အနာဂတ်မဲ့ဘဝတွေနဲ့ လွယ်လွယ်ရတဲ့ မူးယစ်ဆေး
ဒေဝီ
လင်းတလှည့် မှိတ်တခါ ရောင်စုံမီးရောင်အောက်မှာ မြူးမြူးကြွကြွ DJ တီးလုံးသံနဲ့အတူ အရွယ်စုံ ယောကျာ်း လေး၊ မိန်းကလေးတွေ စည်းချက်အလိုက် ပျော်ရွှင်စွာ စီးမျောရင်း ကခုန်နေကြတယ်။
တချို့က ပွေ့ဖက်ရင်း အုပ်စုလိုက် လွတ်လပ်စွာ ကခုန်နေကြသလို၊ အချို့ကတော့ စာပွဲဝိုင်းမှာ ထိုင်ရင်း Happy Water လို့ခေါ်တဲ့ အရောင်စုံ ကော့တေးတွေကို သောက်နေကြဆဲ။
“ ဒီကိုလာတာ ပျော်ချင်လို့လာတာ item မပါရင် အရှိန်မရဘူး “လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် မာကတ်တင်းဝန်ထမ်း ကိုထက်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ ဉပဒေစိုးမိုးမှု အားနည်းလာတာကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါးမျိုးစုံကလည်း နေရာအနှံ့ ကျယ်ကျယ့်ပြန့်ပြန့် ဖြစ်လာသလို လူမှုစီးပွားအကြပ်အတည်းတွေ ကြောင့် လူငယ်တွေမှာလည်း အနာဂတ်ပျောက်ပြီး မျှော်လင့်ချက်ပျက်သုန်းတာ၊ အလုပ်အကိုင်နဲ့ ပညာရေးအခွင့် အလမ်းတွေ ဆုံးရှုံးရတဲ့နောက်ဆက်တွဲအနေနဲ့ မူးယစ်ဆေးဝါးကို အလွယ်တကူလက်လှမ်းလာကြတယ်။
ညမထွက်ရအမိန့်တွေ၊ အစစ်အဆေး အဖမ်းအဆီးတွေရှိပေမယ့်လည်း KTV နဲ့ Night Club တွေက လူငယ် တွေကြား ပျော်ပါးရာနေရာတွေ ဖြစ်လာသလို အထူးသဖြင့် Item လို့ခေါ်ကြတဲ့ K(ကက်တမင်း) Happy Water, E (အက်တစီ) စတာတွေက လူငယ်တွေကြား အလွယ်ပျံ့နှံ့နေပြီး ဆေးသုံးပြီး အုပ်စုဖွဲ့လိင်ဆက်ဆံတာ၊ One Night Stand ဆိုပြီး နေထိုင်ကြတာ၊ မိန်းကလေးငယ်တွေလည်း အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာအပြင် လူသေဆုံးတဲ့ဖြစ်စဉ်တွေပါ ရှိလာခဲ့တယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်က ရှမ်းပြည်နယ်၊ကွန်ဟိန်းမြို့နယ် ကာလိမြို့မှာ အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသမီး တဦး KTV မှာ Happy Water ကို အလွန်အကျွံ သောက်သုံးခဲ့တာကြောင့် သေဆုံးခဲ့ရသလို၊ ဇွန်လတုန်းကလည်း ရှမ်းပြည်နယ်၊ မိုင်းပန်မြို့မှာ ၁၆ နှစ်အရွယ် မိန်းကလေးငယ်က KTV တခုမှာ သူငယ်ချင်းတွေနဲ့အတူ Happy Water သောက်ပြီး ဆေးလွန်သေဆုံးခဲ့ပါတယ်။
Bar, club တွေနဲ့ KTV အမည်ခံ Hi ခန်းတွေက ကတ်တမင်း၊ Happy Water, E အက်တစီ၊ WY , ဆေးခြောက်တို့လို မူးယစ်ဆေး သုံးစွဲပျော်ပါးရာနေရာဖြစ်လာပြီး ဆယ်ကျော်သက်လူငယ်တွေပါ တွေ့ရတဲ့အထိ အခြေအနေဆိုးဆိုး ရွားရွားဖြစ်လာတယ်လို့ ဆိုတယ်။
Happy Water ဆိုတာ အက်တစီ၊ မက်သာဖက်တမင်း၊ ဒိုင်ယာဇီပင်နဲ့ ကက်တမင်းတို့လို မူးယစ်ဆေးဝါးတွေ ရောစပ်ထားတဲ့ စိတ်ကြွဆေးတမျိုးဖြစ်ပြီး ရေ၊ အရက်၊ အချိုရည်တို့နဲ့ ရောစပ်သောက်သုံးကြတဲ့အခါ စိတ်ကို တက်ကြွစေပြီး ညလုံးပေါက် မမောမပန်းဘဲ ကခုန်ပျော်ပါးနိုင်တဲ့အတွက် နိုက်ကလပ်၊ ဘား၊ KTV တွေနဲ့ EDM ပွဲတွေမှာ ခေတ်စားနေတာ နှစ်အနည်းငယ်ရှိပါပြီ။
အလုံပိတ်ခန်းလို့ခေါ်တဲ့ Hi ခန်းတွေက နယ်စပ်မြို့တွေမှာ အများအပြားရှိခဲ့ရာကနေ စစ်အာဏာသိမ်းပြီးနောက် ပိုင်း ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာပါ ပေါများတွင်ကျယ်လာပါတယ်။ Hi ခန်းဆိုတာ High စကားလုံးကနေ အတိုကောက်ယူထားတဲ့ ခေတ်သုံးဘန်းစကားဖြစ်ပြီး သီးသန့် KTV ခန်းတွေမှာ DJ တွေနဲ့ကခုန်ပျော်ပါးရာနေရာ လည်းဖြစ်ပါတယ်။
Hi ခန်းကိုလာသူ အများစုက ငွေကြေးတတ်နိုင်သူတွေလည်း ပါဝင်သလို အချို့တွေမှာလည်း အဖော်အနေနဲ့ လိုက်ပါပြီး သုံးစွဲကြတာ၊ အချို့မိန်းကလေးတွေမှာလည်း Hi Girls အဖြစ် လုပ်ကြတာတွေလည်း ရှိလာတယ်လို့ ဆို ကြတယ်။
“လွယ်တာမှ အတော်ကို လွယ်တယ်၊ ခုက Hi ခန်းတွေဖြစ်လာပြီး ဒါမျိုးဆေးဝါးတွေကို အတူတူစုပြီး သုံးနေကြ သလို ဖြစ်နေတယ်။ တချို့တွေဆို နှစ်ရက်သုံးရက်လောက်ထိ Hi ခန်းထဲက မထွက်ပဲနေတာတွေလည်း ရှိတယ်” လို့ ကိုထက်က ပြောပါတယ်။
အများအားဖြင့် ကတ်တမင်းလို အမှု့န့်တွေကို ရှူကြသလို၊ အများစုကတော့ Happy Water လို drugs cocktail ကို သုံးကြတာတွေက ဒီဘက်နှစ်မှာ တော်တော်များလာတယ်လို့ သူကဆက်ပြောတယ်။
မူးယစ်ဆေးနဲ့ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီးရရှိမှုတွေ မီးရှို့ဖျက်စီးမှုတွေ အမြဲဖော်ပြနေပေမယ့် စိတ်ကြွ ဆေးဝါးမျိုးစုံကတော့ စျေးသက်သက်သာသာ လွယ်လွယ်ကူကူနဲ့ ဝယ်ယူလို့ ရနေတုန်းပဲလို့ ဆိုကြပါတယ်။
“WY တပြားမှာ တထောင်ကျော်ပဲရှိတာ၊ Happy Water ဆိုလည်း ကော့တေးလ်ပဲ ဘာမှမဖြစ်ဘူးဆိုပြီး မိန်းက လေးတွေလည်း သောက်နေကြတာပဲ” လို့ သူကပြောတယ်။
ဒါ့အပြင် Happy Water က အရက်၊ အချိုရည်ထဲထည့်လည်း အရောင်အနံ့ မရှိတဲ့အတွက် သောက်သုံးပြီးနောက် စိတ်လွင့်မျောတဲ့၊ စိတ်တက်ကြွတဲ့အခြေအနေရှိတဲ့အတွက် အမျိုးသမီးတွေအနေနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံ ရမှု မြင့်မားတာကို သတိပြုသင့်တယ်လို့ ဆိုပါတယ်။
စိတ်ကြွဆေးလို မူးယစ်ဆေးတွေ လူငယ်တွေကြားမှာ ပေါပေါများများ အလွယ်ရနေတာကလည်း ဉပဒေလျော့ရဲ ပြီး ထိန်းချုပ်မှုတွေ အားနည်းတာက အဓိကကျသလို၊ လူငယ်တွေ ပျော်စရာရှာဖွေဖို့အတွက် နေရာရှားပါးလာ တာကြောင့်လည်း ပါဝင်တယ်လို့ သူက ပြောတယ်။
“ပျော်ဖို့ရွှင်ဖို့အတွက် သူများနိုင်ငံတွေလို့ Theme Park တွေ၊ ရုပ်ရှင်အကြီးစားတွေ၊ ခေတ်မီစျေးဝယ်စင်တာတွေ၊ အားကစားကွင်းတွေလိုပါတယ်။ ကျွန်တော်တို့ဆို ပိတ်ရက်ပျော်စရာက ဘောလုံးကန်တယ်။ ပြီးရင် ဘီယာဆိုင် ထိုင်တယ်၊ ဒီလောက်ပဲ လုပ်လို့ရတယ်” လို့ ကိုထက်ကပြောပါတယ်။
ဒီအတွက်လည်း KTV အမည်ခံ Hi ခန်းတွေနဲ့ ဘားတွေကလပ်တွေက ပျော်စရာရှာလိုသူတွေအတွက် နေရာဖြစ် လာပြီး မူးယစ်ဆေး၊ လိင်ကိစ္စစသဖြင့် အထိန်းအကွပ်မဲ့ ဖြစ်လာတာလို့ဆိုပါတယ်။
“ခေတ်ကောင်းတုန်းကတော့ bar တွေမှာ တညလုံးနေတယ်၊ ပြည်သူ့ရင်ပြင်ရှေ့မှာ အရက်ထိုင်သောက်တယ်၊ မိုးလင်းခါနီးကျတော့ ထမင်းကြော်စားပြီးပြန်တယ်။ ခေတ်မကောင်းတော့ formula နဲ့ပဲ နှစ်ပါးသွားကြရတော့ တာပေါ့” လို့ အသက် ၂၆ နှစ်အရွယ် Online Shop လုပ်ကိုင်သူ မစုစံက ပြောပါတယ်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးမှ တိုက်ပွဲတွေနဲ့ စစ်မှုထမ်းဥပဒေကြောင့် ဆယ်ကျော်သက်အမျိုးသမီးတွေအပါ အဝင် လူငယ်တွေဟာ တိမ်းရှောင်နေရသူများ၊ အလုပ်အကိုင်မဲ့သူများ တိုးပွားလာပြီး အထွေထွေလူမှု စီးပွားရေးအကြပ်အတည်းတွေ ထပ်မံဖြစ်ပေါ်လာတာကြောင့် စိတ်ထွက်ပေါက်တခုအနေနဲ့ မူးယစ်ဆေးသုံးစွဲမှု နှုန်း တိုးတက်လာတာလို့ ဆိုကြပါတယ်။
ဒီကာလမှာ လူငယ်တွေက ထွက်ပေါက်မရှိတော့သလို၊ ပျော်စရာတွေကိုလည်း လက်လှမ်းမမှီတော့တာကြောင့် လွတ်လပ်တဲ့ နေရာတွေမှာ ပျော်စရာရှာဖွေကြရတာလည်းပါတယ်လို့ မစုစံက ပြောပါတယ်။
“မူးယစ်ဆေးဖြစ်လို့ မသုံးသင့်ဘူး၊ ဘေးထွက်ဆိုးကျိုး ရှိတယ်ဆိုပေမယ့် လူငယ်တွေက စိတ်ထွက်ပေါက်တစ်ခု အဖြစ် သုံးစွဲနေကြတာပါပဲ၊ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်သူတွေအနေနဲ့တော့ မစမ်းသပ်စေချင်ဘူး” လို့ မစုစံက အကြံပြုပါတယ်။
သူကိုယ်တိုင်လည်း လူငယ်ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းနေသူပီပီ ဘားကလပ်တွေနဲ့ မစိမ်းတဲ့သူဖြစ်ပေ မယ့် စိတ်ကြွဆေးတွေနဲ့ ဟတ်ပီးဝါးတားကို စသုံးစွဲချိန်တုန်းက ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်အောင် ဖြစ်ခဲ့ရ တယ်လို့ ဆိုပါတယ်။
သူငယ်ချင်းတွေနဲ့ ဘားတခုမှာ လူငယ်သဘာဝ သောက်စားရင်း အရက်ဘီယာတင်မက Happy Water နဲ့ အခြား စိတ်ကြွဆေးတွေကိုပါ သုံးခဲ့ပြီး၊ စိတ်လွတ်ကိုယ်လွတ် ကခုန်ပျော်ပါးခဲ့ပေမယ့် နောက်တနေ့ အိမ်ပြန်ရောက်ပြီး တဲ့အချိန် ဘားမှာဖြစ်ခဲ့တာတွေကိုမမှတ်မိခဲ့။
“ဆေးလစ်ပြီးကနေတဲ့ ဗီဒီယိုဖိုင်ကို သူငယ်ချင်းတွေက ရယ်စရာအနေနဲ့ ရိုက်ထားတာကို ပြန်ကြည့်ပြီး တော် တော့်ကို အံ့သြသွားတယ်၊ ကိုယ့်ကိုယ်ကို ဒီလောက်ထိရူးကြောင်ကြောင်နဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာလည်း မသိခဲ့ဘူး“ လို့ မစုစံက သူအတွေ့အကြုံကို ပြန်ပြောပြပါတယ်။
ဒီအတွက်လည်း ဆေးအများကြီးသုံးစွဲတဲ့အခါ အန္တရာယ်ရှိတဲ့ အပြုအမူတွေ လုပ်နိုင်တဲ့အတွက် ရင်းနှီးသူတွေနဲ့ သာ သွားသင့်ပြီး ကိုယ်တိုင်လည်း စိတ်ပျော်ရုံသာသုံးတော့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ (CCDAC)ရဲ့ မူးယစ်ဆေးဖမ်းဆီးရရှိမှု သတင်းထုတ်ပြန်ချက်တွေမှာတော့ ဘိန်းဖြူနဲ့ အခြားမူးယစ်ဆေးတွေကို မူးယစ်ဆေး၊ စိတ်ကြွဆေးဝါးလို့ဖော်ပြ လေ့ရှိသလို၊ Happy Water ကိုတော့ စိတ်ပြောင်းဆေးဝါးလို့ သုံးနှုန်းပြီး၊ ဒီနှစ်ပိုင်းအတွင်း စိတ်ပြောင်းဆေးဝါး- Happy Water သီးသန့်ဖမ်းဆီးရရှိမှုက ၁၀ ကြိမ်ထက်မနည်း ရှိတာကိုတွေ့ရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှ တနှစ်တာ အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်စီးရာမှာလည်း စိတ်ပြောင်းဆေးဝါး- Happy Water ၃၂ ကီ လိုကျော်၊ ကတ်တမင်း ၅၇၆၅ကီလို၊ ဆေးခြောက် ၄၀၄ ကီလိုကျော်နဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှာ လည်း စိတ်ပြောင်းဆေးဝါး- Happy Water ၉၇ ကီလိုကျော်၊ ကတ်တမင်း ၂၇၁၅ ကီလိုကျော်၊ ဆေးခြောက် ၅၉ ကီလိုကျော် ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မူးယစ်ဆေးဝါးပြသနာက အရင်ကတည်းက ထိန်းချုပ်ဖို့မလွယ်ပေမယ့် အခုကာလမှာတော့ လူငယ်တွေဆီ ပိုပျံ့နှံ့ လာနေပြီး ဆေးခြောက်ကစလို့ ဆေးပြားတွေ၊ Happy Water တွေအထိ လူငယ်တွေလက်ထဲ လွယ်လွယ်ရောက် နေတာက စိုးရိမ်စရာကောင်းတယ်လို့ အသက် ၅၀ အရွယ် စတိုးဆိုင်ဖွင့်လှစ်ထားသူ ဦးစောက ပြောပါတယ်။
လူငယ်တွေကျောင်းမတက်ရတာ၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာတာတွေရဲ့ အကျိုးဆက်တွေကြောင့် လေလွင့်ပြီး အပျော်အပါးဘက် စိတ်ရောက်ကြတာအပြင် ရဲတပ်ဖွဲ့လို တာဝန်ရှိအဖွဲ့အစည်းတွေ ဉပဒေလျော့ရဲပြီး ထိန်းချုပ်မှုမရှိတဲ့ အကျင့်ပျက်ခြစားတာတွေကြာင့်လည်း ပါတယ်လို့ သူက ဆက်ပြောတယ်။
စိတ်ကြွဆေးဝါးတွေနဲ့ဆက်စပ်ပြီး သူ့ရဲ့ဆွေမျိုးနီးစပ်ထဲက အသက် ၂၀ အရွယ် မိန်းကလေးငယ်တဦးမှာလည်း နေ အိမ်ကနေ နှစ်ရက်လောက်ပျောက်ပြီး KTV မှာ ရောက်နေတဲ့ဖြစ်ရပ်ကို ကြုံခဲ့ရတယ်လို့ သူကပြောတယ်။
“သူနဲ့ Gym အတူတူဆော့တဲ့အမျိုးသမီးကခေါ်လို့ လိုက်သွားတာ၊ သူ့အိမ်က လူပျောက်တွေတောင် တင်လိုက် သေးတယ်။ နောက်ရက်ကျတော့ ကေတီဗီရောက်နေတယ်ဆိုလို့ သွားခေါ်ရတယ်၊ ဆေးမူးနေတာ လူက ငူငူငိုင်ငိုင် ဖြစ်နေတာ” လို့ သူက ပြောပါတယ်။
အဲဒီမိန်းကလေးမှာလည်း လူကြီးမိဘတွေက ချုပ်ချယ်တာမျိုးမရှိဘဲ လွတ်လွတ်လပ်လပ် နေတတ်သူဖြစ်ပေ မယ့် လူပျောက်တဲ့အထိဖြစ်ခဲ့လို့ မိသားစုမှာ စိုးရိမ်ပူပန်ခဲ့ရသလို ကေတီဗီမှာရှိတဲ့အချိန် ဖြစ်ခဲ့တာတွေကိုလည်း မမှတ်မိတဲ့အထိ ဖြစ်ခဲ့တဲ့အတွက် ပူပန်ရပြန်တယ်လို့ သူက ဆိုပါတယ်။
“ဒီလောက်အထိ အသိစိတ်မဲ့သွားတာ တော်တော်အန္တရာယ်များတယ်၊ လူကဘာမှ ကြီးကြီးမားမား မဖြစ်ခဲ့ပေမယ့် အချိန်ကြာသွားရင် ဆိုးဆိုးဝါးဝါးမဖြစ်ဘူးလို့ မပြောနိုင်ဘူး၊ အရမ်းအန္တရာယ်များတယ်” လို့သူဦးစောက ပြောပြ ပါတယ်။
အထူးသဖြင့် အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ဆေးသုံးပြီးတော့ သဘောတူလို့ဖြစ်စေ၊ မသိလိုက်လို့ဖြစ် စေ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ဖြစ်စဉ်တွေလည်း ကြားနေရတဲ့အတွက် ငယ်ရွယ်သူတွေကို မသုံးစွဲနိုင်အောင် မိဘတွေ ကြပ်မတ်ဖို့လိုတယ်လို့ သူကဆက်ပြောပါတယ်။
ISP Myanmar (မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျူ) က ၂၀၂၃ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ မူးယစ် ဆေးဝါးရောင်းဝယ်သုံးစွဲမှု အခြေအနေ အစီရင်ခံစာမှာ မြို့နယ်ပေါင်း ၁၁၀ အနက် ၉၃ မြို့နယ်အထက်က မူးယစ် ဆေးဝါးတွေကို အလွယ်တကူဝယ်ယူရနိုင်တယ်လို့ ဆိုပါတယ်။
မြို့နယ် ၁၁၀ မှာ ၉၄ မြို့နယ် (၈၅ ရာခိုင်နှုန်း) က ဆေးခြောက်ကို ဝယ်ယူရရှိနိုင်ပြီး အများဆုံးသုံးစွဲနေပါတယ်။ ၈၉ မြို့နယ် (၈၀ ရာခိုင်နှုန်း)ကတော့ ယာဘလို့ခေါ်တဲ့ WY ဆေးပြားနဲ့ ခေါင်းခါဆေးလို့ လူသိများတဲ့ E (အက်တစီ) ဆေးပြားတွေကို ဒုတိယအများဆုံး သုံးစွဲနေကြတယ်လို့ ဖော်ပြထားတယ်။
“မူးယစ်ဆေးဝါးတွေက လူငယ်တွေကျင်လည်ရာ night club နဲ့ Bar တွေမှာ အလွယ်တကူဝယ်ရတာတွေက မူး ယစ်ဆေးသုံးပြီး လိင်ဆက်ဆံတဲ့ကိစ္စက လူငယ်တွေကြားမှာ ခေတ်စားလာတာလည်းရှိတယ်”လို့ Human Rights Defender တဦးဖြစ်သူ August Mon က ဆိုတယ်။
လိင်ပိုင်းဆိုင်ရာအသိပညာ ဗဟုသုတရှိတဲ့တိုင်အောင် မူးယစ်ဆေးသုံးစွဲပြီးနောက် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင် ဘဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာ၊ အုပ်စုလိုက် လိင်ဆက်ဆံတာတွေလို ရှုပ်ထွေးတဲ့အခြေအနေတွေကိုလည်း ကြုံရနိုင်တယ်လို့ ဆိုပါတယ်။
“သူ့ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘူး၊ ကွန်ဒုံးသုံးဖို့တွေ၊ ဘာတွေမဖြစ်နိုင်တဲ့အပြင် အရေးပေါ်သန္ဓေတားဆေး သောက်ဖို့ကလည်း ဆေးကျတဲ့အချိန်မျိုးရှိတော့ ၇၂ နာရီအတွင်း သောက်ဖို့ခဲယဉ်းတယ်၊ ဒါကြောင့်လည်း ကိုယ် ဝန်တွေ အလွယ်တကူရပြီး ဖျက်ချတဲ့ကိစ္စတွေ၊ ကလေးစွန့်ပစ်တဲ့ကိစ္စတွေဖြစ်လာတယ်” လို့ဆိုပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေကို နိုင်ငံရေးနဲ့အာဏာဖီဆန်ရေးလုပ်တာကလွဲရင် ကျန်တဲ့ မူးယစ်ဆေးဝါး၊ အရက်၊ မကောင်းမှုဒုစရိုက်လုပ်ငန်းတွေ လွတ်လွတ်လပ်လပ်လုပ်ခွင့် ပေးထားတဲ့အခါမှာ လူငယ် တွေ အထူးသဖြင့် အမျိုးသမီးငယ်တွေအတွက် ပိုနစ်နာမှုတွေများလာတယ်လို့မြင်တယ်လို့ Triangle Women Organization ရဲ့ founder မခင်လေးကလည်းမှတ် ချက်ပြုပါတယ်။
လူငယ်တွေကြားမှာ ပျံ့နှံ့နေတဲ့ Happy Water က မူးယစ်ဆေးအမျိုးအစားတခုတည်း မဟုတ်ဘဲ အခြားမူး ယစ်ဆေးအမျိုးအစားတွေ ပါဝင်နေတာကြောင့် ခေါင်းကိုက်တာ၊ ကယောင်ကတမ်းဖြစ်တာ၊ အစားအသောက် မစားချင်၊ မအိပ်စက်ချင်တာတွေ ဖြစ်နိုင်သလို သွေးတက်တာ၊ နှလုံးထိခိုက်တာ၊ ရင်ဘတ်အောင့်တာ ရုတ်တရက် နှလုံးခုန်ရပ်တန့်တာမျိုး၊ သွေးတွင်းဆိုဒီယမ်ကျတာမျိုးတွေ ဖြစ်နိုင်တယ်လို့ ကျန်းမာရေးနယ်ပယ်က သူတွေက ပြောပါတယ်။
Happy Water လို စိတ်ကြွဆေးကြောင့် ဆေးသုံးပြီး လျှောက်သွားနေတာ၊ သတိလစ်မေ့မြောတာ၊ သေဆုံးရတာ တွေ ကြားသိရပေမယ့် အသက်သေဆုံးရခြင်းအကြောင်းရင်းကတော့ သုံးလိုက်တဲ့ဆေးမှာပါဝင်တဲ့ ဓါတုဆေး အမျိုးအမည်၊ သောက်သုံးလိုက်သူရဲ့ ကျန်းမာရေးအခြေအနေသိရှိမှာသာ သေဆုံးရတဲ့ အကြောင်းရင်းခံကို သိမှာ ဖြစ်တယ်လို့ စိတ်ကျန်းမာရေးဆရာဝန် ဒေါက်တာမွန်မွန်ကပြောပါတယ်။
“ဒီဆေးဝါးတွေရဲ့ ဆိုးကျိုးက မူးယစ်စေတာနဲ့ စိတ်ကြွစေတာ၊ တမျိုးတည်းမဟုတ်ဘဲ စပ်သုံးတာက ပိုအန္တရာယ် များတယ်။ လူငယ်တွေက စိတ်ကြိုက်စပ်သောက်နေတာ အထိန်းအကွပ်မရှိဘူး၊ ဆိုးကျိုးအရမ်းများတယ်” လို့ သူ ကပြောတယ်။
ဆေးသောက်ပြီးတဲ့အခါ ဆေးပေါ်မူတည်ပြီး မူးယစ်မိန်းမောတာ၊ စိတ်တက်ကြွပြီး အပင်ပန်းခံနိုင်တာတွေ ကြောင့် လူရောစိတ်ပါ အန္တရာယ်ဖြစ်စေတဲ့ အပြုအမူတွေလည်း ပြုလုပ်နိုင်လို့ မိန်းကလေးတွေအတွက်လည်း အန္တရာယ်ကြီးတယ်လို့ သူကဆိုတယ်။
“သာမန်ချိန်ဆို မလုပ်သင်တာ လုပ်သင့်တာ ခွဲခြားနိုင်ပေမယ့် ဆေးသုံးပြီး စိတ်တက်ကြွနေတော့ မသိတော့ဘူး ပျော်နေတာ၊ ဒီအချိန်မှာ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရလည်း မသိလိုက်တာတွေ ဖြစ်နိုင်တယ်” လို့ဒေါက်တာမွန်မွန် က ဆိုပါတယ်။
Happy Water က ပါတီသုံးဆေးရည် အပျော်သုံးကြတာဆိုပေမယ့် မူးယစ်ဆေးထဲ အကျုံးဝင်တဲ့အတွက် လက် ဝယ်တွေ့ရှိရုံနဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အရေးယူခံရမှာ ဖြစ် တယ်လို့ တရားလွတ်တော်ရှေ့နေ ဒေါ်ဝတ်ရည်က ပြောပါတယ်။
Happy Water မှာ ကက်တမင်း၊ မက်သမ်ဖက်တမင်းတို့လို လူကိုမူးယစ်စေတတ်တဲ့ မူးယစ်ဆေးဝါးတွေ ရော စပ်ထားတာဖြစ်တဲ့အတွက် အထုတ်သေးဖြစ်ပါစေ လက်ဝယ်တွေ့ရှိရုံနဲ့ ထောင်ဒဏ်အနည်းဆုံး ၅ နှစ်ကနေ အများဆုံး ၁၀ နှစ်အထိ ချမှတ်ခံရနိုင်တဲ့အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်တယ်လို့ သူကဆိုပါတယ်။
လက်ရှိအချိန်မှာတော့ မူးယစ်ဆေးနဲ့ပတ်သက်ပြီး ဖမ်းဆီးရရှိမှုအများအပြားရှိပေမယ့် တကယ်ပျံ့နှံ့နေတဲ့ နိုက် ကလပ်တွေ ဘားတွေမှာတော့ ကင်းလွတ်ခွင့်ရနေဆဲလို့ သူကမှတ်ချက်ပြုပါတယ်။
စစ်တပ်က နိုင်ငံရေး လုပ်ဆောင်သူတွေကိုသာ ပစ်မှတ်ထားတာ၊ စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေ ပြုလုပ်နေပေမယ့် ညလုံးပေါက်ဖွင့်နေတဲ့ကလပ်တွေ၊ ကေတီဗီတွေက စိတ်ကြွမူးယစ်ဆေးဝါးတွေ သုံးစွဲပြီး ပျော်ပါးမှုတွေကိုတော့ ခွင့်ပြုထားတယ်လို့ အသက် ၂၄ နှစ်အရွယ် CDM တက္ကသိုလ်ကျောင်းသူတဦးကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးပြဿနာဟာ ပြည်တွင်းစစ်သမိုင်းနဲ့ လက်နက်ကိုင်ပဋိပက္ခတွေအပါအဝင် လက်ရှိနိုင်ငံ ရေးအခြေအနေတွေနဲ့အတူ အမြစ်တွယ်နေတဲ့ ပြဿနာတခုဖြစ်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဈေးဝယ်ဈေးရောင်း ပုံမှန်စီးပွားရေး တိုးတက်ခွင့်နည်းပါးခဲ့တာဟာ မူးယစ် စီးပွားရေးကို ရွေးချယ်စရာတခုဖြစ်တာပါ။ အထူးသဖြင့် ဝင်ငွေရသီးနှံ စျေးကွက်ဝင်သီးနှံတွေ စိုက်ပျိုးရောင်း ချခွင့် မရှိတဲ့အတွက် ပြည်တွင်းစစ်နောက်ဆက်တွဲ ဘိန်းစိုက်ပျိုးမှုကစခဲ့တဲ့ မူးယစ်ဆေးဝါးပြဿနာဟာ ဘိန်းဖြူ ကက်တမင်း၊ မက်သမ်ဖက်တမင်း၊ အက်ဖီတမင်းမှ အခုနောက်ဆုံး Happy Water အထိ အဆင့်ဆင့် ပြောင်းလဲ လာတာကို တွေ့နိုင်ပါတယ်။
စစ်အာဏာရှင်စနစ်လို စနစ်ဆိုးရဲ့အကျိုးဆက် နှစ်ပေါင်း ၇၀ ကျော်လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မူးယစ် ဆေးဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့အတွက် ငွေကြေးရင်းမြစ်တခုဖြစ်လာသလို စစ်တပ်ကလည်း မတော်လှန်ရင်၊ သေနတ်မပေါက်ရင်ပြီးရော၊ နိုင်ငံရေးခံယူချက်အားနည်းတဲ့ လက်နက်ကိုင်အဖွဲ့တွေအတွက် မူး ယစ်ဆေးထုတ်လုပ်ရောင်းဝယ်မှုနဲ့ ရပ်တည်ရေးတွေကို အရေးမယူလက်သင့်ခံထားခဲ့ပါတယ်။
အကျင့်ပျက်ခြစားမှုတွေ အမြစ်တွယ်နေတဲ့ စစ်ဗျူရိုကရေစီယန္တယားနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ အပေါ်ယံအတွင်းယံ သွယ်ဝိုက်ထားသည့် စီးပွားရေးအရ အကျိုးစီးပွားချိတ်ဆက်မှုတွေကြောင့် မူးယစ်ဆေး ပြဿနာဟာ ဖြေရှင်းရခက်တဲ့ ပြဿနာအဖြစ် အမြစ်တွယ်လှိုက်စားနေတာဖြစ်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခနဲ့ မူးယစ်ဆေးဝါး စီးပွားရေးအကြား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ဖြစ်စေ၊ ဆက်နွယ်မှုရှိ နေတဲ့အတွက် မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးပြဿနာဟာ တိုင်းပြည်အတွင်းမှာသာမဟုတ်ဘဲ ဒေသတွင်းနှင့် ကမ္ဘာ လုံးဆိုင်ရာ ပြဿနာအဖြစ် သက်ရောက်မှုရှိနေဆဲ ဖြစ်ပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေအပါအဝင်၊ လူငယ်တချို့ရဲ့ မူးယစ်းဝါးသုံးစွဲမှုကို ရာဇဝတ်မှုအနေနဲ့ မကြည့်ပဲ အမျိုး သားရေး၊ သာသနာရေး၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မူးယစ်ဆေးကြောင့် ထိခိုက်မှုတွေကို ကာကွယ်တဲ့နည်းနဲ့ ပြန်လည်လှုံ့ဆော်တဲ့နည်းတွေ လုပ်ဆောင်ပေးရန် လိုအပ်နေပါတယ်။
ဒီလိုလုပ်နိုင်ဖို့ဆိုရာမှာလည်း တဖက်သတ်အင်အားသုံးလုပ်ကိုင်တတ်တဲ့ စစ်အာဏာရှစ်စနစ်အစား အခြေခံလူ့ အခွင့်အရေးနဲ့ လူထုဆန္ဒတွေအပေါ် လေးစားတန်ဖိုးထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံစနစ်ဖြစ်ဖို့ လိုအပ်နေတာ ဖြစ်တာပါတယ်။
အထူးသဖြင့် မူးယစ်ဆေးသုံး လူငယ်တွေကို ဖမ်းဆီးထောင်ချမှရုံသာမက “ထိခိုက်သူ” အနေနဲ့ နားလည်ပေးပြီး ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေးနဲ့ လူမှုရေးထောက်ပံ့မှုတွေ ပေါင်းစပ်ပေးဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။
မည်သို့ပင်ဖြစ်စေ လူငယ်တွေဟာ နိုင်ငံရဲ့အခြေခံအုတ်မြစ်လို့ဆိုပေမယ့် စနစ်ဆိုးတခုနဲ့ စီမံခန့်ခွဲမှု အလွဲတွေ ကြောင့် လမ်းပျောက်နေတဲ့ လူငယ်တွေဆီကို တစစစိမ့်ဝင့်နေတဲ့ စိတ်ကြွမူးယစ်ဆေးဝါးတွေကို ထိန်းချုပ်ဖို့ အတွက် နိုင်ငံရေးတည်ငြိမ်တဲ့အချိန်မှသာလျှင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။





