အသက် ၂၃ နှစ်အရွယ် မစုစုက “တိုက်ပွဲတွေဖြစ်တော့ လခစားတွေအကုန် အလုပ်လက်မဲ့ဖြစ်ခဲ့တယ်၊ ကြုံရာကျပန်းအလုပ်လုပ်ရင်း စားဝတ်နေရေးကို အဓိကဖြေရှင်းနေရတယ်၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းဆိုတာ ဘာမှမရှိဘူး၊ မျှော်လင့်ချက်မဲ့နေတယ်”လို့ ပြောပါတယ်။

မောင်တောနယ်စပ် အပါအဝင် အာရက္ခတပ်တော်က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ စစ်မဖြစ်ခင်က ဌာနဆိုင်ရာတွေမှာ လုပ်ခဲ့တဲ့အမျိုးသမီးတွေဟာ လက်ရှိမှာ ကုန်ရောင်းကုန်ဝယ်လုပ်တာ၊ ဈေးဆိုင်ငယ်တွေ၊ ကွမ်းယာဆိုင်တွေ ဖွင့်လှစ်ရောင်းချတာ၊ တအိမ်ဝင်တအိမ်ထွက် အဝတ်အထည် လိုက်ရောင်းတာတွေ လုပ်နေကြရတာကို တွေ့ရပါတယ်။

ဘွဲ့ရထားတဲ့ အသက် ၂၄ နှစ်အရွယ် မခင်နှင်းအေးက “ဘွဲ့ရရင် သက်မွေးပညာသင်တန်းတခုခု ဆက်တက်မယ်လို့ ရည်မှန်းထားခဲ့တယ်၊ ရည်မှန်းချက်တွေက တိုက်ပွဲနဲ့ ပဋိပက္ခတွေထဲမှာ ပျောက်ကွယ် သွားတယ်၊ ရခိုင်ကနေတခြားကို ထွက်ပြီးပညာရှာဖို့ကလည်း ကန့်သတ်ထားတော့ ဒီလိုပဲ အိပ်လိုက်၊ စားလိုက် နေနေရတယ်”လို့ ပြောပါတယ်။

အရင်တုန်းက ပညာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မခိုင်သက်မွန်ကတော့ အလုပ်လက်မဲ့ ဖြစ်သွားခြင်းက အမျိုးသမီး‌တွေကို အိမ်မှုကိစ္စအလုပ်ပြန်လုပ်ဖို့ တွန်းပို့လိုက်တာနဲ့ တူနေတယ်လို့ ပြောပါတယ်။

အခုလို အခြေနေတွေကို သေချာမကိုင်တွယ်နိုင်ရင် မြန်မာနိုင်ငံဟာ ရေရှည်ဆင်းရဲနွမ်းပါးမှု၊ ဖယ်ကျဉ်ခံရမှုနဲ့ လူသား အရင်းအမြစ်တွေ အလဟဿဖြစ်မှု စတဲ့အန္တရာယ်တွေကို ရင်ဆိုင်လာရနိုင်တယ်လို့ UNDP က သတိပေးထားပါတယ်။

Source -HI-Honest Information

Author: