ပြည်အကျဉ်းထောင်တွင် အမျိုးသမီးအကျဉ်းသူများ ကျန်းမာရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရ

စက်တင်ဘာလ ၄ ရက်

ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်တွင် အမျိုးသမီးအကျဉ်းသူများအပါအဝင် အကျဉ်းသားများအားလုံး အပုပ်နံ့ ထွက်နေသော သောက်သုံးရေများကိုသာ သောက်သုံးနေရပြီး ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။

၂၀၁၄ ခုနှစ်ကတည်းက ဆောက်လုပ်ထားသည့် ရေသန့်စက်ကို ထိန်းသိမ်းပြုပြင်မှု မရှိခြင်းကြောင့် ရေများမသန့် ရှင်းဘဲ ၂ ရက်အကြာတွင် အပုပ်နံ့များထွက်ပေါ်လာကြောင်း သိရသည်။

ထိုမသန့်ရှင်းသောရေများကြောင့် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းမှစ၍ ကျောက်ကပ်ရောဂါ၊ ဝမ်းဗိုက်ပြဿနာများနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေသော်လည်း ထောင်အရာရှိများက ပြုပြင်ဆောင်ရွက်ပေးခြင်းမရှိဟု ထုတ်ပြန်ချက်မှာ ဆို ထားပါသည်။

သောက်သုံးရေမသန့်ရှင်းမှုကြောင့်လည်း ဆံပင်ကျွတ်ခြင်း၊ ယားနာ၊ ပွေး၊ ဝဲစသည့် အရေပြားရောဂါများ အဖြစ် များနေသည်ဟု သိရသည်။

နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးဖြစ်သူ ဒေါ်ရူပါက“ကျမလည်း ပြည်ထောင်မှာတုန်းက အဲဒီလိုရေပုပ်တွေကို သောက်ခဲ့သုံးခဲ့ရလို့ ခုထိမိန်းမကိုယ်ပိုးဝင်တာကို ကုနေရတုန်းပါ။ အခုအဲဒီလိုသတင်းကြားရတော့ ကိုယ်ချင်းစာ ပြီး တကယ့်ကို စိတ်မကောင်းဘူး။ ဒါက လူ့အခွင့်အရေးကို ဆိုးဝါးစွာချိုးဖောက်တာပဲ”ဟု ပြောပါသည်။

အထူးသဖြင့် အမျိုးသမီးအကျဉ်းသူများထဲမှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များသည် ရောဂါပိုးဝင်ရောက်ပါက မိခင်ရော ကလေးပါ ကျန်းမာရေးထိခိုက်နိုင်ကြောင်း ၎င်းက ဆက်ပြောပါသည်။

ထို့အပြင် ရာသီလာချိန်တွင် တကိုယ်ရေသန့်ရှင်းမှုအတွက် အရေးကြီးသော်လည်း မသန့်ရှင်းသည့်ရေများကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ မိန်းမကိုယ်ပိုးဝင်ခြင်းနှင့် အရေပြားရောဂါကဲ့သို့ ကျန်းမာရေးပြဿနာများလည်း ပိုမိုဖြစ်ပွားနိုင်သဖြင့် အမျိုးသမီးများ၏ကျန်းမာရေးအခွင့်အရေးများ ရရှိရန်လိုအပ်နေသည်။

ထောင်အာဏာပိုင်များက အဝတ်အစား ၃ စုံသာ ခွင့်ပြုထားခြင်းကြောင့် မိုးရာသီတွင် အဝတ်မလုံလောက်ဘဲ အဝတ်စိုများ ဝတ်ဆင်ရခြင်းသည်လည်း အရေပြားရောဂါများကို ပိုမိုဆိုးရွားစေသည်ဟု နိုင်ငံရေးအကျဉ်းသူများ အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။ 

ရောဂါဖြစ်ပွားပါကလည်း ဆေးဝါးကုသခွင့် ကန့်သတ်ခြင်း၊ ရက်လွန်ဆေးများပေးခြင်းနှင့် တာဝန်ယူမှုမရှိသော ကုသမှုများသာ ပြုလုပ်ပေးကြောင်း ဆိုထားပါသည်။ 

နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ပြည်အကျဉ်းထောင်အတွင်း ထောင်အာဏာပိုင်များ၏ လူ့အခွင့်အရေးချိုးဖောက် မှုများကို မှတ်တမ်းတင်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်လည်း အကျဉ်းထောင်အတွင်း အခြေအနေများကို စောင့်ကြည့်တိုက်တွန်းပေးရန် တောင်းဆိုထားပါသည်။