အာရက္ခဒေသရဲ့ နိုင်ငံရေးနှင့် ဦးဆောင်မှုကဏ္ဍတွေမှာ အမျိုးသမီးတွေ တန်းတူပါဝင်နိုင်ရေး

သန့်ရှင်းထွန်း

ရခိုင်တပြည်နယ်လုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အာရက္ခတပ်တော်(ULA/AA) ဟာ နိုင်ငံရေးနှင့် ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ အမျိုးသမီးတွေ တန်းတူပါဝင်နိုင်ဖို့ မူဝါဒတွေကို ပြင်ဆင် ရေးဆွဲနေတယ်လို့ ULA/AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အသိပေးပြောကြားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ULA/AA ရဲ့ (၁၀) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲရဲ့ အဖွင့်မိန့်ခွန်းမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ “အမျိုးသမီးဆိုင်ရာ မူဝါဒတွေ ရေးဆွဲတဲ့အခါ အာရက္ခပြည်တွင်း နေထိုင်သူ လူမျိုးစုနောက်ခံအားလုံးဟာ နိုင်ငံရေးနှင့် ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ တန်းတူပါဝင်နိုင်မှု၊ ခေါင်းဆောင်မှု အခွင့်အလမ်းတွေကို မြှင့်တင်ပေးမှုတွေ ပါဝင်တယ်” အဲဒီနောက် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့် အမျိုးသမီးတွေ စွမ်းဆောင်ရည်မြင့်မားလာ စေဖို့ အာရုံစူးစိုက်ပြီးတော့ မူဝါဒတွေကိုလည်း ULA/AA က ဦးဆောင်ရေးဆွဲနေတယ်လို့ ဦးခိုင်သုခ ကဆိုပါတယ်။

အဲလို ရေးဆွဲတဲ့အခါ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှု၊ အမြတ်ထုတ်မှုနှင့် အလွှဲသုံးစားမှုတွေကို တားဆီးကာကွယ် ရေးမူဝါဒကို အစိုးရအဖွဲ့အစည်းထဲမှာသာမက အာရက္ခပြည်ရဲ့ အဖွဲ့အစည်းအားလုံးနှင့် ပြည်သူလူထုအားလုံး အတွက် လုံခြုံတဲ့ ပတ်ဝန်းကျင်တခုဖြစ်အောင် ရည်ရွယ်ပြီးတော့ ကျွမ်းကျင်ပညာရှင်တွေနဲ့ နှီးနှောတိုင်ပင် ရေးဆွဲနေတယ်လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနှင့် ပတ်သက်လို့ ကျူးလွန်ခဲ့ရင် ဘယ်သူ့ကိုမှ ခွင့်လွတ်ပေးမှာမဟုတ်ဘဲ ချက်ချင်း သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ လက်ရှိ အာရက္ခပြည်(ရခိုင်ပြည်)မှာတော့ အမျိုးသမီးတွေဟာ ULA/AA ထဲမှာ တာဝန်ထမ်းဆောင်တာ၊ စစ်မှုထမ်း တာတွေရှိနေပေမယ့် ဦးဆောင်မှုအခန်းကဏ္ဍတွေမှာ နေရာပေးထားတာ မတွေ့ရသေးဘူးလို့ အမျိုးသမီးအရေး လှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေက ပြောပါတယ်။

Author: