ရေလုပ်ငန်းအတွက် အရေးပါတဲ့ အမျိုးသမီးအခန်းကဏ္ဍ
ရိုက်ကူးတည်းဖြတ် – သန့်ရှင်းထွန်း
စားနပ်ရိက္ခဖူလုံမှုကို ထောက်ပံ့ပေးရုံသာမက စီးပွါးရေးဖွံဖြိုးမှုနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေအတွက်လည်း အရေးပါတဲ့ ငါးဖမ်းလုပ်ငန်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ထိရောက်မှုနှင့် ရေရှည်တည်တံ့မှုကို မြှင့်တင်ပေးရာမှာ အဓိကပါဝင်နေတယ်လို့ Citizen Action for Transparency အဖွဲ့က ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။
ငါးဖမ်းလုပ်ငန်းမှာ အမျိုးသမီးတွေ ပါဝင်မှုဟာ လူမှုရေး၊ စီးပွါးရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးစဉ်စတဲ့ အကြောင်းအရာအသီးသီးပေါ်မှာ မူတည်နေတာလို့ ဆက်လက်ဖော်ပြထားပါတယ်။ ငါးဖမ်းလုပ်ငန်းမှာ အမျိုးသားတွေဟာ ပင်လယ်ထဲမှာ ငါဖမ်းတဲ့အလုပ်ကို လုပ်ကိုင်ကြသလို အမျိုးသမီးတွေဟာလည်း ဖမ်းဆီးရမိလာတဲ့ ငါးတွေကို ကုန်းပေါ်မှာ အမျိုးအစားခွဲခြားတာ၊ ပြုပြင်ထုတ်လုပ်တာ၊ ဖြန့်ဖြူးရောင်းချတာနဲ့ စီမံခန့်ခွဲတဲ့ အလုပ်တွေကို အဓိကတာဝန်ယူ လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
ဒါ့အပြင် ရောင်းချတဲ့အခါမှာလည်း ကုန်သည်တွေနဲ့ ဆက်ဆံပြောဆိုတာ၊ စာရင်းလုပ်တာနှင့် အလုပ်သမားတွေကို စီမံခန့်ခွဲတာတွေ ပြုလုပ်ကြရတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေဟာ ကုန်းပေါ်မှာလုပ်ရတဲ့ ငါးဖမ်းလုပ်ငန်းမှာ အမျိုးသားတွေနဲ့တန်းတူ အရေးပါနေတာကို တွေ့ရတယ်လို့ စစ်တမ်းက ဖော်ပြပါတယ်။











