အသုံးချခံလိင်မှုအသားပေးလုပ်ဟန်နှင့် အတွေးအခေါ်တော်လှန်ရေး
ထနောင်းမေ
အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကို လိင်ပိုင်းဆိုင်ရာအသားပေး ဖော်ပြမှုတွေပြုလုပ်ကာ ကုန်ပစ္စည်းတွေ ကြော်ငြာတဲ့ အဖြစ်အပျက်တွေ ၁၉ ရာစုနှောင်းပိုင်းလောက်ကစပြီး ရှိခဲ့ပါတယ်။
ခေတ်အဆက်ဆက်မှာကတည်းက အမျိုးသမီးတွေနဲ့သက်ဆိုင်မှုနည်းတဲ့ အရက်၊ ဆေးလိပ်၊ ကား၊ အားကစား အသုံးအဆောင် စတဲ့ကုန်ပစ္စည်းတွေမှာ အမျိုးသမီးရဲ့ခန္ဓာကိုယ်ကို အသားပေးဖော်ပြထားပြီး ရိုက် ကူးထားတဲ့ ကြော်ငြာအမြောက်အမြားရှိခဲ့တာ တွေ့နိုင်ပါတယ်။
လက်ရှိတိုးတက်လာတဲ့ ဒစ်ဂျစ်တယ်မီဒီယာခေတ်မှာလည်း အရက်၊ ဆေးလိပ်၊ မော်တော်ကားကစလို့ ဘောလုံးပွဲလောင်းကစား၊ ဂိမ်းကြော်ငြာ စတာတွေမှာလည်း အမျိုးသမီးခန္ဓာကိုယ်ကို လိင်ပိုင်းဆိုင်ရာ အသားပေးဖော်ပြပြီး ကြော်ငြာတာမျိုးတွေ ရှိနေဆဲဖြစ်ပါတယ်။
ဒီလို လိင်ပိုင်းဆိုင်ရာအကြောင်းအရာ ဒါမှမဟုတ် ရုပ်ပုံတွေကို အသုံးပြုပြီး ကုန်ပစ္စည်းတွေ ထုတ်ကုန် တွေကို သုံးစွဲအောင် ကြော်ငြာခြင်းကို “sex sells” လို့ခေါ်ဆိုပါတယ်။
အမျိုးသမီးခန္ဓာကိုယ် ကောက်ကြောင်းတွေကို အမျိုးသားတွေ အများဆုံးအသုံးပြုတဲ့ ထုတ်ကုန်တွေ၊ ကုန် ပစ္စည်းတွေမှာ ထည့်သွင်းကြော်ငြာတဲ့ ရည်ရွယ်ချက်တွေကတော့ အမျိုးသားတွေကို အလွယ်တကူအာရုံ စိုက်မိစေတဲ့ လိင်အသားပေး အမျိုးသမီးခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အသုံးပြုပြီး ရောင်းအားမြှင့်တင် တာ၊ “ဒီထုတ်ကုန်တွေကို အသုံးပြုမယ်ဆိုရင် အမျိုးသမီးတွေရဲ့ သဘောကျနှစ်သက်မှုကိုရမယ်၊ အမျိုးသမီးတွေကို ညို့ယူဖမ်းစားနိုင်မယ်”ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အသုံးပြုကြတာဖြစ်ပါတယ်။
ကုန်ပစ္စည်းတွေမှာ အမျိုးသမီးခန္ဓာကိုယ်ကောက်ကြောင်းကို အသုံးပြုပြီး ကြော်ငြာတာဟာ အစဉ်အလာ တခုလို ဖြစ်သွားပြီး နောက်ပိုင်းမှာလည်း ခေတ်အဆက်ဆက် ထပ်ခါထပ်ခါအသုံးပြုနေကြပါတယ်။
ဒီလိုအသုံးပြုတာဟာ အမျိုးသမီးတွေကို လူသားအဖြစ်အနေနဲ့မဟုတ်တော့ဘဲ ဈေးကွက်ကို ဆွဲဆောင်ဖို့ ကုန်ပစ္စည်းတခုသဖွယ် အသုံးပြုတဲ့ သဘောသက်ရောက်နေပါတယ်။ ကြော်ငြာတွေထဲမှာ အမျိုးသမီး တွေကို လိင်မှုအသားပေး ခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့ အမြဲဖော်ပြနေတဲ့အတွက် အသုံးချခံပစ္စည်း သဖွယ် သတ်မှတ်ခံနေရတာဖြစ်ပါတယ်။
ဒီလိုအသုံးပြုမှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာမှာလည်း ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။
၁၉၆၈ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ Miss America Protest (1968) ဟာလည်း ထင်ရှားပါတယ်။
အမျိုးသမီးတွေကို “ကုန်ပစ္စည်း”တစ်ခုလို အသုံးချတာ၊ အမျိုးသမီးတစ်ယောက်ရဲ့ဖြစ်တည်မှုကို ခန္ဓာကိုယ်နဲ့လိင်ပိုင်းဆိုင်ရာအတွက်ပဲလို့ မြင်စေတာ၊ အမျိုးသမီးတွေကို အလှအပစံနှုန်းတွေထဲမှာ ပိတ်မိစေတာ စတာတွေကို ဆန့်ကျင်တဲ့ဖြစ်ရပ်ဟာ အမျိုးသမီးအရေးလှုပ်ရှားမှုမှာ သမိုင်းတွင်ခဲ့တဲ့ ဆန္ဒပြ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။
ဒါတွေအပြင် UK Advertising Standards Authority ဆိုတဲ့ ကြော်ငြာတွေကို စောင့်ကြည့်ထိန်းချုပ်တဲ့ အဖွဲ့အစည်းကတော့ ဂျဲန်ဒါပုံသေကားချပ်ကို ဖော်ပြနေတဲ့ ကုန်ပစ္စည်းကြော်ငြာတွေ၊ လိင်ပိုင်းဆိုင်ရာ အသားပေးဖော်ပြတဲ့ ကြော်ငြာတွေကို တားမြစ်ထားပါတယ်။
အမေရိကန်နိုင်ငံမှာတော့ အမျိုးသမီးခန္ဓာကိုယ်ကို ကုန်ပစ္စည်းတခုလိုအသုံးချပြီး ကြော်ငြာတဲ့ ထုတ်ကုန် တွေကို အသုံးမပြုဖို့ Not buying it Campaign တွေလည်း ရှိပါတယ်။
ဒီလို ကြော်ငြာတွေရိုက်ကူးတဲ့ အမှတ်တံဆိပ်တွေကို boycott လုပ်ဖို့ ဖိအားပေးခဲ့ကြတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ ပါတယ်။
မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေရဲ့လိင်ပိုင်းဆိုင်ရာကိုအသုံးချပြီးကြော်ငြာတဲ့ တချို့ကြော်ငြာတွေကို ဝိုင်းဝန်းကန့်ကွက်ခဲ့ကြတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ်။
ကုန်ပစ္စည်းထုတ်လုပ်သူတွေအနေနဲ့ကတော့ ကောင်းတဲ့မှတ်ချက်ဖြစ်စေ၊ ဆိုးဝါးတဲ့မှတ်ချက်ဖြစ်စေ လူသိများဖို့အဓိကဆိုတဲ့ အကြောင်းပြချက်ကြောင့် တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အမျိုးသမီးခန္ဓာကိုယ်ကို လိင် ပိုင်းဆိုင်ရာဖော်ပြပြီး ရောင်းချမှုတွေလည်းရှိပါတယ်။
ဒါ့အပြင် လက်ရှိလူမှုကွန်ရက်ကတဆင့်ရောင်းချနေတဲ့ အမျိုးသမီးဝတ်အဝတ်အထည်တွေ ကုန်ပစ္စည်း တွေကို ကြော်ငြာတဲ့အခါမှာလည်း “ဒီအင်္ကျီလေးဝတ်ရင် ကိုကိုတွေ ကြွေသွားမယ်” “ကိုကိုချည်ပေး မောင်ချည်ပေးဂါဝန်” ၊ “ကိုကိုအရည်ပျော်သွားစေမယ့် ဝမ်းဆက်လေးများ” ၊ “လူတိုင်းအားကျတဲ့ ကောက်ကြောင်းလေးပေါ်ချင်ရင် ဒါလေးယူနော်မမတို့” ၊ “ရည်းစားနှစ်ယောက်ရချင် ဒါလေးယူ” “မချစ် ဘူးဆိုတဲ့ လူကြီးရှေ့ ဒါလေးဝတ်သွားကြည့်” ၊ “ဒါလေးသုံးရင် မောင်ကပြန်လွှတ်တော့မှာ မဟုတ်ဘူး” စသဖြင့် ဒီလိုအင်္ကျီတွေကိုဝတ်ရင်၊ ဒီကုန်ပစ္စည်းတွေကိုသုံးရင် အမျိုးသားတွေ သဘောကျမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြောဆိုရောင်းချကြတာတွေကလည်း ခေတ်စားလာပါတယ်။
အမျိုးသမီးတွေကိုယ်တိုင်က အတွင်းခံဝတ်ထားတဲ့ ခန္ဓာကိုယ်အပေါ်မှာ ကိုယ်ရောင်းချတဲ့အင်္ကျီတွေ ဝတ် ပြတာမျိုး၊ ခန္ဓာကိုယ်ကို လိင်အသားပေးဆွဲဆောင်ပြီး အင်္ကျီတွေကို ဝတ်ပြကာ ရောင်းချတာမျိုးတွေ လည်း ခေတ်စားလာပါတယ်။
ကုန်ပစ္စည်းတွေကို လူကြိုက်များအောင်၊ ရောင်းကောင်းအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို လိင်ပိုင်းဆိုင်ရာ အသုံးချနေတာဟာ အမျိုးသမီးကို လူသားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ “ထုတ်ကုန်အရာဝတ္ထုပစ္စည်း” အဖြစ် သတ်မှတ်လိုက်တာလို့ ဆိုနိုင်ပါတယ်။
ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ဖြစ်စေ ဒီလိုအသုံးချနေခြင်းဟာ ဖိုဝါဒကိုအားပေးတဲ့လက္ခဏာတွေလို့ သတ်မှတ်နိုင်ပါတယ်။
ဒီလိုအသုံးပြုခြင်းက ကျားမတန်းတူ မညီမျှမှုတွေကို ပိုမိုအားပေးစေပါတယ်။ ခွဲခြားဆက်ဆံမှုတွေ ပိုမိုဖြစ် ပေါ်စေပါတယ်။ အကျိုးဆက်အနေဖြင့် အမျိုးသမီးတွေကို လိင်ဆွဲဆောင်မှုအတွက် အသုံးပြုတဲ့နေရာ တွေမှာပဲ အရေးပါတယ်လို့ ဆိုလိုတာဖြစ်လို့ အခြားခေါင်းဆောင်မှုနေရာတွေ၊ နိုင်ငံရေးဦးဆောင်မှုတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ရှုမြင်ခံရနိုင်ပါတယ်။ အမျိုးသမီးတွေကို “ဒီလိုခန္ဓာကိုယ်ပုံစံမရှိရင် မလှဘူး” ဆိုတဲ့ အမျိုးသားတွေသတ်မှတ်တဲ့ အလှအပစံနှုန်းတွေရဲ့ ဖိအားတွေဖြစ်စေတာကတဆင့် အမျိုးသမီးတွေ ကိုယ့် ကိုကိုယ် ယုံကြည်မှုနည်းစေပြီး စိတ်ကျန်းမာရေးပြသနာတွေ ဖြစ်စေတဲ့အထိ ဆိုးကျိုးတွေဖြစ်နိုင်ပါ တယ်။
ဒါဟာ စျေးကွက်စီးပွားရေးနဲ့ အရင်းရှင်စနစ်ကြောင့်ဖြစ်လာတဲ့ အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေအဖြစ် ကောက်ချက်ချလို့ရပါတယ်။
လတ်တလော လူမှုကွန်ရက်မှာ ပြန့်နှံ့သွားတဲ့ တော်လှန်ရေးထုတ်ကုန်တခုကို အမျိုးသမီးခန္ဓာကိုယ်နဲ့ လိင်ဆွဲဆောင်မှုပြုဖော်ပြပြီး ရိုက်ကူးထားတဲ့ကြော်ငြာအပေါ် ဝေဖန်မှုတွေ၊ ငြင်းခုန်မှုတွေ အများကြီး ထွက်ပေါ်နေတာကို တွေ့ရှိရပါတယ်။
စစ်အာဏာရှင်စနစ်နဲ့အတူ လူ့အဖွဲ့အစည်းကို ထိခိုက်နစ်နာစေတဲ့ ခေတ်ဟောင်းအတွေးအမြင်တွေကိုပါ တပါတည်းတော်လှန်နေတဲ့ လက်ရှိကာလမှာ ဂျဲန်ဒါပုံသေသတ်မှတ်ချက်တွေကို ပိုမိုခိုင်မာစေပြီး၊ အမျိုး သမီးတွေကို ခွဲခြားမှုဖြစ်စေတဲ့ ဒီလိုလုပ်ရပ်တွေဟာ အတွေးအခေါ်တော်လှန်ရေးကို အမှန်တကယ် ထိခိုက်စေပါတယ်။
လူထုရဲ့သန့်စင်မြင့်မြတ်တဲ့ တော်လှန်သွေးတွေ၊ ဘဝတွေ၊ ပေးဆပ်တည်ဆောက်ထားတဲ့ နွေဦးတော် လှန်ရေးဟာ တော်လှန်သူအချင်းချင်းကြားနဲ့ လက်နက်ကိုင်သူတွေက သာမန်အရပ်သူတွေအပေါ် ကျူး လွန်ကြတဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေ၊ ဖိုဝါဒကိုအားပေးတဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကြောင့် ပိုမိုညစ်ထေးစွန်း ပေလာမှာ စိုးရိမ်စရာကောင်းလှပါတယ်။
တော်လှန်ရေးကို အရင်လုပ်၊ ကျန်တာတွေ နောက်မှပြောဆိုတဲ့ စဉ်းစားမှုတွေကနေတဆင့် အမျိုးသမီး တွေကို တဆင့်နိမ့်တဲ့ အပြုအမူတွေ၊ အမျိုးသမီးတွေကို လူသားအဖြစ်ကနေ လျော့ကျပြီး “ကုန်ပစ္စည်း” တခုလို တွေးမြင်စေတဲ့ အပြုအမူတွေ၊ လုပ်ရပ်တွေအထိ ဒီနေ့တော်လှန်ရေးက လက်ဆင့်ကမ်းခွင့်မပြု သင့်တော့ပါဘူး။
အမျိုးသမီးတွေကို “ကုန်ပစ္စည်း” တခုလိုမြင်စေတဲ့ အပြုအမူတွေ၊ လုပ်ရပ်တွေကနေ လူသားချင်းစာနာမှု၊ လူနည်းစုအခွင့်အရေး စတာတွေအထိ မထိပါးနိုင်ဘူးဆိုတာကို ဘယ်သူကများ အာမခံပေးနိုင်မှာပါလဲ။
ဒီအပြုအမူတွေကို မတွန်းလှန်ဘဲ ဆက်လက်ပြီး မသိချင်ယောင်ဆောင်နေမယ်ဆိုရင် ဖိုဝါဒကြီးစိုးတဲ့ အာ ဏာရှင်စနစ်ကို အားပေးတဲ့ ရလာဒ်တွေသာ ထပ်မံပေါ်ထွက်လာမှာ သေချာနေပါတယ်။
စစ်အာဏာရှင်တော်လှန်ရေးနဲ့အတူ အတွေးအခေါ်တော်လှန်ရေးကိုပါ တပြိုင်တည်းဆင်နွှဲကြမယ်လို့ ကြွေးကြော်ပြီး တာထွက်ခဲ့တဲ့ တော်လှန်ရေးကြီးဟာ လမ်းခုလတ်မှာ တွေ့ကြုံနေရတဲ့ ပြီတည်ပြီး အနံ့ဆိုး ထွက်နေတဲ့ မကျက်နိုင်တဲ့အနာတွေနဲ့ တဝဲလည်လည်ဖြစ်နေတာမျိုးထက် သတိရှိရှိ ဖြတ်တောက် ဆေးကုလိုက်ရမယ့် အခြေအနေ ရောက်နေပါတယ်။
ဒါကြောင့် တော်လှန်ရေးကို အရင်လုပ်သလို အမျိုးသမီးအခွင့်အရေး၊ လူနည်းစုအခွင့်အရေးတွေနဲ့ ခေတ် အဆက်ဆက် ဖယ်ကြဉ်ခြင်းခံထားရတဲ့ အင်အားစုများအရေးတွေကို ကျွဲကူးရေပါတပြိုင်တည်းလုပ်ကြဖို့ စဉ်ဆက်မပြတ် ယှဉ်တွဲထောက်ပြတောင်းဆိုနေကြရမှာဖြစ်တယ်ဆိုတာ တင်ပြလိုက်ရပါတယ်။






