သွေးဆင်းလို့ မြန်မာပြည်ပြန်ခွင့်တောင်းသူကို သိန်းတစ်ရာကျော်တောင်း

ဒေဝီ

အိုမန်နိုင်ငံမှာ အိမ်အကူလုပ်နေတဲ့ မြန်မာအမျိုးသမီးတဦးဟာ သားအိမ်ရောဂါကြောင့်သွေးဆင်းပြီး အလုပ်မလုပ်နိုင်တော့တဲ့အတွက် မြန်မာနိုင်ငံကိုပြန်ဖို့ ခွင့်တောင်းရာ အေဂျင်စီမှ သိန်း ၁၂၀ လျော်ကြေးတောင်းဆိုခဲ့တယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) က တာဝန်ရှိသူတဦးကပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်ဇာတိ မဟေမာန်ကအိုမန်ရောက်နေတဲ့ တရွာတည်းနေသူ  မဆုမွန်မွန်ကျော် နဲ့ချိတ်ဆက်ကာ အိုမန်နိုင်ငံကို အခုနှစ် ဇွန်လ မှာရောက်ရှိလာပြီး နေအိမ်တအိမ်မှာ ဇူလိုင်လက စလို့ အိမ်အကူအဖြစ် အလုပ်ဝင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့အိမ်မှာ အလုပ်လုပ်နေရင်း ဂတ်စ်အိုးမရာမှ သွေးဆင်းလာတဲ့အတွက် အိမ်ရှင်က ဆေးခန်းပြပေးခဲ့ပြီး နောက်ရက်တွေမှာလည်း  မသက်သာ‌တာကြောင့် အလုပ်မလုပ်နိုင်တော့တဲ့အတွက် အိမ်ရှင်က အေဂျင်စီရုံးကို ပြန်ပို့ပေးခဲ့တယ်လို့ဆိုပါတယ်။

မဟေမန် က အိုမန်မရောက်ခင် မြန်မာနိုင်ငံမှာ သားအိမ်နဲ့ပတ်သတ်တဲ့ ခွဲစိတ်မှုပြုလုပ်ခဲ့သူဖြစ်ကာ သူ့ကိုခွဲစိတ် ပေးခဲ့တဲ့ မြန်မာနိုင်ငံက ဆရာဝန်နဲ့တိုင်ပင်ခဲ့ရာ ဆေးရုံတက်ပြီး ဆေးကုသမှုခံသင့်တယ်လို့ အကြံပြုတဲ့ အတွက် မြန်မာနိုင်ငံကို ပြန်ဖို့ခွင့်တောင်းရာ အေဂျင်စီက လျော်ကြေး ကျပ်သိန်း ၁၂၀ ပေးလျော်မှ ပြန်ခွင့်ပြုမယ်လို့ဆိုပါတယ်။

မဟေမာန်က အိမ်ရောင်းပြီးမှ သိန်း၅၀ပေးလျော်မယ်လို့ ညှိနှိုင်းပေမယ့် အေဂျင်စီဘက်က လက်မခံတာကြောင့်  မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ကိုအကူညီတောင်းလာတာလို့ ယင်းတာဝန်ရှိသူ ကပြောပါတယ်။

 “သူ့ကိုတော့ အိုမန်သမဂ္ဂကနေ တဆင့်  ပြန်နိုင်အောင်  ကူညီဆောင်ရွက်ပေးနေတယ်။ လက်ရှိမှာသွေးကလည်း ဆင်းနေတုန်းပဲ မပျောက်‌သေးဘူး၊အားနည်းနေတယ်။”လို့ ၎င်းတာဝန်ရှိသူကပြောပါတယ်။

လက်ရှိမှာတော့ ကာယကံရှင်က ကျန်းမာရေးအခြေအနေမသက်သာသေးတဲ့အတွက် အေဂျင်စီမှာပဲ ရှိနေသလို သူမြန်မာနိုင်ငံပြန်ပြီး ဆေးကုသလို့ရအောင် အိုမန်မှာရှိတဲ့ အလုပ်သမားသမဂ္ဂတွေနဲ့ ချိတ်ဆက်ကူညီနေတယ်လို့ ဆိုပါတယ်။

ရွှေ့ပြောင်းအလုပ်သမားအရေးနဲ့ပတ်သတ်လို့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့ထဲ အိုမန်နိုင်ငံက အဆိုးဆုံး အခြေအနေဖြစ်နေပြီး၊လွန်ခဲ့တဲ့နှစ်လအတွင်း မှာ အိမ်ရှင်၊အေဂျင်စီနဲ့ လုပ်သားကြားပြသနာကြုံရမှု ၁၀မှု ခန့်ဖြေရှင်း ဖို့ အကူအညီတောင်းလာခဲ့ရာမှာ ၈ဦးကို လျော်ကြေးမပေးရဘဲ မြန်မာနိုင်ငံပြန်လို့ရ‌အောင် ကူညီပေးခဲ့တယ်လို့ IWFM တာဝန်ရှိသူကဆိုတယ်။

မြန်မာနိုင်ငံမှာအာဏာသိမ်းပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာတဲ့အတွက် အမျိုးသမီးတွေက အိုမန်နိုင်ငံကို အိမ်အကူအဖြစ်သွားရောက်လုပ်ကိုင်သူများပြားလာပါတယ်။အိုမန်ရောက် မြန်မာအိမ်အကူအများစုက အိမ်ရှင်ရဲ့အနိုင်ကျင့်ခံရတာ၊ လုပ်အားခခေါင်းပုံဖြတ်ခံရတာ၊အေဂျင်စီတွေက တာဝန်မယူတာ စတဲ့ အခက်အခဲ‌တွေ ကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း အိမ်ရှင်နဲ့အိမ်အကူလုပ်သားကြားပြသနာကိုဖြေရှင်းဖို့  အေဂျင်စီကိုအကူအညီတောင်း ရာမှ အငြင်းပွားမှုဖြစ်ပြီး မြန်မာအိမ်အကူအမျိုးသမီးက အေဂျင်စီဝန်ထမ်းအမျိုးသမီးကို ဓားနဲ့ထိုးသတ်မှု ဖြစ်ပွားခဲ့ပါတယ်။

Author: