အတွေးအမြင်အသစ်တွေပြောင်းလဲစေချင်သူ

ခင်ဘုန်းမို့

ဆံပင်ခပ်တိုတို၊ အသားညိုညို၊ နွေးထွေးဖော်ရွေတဲ့မျက်လုံးတွေနဲ့ ပြောက်ကျားယူနီဖောင်းကို သေသပ်စွာ ဝတ်ထားတဲ့ အမျိုးသမီးတစ်ဦးဟာ စာအုပ်တအုပ်နဲ့ ဘောပင်တ‌ချောင်းကိုင်ကာ ဆေးဗူးတွေကို စစ်ဆေးရင်း စာရင်းရေးမှတ်နေပါတယ်။

သူကတော့ ကျောင်းသားလက်ရုံးတပ်တော်မှာ ဆေးဘက်ဆိုင်ရာတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နေ တဲ့ အသက်(၂၉)နှစ်အရွယ် မကေကြီးပဲဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာကြသူတွေထဲမှာ မကေကြီးတို့ လို ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေလည်း ပါဝင်ကြတာတွေ့ရပါတယ်။

ခေတ်အဆက်ဆက် မတရားမှုကို ရှေ့ဆုံးကဆန့်ကျင်တဲ့၊ ရိုးသားတက်ကြွတဲ့ ကျောင်းသားတွေကို အာဏာရှင်တွေက ရန်သူအဖြစ် သတ်မှတ်လေ့ရှိပါတယ်။ အခုနွေဦးတော်လှန်ရေးမှာ  ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေဟာ စစ်အာဏာသိမ်းပြီးနောက်မှာ အာဏာရှင်ကို တွန်းလှန်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒီအထဲမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အာဏာမသိမ်းခင်ကာလမှာကတည်းက စစ်တပ်ရဲ့ တရားစွဲဆို ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ မကေကြီးဟာလည်း စစ်အာဏာသိမ်းတဲ့အချိန်မှာ လက်နက်ကိုင် တော်လှန်ရေးခရီးလမ်းကို လျှောက်လှမ်းခဲ့ပါတော့တယ်။

သမဂ္ဂသွေးရဲရဲနီ

မကေကြီးဟာ အထက်တန်းကျောင်းသူဘဝမှာ ဖတ်ခဲ့တဲ့စာအုပ်တွေရဲ့ လွှမ်းမိုးမှုကြောင့် တက္ကသိုလ် တက်တဲ့အခါမှာ ကျောင်းသားသမဂ္ဂမှာ ပါဝင်ဖို့ စိတ်ဝင်စားခဲ့ပြီး ဝင်ရောက်ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ ကာလတုန်းက တက္ကသိုလ်တွေမှာ ကျောင်းသားသမဂ္ဂအသင်းအပင်းဖွဲ့စည်းခွင့်တွေက အပြည့်အဝမရ သေးတဲ့ကာလတွေဖြစ်ပါတယ်။ သမဂ္ဂဖွဲ့စည်းတာ၊ သမဂ္ဂအဖွဲ့ဝင်တာနဲ့ပတ်သက်ပြီး တချို့တက္ကသိုလ် တွေမှာ ကန့်သတ်ချက်တွေ အကြပ်အတည်းတွေကြားကပဲ ကျောင်းသားအရေးတွေကို ဆောင်ရွက်ခဲ့ရ တယ်။ တက္ကသိုလ်ပထမနှစ်မှာ ကျောင်းသားကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နောက်နှစ် တွေမှာတော့ ပြင်ပဆက်ဆံရေးတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က သူနာပြုတက္ကသိုလ် ဘွဲ့ရ တွေနဲ့ သူနာပြုသင်တန်းဆင်းတွေကို အစိုးရဆေးရုံတွေမှာ သုံးနှစ်တာဝန်ထမ်းဆောင်ပြီးမှသာ သူနာပြုနဲ့ သားဖွားလိုင်စင်တွေ ထုတ်ပေးမယ်ဆိုတဲ့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ မူဝါဒနဲ့ပတ်သက်ပြီး ရန်ကုန်သူနာ ပြုတက္ကသိုလ်မှ ကျောင်းသားကျောင်းသူတွေပါဝင်တဲ့ ဆန္ဒပြပွဲမှာ မကေကြီးတစ်ယောက်လည်း ပါဝင်ခဲ့ပါ တယ်။ မြန်မာနိုင်ငံရေးသမိုင်းမှာဆိုရင်လည်း သူနာပြုတွေ ဆန္ဒပြတယ်ဆိုတာ ရှားပါးဖြစ်စဥ်တခုလည်း ဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်

ဒီလိုနဲ့ပဲ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အဖြစ် လှုပ်ရှားနေရင်း တခြားတက္ကသိုလ်က သမဂ္ဂရဲဘော်တွေနဲ့ ရင်းနှီးချိတ်ဆက်မိခဲ့တယ်။ ငယ်ငယ်ကတည်းက အနုပညာဝါသနာပါသူဖြစ်တာကြောင့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက ပြုလုပ်တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှာ ၂၀၁၆ ခုနှစ်က စတင်ပြီး ပါဝင်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ တပ်မတော်သားတွေ လွှတ်တော်တွင်းမှ ထွက်ခွာသွားဖို့ ပြောဆိုတဲ့စာသားတွေ၊ ရခိုင်ပြည်နယ်ရှိ လူနည်း စုတွေကို လူမျိုးသုဉ်းသတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်တဲ့စာသားတွေ၊ ဘီယာ၊ အရက်၊ ဆေးလိပ်၊ တယ်လီဖုန်းဆက်သွယ်ရေးစတဲ့ စီးပွားရေးလုပ်ငန်းတွေ တပ်နဲ့ဆက်စပ်နေပုံတွေကို သရုပ် ဖော်ဝေဖန် သံချပ်ထိုးခဲ့ကြတာဖြစ်ပါတယ်။

မကေကြီးအပါအဝင် ဒေါင်းတို့မျိုးဆက်ရဲ့ သံချပ်အဖွဲ့ဝင် (၇)  ဦးဟာ မရမ်းကုန်းတရားရုံးမှာ ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၆၆(ဃ) တို့နဲ့ တရားရင်ဆိုင်ခဲ့ရတဲ့အပြင် ဧရာဝတီတိုင်းအတွင်းက ဖျာပုံနဲ့ ဒေးဒရဲမြို့နယ် တို့တွေမှာလည်း ပုဒ်မ ၆၆(ဃ)နဲ့ တရားစွဲဆိုခြင်းခံခဲ့ကြရတာ ဖြစ်ပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ် အဖွဲ့၏ သံချပ်စာသားများမှာ သည်းခံ၍မရသည့် အတိုင်းအတာဖြစ်နေသဖြင့် တရားစွဲဆိုရခြင်း ဖြစ်သည် ဟု ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးသန်းထွန်းမြင့်က မရမ်းကုန်းမြို့နယ်တရားရုံးတွင် သတင်း ထောက်များကို ပြောဖူးသည်။

“တကယ်လို့ ခွင့်လွှတ်လိုက်မယ်ဆိုရင် ဒီထက်မက ပိုပိုကျူးလွန်လာမယ်ဆိုလို့ရှိရင် ဒါတွေကို မဖြစ်စေ ချင်လို့ ဥပဒေရဲ့ တရားမျှတမှု လိုချင်လို့ တရားရုံးမှာ ဦးတိုက်လျှောက်ထား တရားစွဲဆိုခြင်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ဒေါင်းတို့မျိုးဆက်ရဲ့သံချပ်တွေဟာ မုန်တိုင်းထန်ဆဲ မြန်မာ့နိုင်ငံရေးကို ပေါ်လွင်စေတဲ့အတွက် တစ်နှစ်ထိ ပဲချလို့ရတဲ့ပြစ်မှုကို တရားရုံးတွေအများကြီး၊ နယ်မြေတွေအများကြီး ခွဲတရားစွဲပြီး၊ ထောင်ဒဏ် ၅ နှစ်၊ ၆ နှစ်၊ ချမှတ်ခဲ့တာတွေ့ရပါတယ်။

မကေကြီးဟာ ၂၀၁၉ ခုနှစ်သင်္ကြန်အပြီးမှာ သံချပ်ဖျော်ဖြေမှုကြောင့် တရားစွဲဆိုခံရပြီး ထောင်ဒဏ်နှစ်နှစ် နဲ့ခြောက်လ ကျခံခဲ့ရပါတယ်။အကျဉ်းထောင်အတွင်းမှာ အချိန်အများစုကို စာအုပ်ဖတ်ရင်း ဖြတ်သန်းခဲ့ပါ တယ်။

မကေကြီးကိုယ်တိုင်လည်း ၂၀၁၉ ခုနှစ် သံချပ်ကြောင့်ဖမ်းဆီးခံရတဲ့အချိန်မှာ အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ ဖြစ်တည်မှုကြောင့် လိင်ပိုင်းဆိုင်ရာထိပါးမှုတွေကြုံတွေ့ခဲ့ရပါတယ်။

“sexual harassment မြောက်တဲ့စကားလုံးတွေ စကားရပ်တွေ၊ ဆိုရှယ်မီဒီယာမှာပဲဖြစ်ဖြစ် အမျိုးသမီး တယောက်ဖြစ်မှုကိစ္စတွေ၊ ရပ်ကွက်ထဲမှာဆိုလည်း အဲလိုပဲ၊ သမီးမိန်းကလေးဖြစ်ပြီးတော့ ထောင်ထဲမှာ တရားစွဲခံရတယ်။ ဖမ်းခံရတယ်။ အဲဒီလိုမျိုးကိစ္စတွေ ကြုံခဲ့ရပါတယ်။ အဓိကက  အဖမ်းခံရတဲ့အချိန်မှာ ဆိုရှယ်မီဒီယာမှာရော၊ ရပ်ကွက်ထဲမှာရော၊  မိသားစုနေတဲ့ ရပ်ကွက်ထဲမှာ‌ရော အဖေတို့အမေတို့ကို ပြောဆိုကြတယ်။ ဆက်ဆံကြတယ်။ ဆိုရှယ်မီဒီယာမှာဆိုလည်း တင်ထားတဲ့ဓာတ်ပုံတွေအောက်မှာ ဝင် ပြောတယ်။ သတင်းအမှားတွေ၊ ၂၀၁၉ တုန်းကဆို HD (အမျိုးသားနဲ့အမျိုးသမီး လိင်ဆက်ဆံနေတာကို ရိုက်ကူးထားတဲ့ဗီဒီယို)တွေ ခေတ်စားတယ်။”ဒီကောင်မလေးက HD ရိုက်ဖူးတယ်ဆိုပြီးတော့ ပုံမှားရိုက် ကြတဲ့ကိစ္စတွေလည်းကြုံဖူးပါတယ်”လို့ဆိုပါတယ်။

ကိုယ်တိုင်အနေနဲ့တော့ ဒီဖြစ်ရပ်တွေအပေါ်မှာ ကိုယ်တိုင်က ပြုမူခဲ့တာမဟုတ်တဲ့အတွက် အများကြီး ခံစားရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

ကျောင်းသားအရေးမှသည် နွေဦးသို့

၂၀၂၀ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့မှ အကျဉ်းထောင်ကနေ ပြန်လွှတ်ခဲ့ပါတယ်။

အဲ့ဒီကာလက ကိုဗစ်ရောဂါတွေ ဖြစ်ပွားနေတဲ့အချိန်ဖြစ်တဲ့အတွက် ကိုဗစ်ဗော်လန်ဒီယာအဖြစ်လည်း မကေကြီးက လုပ်ကိုင်ခဲ့ပါတယ်၊

၂၀၂၁ ခုနှစ်၊ စစ်တပ်က တတိယအကြိမ် အာဏာသိမ်းတဲ့အခါမှာတော့ တကသကျောင်းသားဟောင်းများ အင်အားစုထဲမှာ ပါဝင်ပြီးတော့ ဆန္ဒပြပွဲတွေ၊ ကမ်ပိန်းတွေ၊ ထောင်ဝင်စာပို့တဲ့လုပ်ငန်းတွေမှာ ပါဝင်ခဲ့ တယ်။

ကိုဗစ်ကာလဖြစ်နေတဲ့အတွက်လည်း‌ ဆေးဝါးဝယ်ပေးတာ၊ အောက်စီဂျင်ဝိုင်းရှာ‌ပေးတာ၊ ကိုဗစ်လူနာ တွေအတွက် လိုအပ်တဲ့ yellow flag ကမ်ပိန်းတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကပိုမိုဆိုးဝါးလာသလို လုံခြုံရေးခက်ခဲလာတဲ့အတွက် ရန်ကုန်မြို့ကို စွန့်ခွာပြီး ၂၀၂၁ အောက်တိုဘာလမှာ လွတ်မြောက်နယ်မြေကို ခြေချခဲ့ပါတယ်။

လွတ်မြောက်နယ်မြေမှာ ရဲဘော်တွေအတွက်၊ လိုအပ်နေတဲ့သူတွေအတွက်  ကျန်းမာရေးစောင့်ရှောက်မှု ပေးချင်တယ်ဆိုတဲ့ဆန္ဒနဲ့ ရောက်လာခဲ့တာဖြစ်ပါတယ်။

“လက်နက်ကိုင်လမ်းစဉ်တွေမှာ ပါဝင်နေတဲ့ရဲဘော်တွေအတွက် အထောက်ပံ့ပြုနိုင်တဲ့ကျန်းမာရေး တစုံ တရာများ ကိုယ်ဘာများလုပ်ပေးနိုင်မလဲဆိုတဲ့ စိတ်မျိုးနဲ့လာခဲ့တာပါ” လို့ဆိုပါတယ်။

ကိုယ်တိုင်ကျန်းမာသန်စွမ်းမှ တခြားသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မှာဆိုတဲ့စဥ်စားချက်နဲ့ ၂၀၂၂ ခုနှစ် ဇွန်လမှာ စစ်သင်တန်းတက်ရောက်ခဲ့တယ်။

သင်တန်းမတက်ရသေးခင်ကာလမှာ အဲ့ဒီဒေသက ပြည်သူတွေအတွက် လိုအပ်တဲ့ ကျန်းမာရေး‌စောင့် ရှောက်မှုတွေကို သူနာပြုကျောင်းသူ မကေကြီးက တတ်နိုင်သရွေ့လုပ်ပေးခဲ့တယ်။

အခြေခံစစ်သင်တန်းပြီးတဲ့နောက်မှာတော့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီး ကိုယ်တိုင်နည်းပြ အနေနဲ့ သင်တန်းပေးတာတွေ ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။

“သူနာပြုတက္ကသိုလ်တောက်လျှောက်မှာ လူနာကို စောင့်‌ရှောက်တဲ့အပိုင်းပေါ့။ တကယ့်လက်တွေ့မှာ ကိုယ်က ကုသရေးအပိုင်းမှာ ပေးနေရတာဖြစ်တဲ့အတွက် တော်တော်လည်းပြန်ပြီးတော့ လေ့လာရတယ်” လို့ မကေကြီးက ဆိုပါတယ်။

အရင်ရောက်နှင့်နေတဲ့ ဆေးပညာပိုင်းကျွမ်းကျင်သူတွေ၊ ဆရာဝန်တွေဆီက ဆေးပညာတွေကို လက် တွေ့ပိုင်းနဲ့ သီအိုရီတွေ လေ့လာသင်ယူခဲ့ရပါတယ်။

“သူတို့က တကယ့်မြေပြင်အခြေအနေမှာ  ကျေးဇူးတင်ထိုက်တဲ့ဆရာကောင်းတွေလို့ ပြောလို့ရပါတယ်။ သူတို့နဲ့အတူတူလုပ်ကိုင်ခဲ့တာကလည်း အတွေ့အကြုံတခုရော ပညာတခုရော ရခဲ့တာတွေရှိပါတယ်” လို့ ဆိုပါတယ်။

ရှေ့တန်းမှာ မိုင်းထိပြီးခြေထောက်ပြတ်သွားတဲ့ ရဲဘော်ကို ကိုယ်တိုင်ကုသပေးခဲ့ရတဲ့ အဖြစ်အပျက်က တော့ မကေကြီးအတွက် အမှတ်တရအဖြစ်ဆုံးပါပဲလို့ ဆိုပါတယ်။

အရင်က နောက်တန်းမှာ ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့အတူ ဒဏ်ရာရရဲဘော်တွေကို ကုသဖူးပေမယ့် ရှေ့ တန်းမှာ ကိုယ်တိုင်ဦးဆောင်ပြီး ထိခိုက်တဲ့ရဲဘော်ကို ကုသရတာကတော့ အမှတ်တရအရှိဆုံးလို့ ဆိုပါ တယ်။

မိုင်းထိလို့ ခြေထောက်ပြတ်၊ မေးရိုးပြုတ်လက်ထိထားတဲ့လူနာကို ထမ်းသွားကြပြီး လမ်းမှာလိုအပ်တဲ့ ကုသမှုတွေလုပ်ပေးရင်း  ဆေးရုံရောက်အောင်  ၆ ရက်လောက်သွားရတဲ့ ခရီးပဲဖြစ်တယ်လို့ သူကဆိုပါ တယ်။

“အဲဒီကေ့စ်ကတော့ မှတ်မှတ်ရရ ပထမဆုံး မိုင်းထိတဲ့ကေ့စ်နဲ့ပတ်သက်တဲ့ ပထမဆုံးအတွေ့အကြုံဖြစ် တယ်” လို့ဆိုပါတယ်။

လက်ရှိမှာတော့ ထိခိုက်ခဲ့တဲ့ရဲဘော်ဟာ ပြန်လည်သက်သာခဲ့ပြီး တာဝန်ထမ်းဆောင်နေဆဲဖြစ်ပါတယ်။

“ ပထမဆုံးစမြင်တုန်းကဆို အရပ်ရှည်ကြီးနဲ့ သန်သန်မာမာပုံစံမျိုးခံစားရတယ်။ တကယ့်တကယ် သူနဲ့ ရင်းနှီးပြီးတဲ့အချိန်ကျတော့ သူကအရမ်းနူးညံ့တယ်လို့ ခံစားရပါတယ်” လို့ မကေကြီးနဲ့ အတူတူတာဝန် ထမ်းဆောင်နေတဲ့ မဆုရည်က မှတ်ချက်ပြုပါတယ်။

သူကချစ်တတ်တယ်။ အလုပ်အကိုင်နဲ့ပတ်သက်ရင်လည်း စေ့စပ်တယ်။ အကုန်လုံးအတွက်ကို ခြုံငုံပြီး လုပ်နိုင်တယ်။ သူတာဝန်ယူထားတဲ့ ဆေးပိုင်းဆိုင်ရာအပြင် အခြားအုပ်ချုပ်ကွပ်ကဲတဲ့ဟာတွေ၊ အခြား သောအရာတွေ၊ ဒီမှာလည်ပတ်နေတဲ့စနစ်တခုမှာ ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲ၊ ဘယ်လိုလုပ် လိုက်ရင်တော့ ဘယ်လိုကောင်းသွားမလဲဆိုတဲ့အမြင်မျိုး သူ့ဆီမှာရှိတယ်”လို့ မဆုရည်က ဆိုပါတယ်။

ရှေးရိုးစွဲအယူအဆတွေကိုဆန့်ကျင်သူ

တော်လှန်ရေးခရီးကြမ်းကို လျှောက်လှမ်းလာသူ မကေကြီးဟာ ကျား၊မ ခွဲခြားမှုတွေ ရှေးရိုးစွဲအယူအဆ တွေနဲ့ပတ်သက်ပြီး ဆန့်ကျင်တော်လှန်ခဲ့သူဖြစ်ပါတယ်။

လက်နက်ကိုင်တိုက်ပွဲဝင်ဖို့အတွက် တိုင်းရင်းသားဒေသကိုရောက်တဲ့အခါမှာ  အမျိုးသမီးဝတ်ထဘီတွေ ကို ခွဲခြားတဲ့အယူအဆတွေ၊ အတွင်းခံလှမ်းတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ခွဲခြားမှုတွေနဲ့ပတ်သက်ပြီး ရှင်းပြ ခဲ့ရတာမျိုးတွေ ရှိခဲ့ပါတယ်။

 အမျိုးသမီးဝတ်ထဘီတွေ၊ အတွင်းခံတွေကို လှမ်းတာနဲ့ပတ်သက်ပြီး ဒါကြောင့် ဘုန်းနိမ့်တယ်ဆိုတာ မဟုတ်ဘူးဆိုတာမျိုးတွေ၊ နေရောင်ထဲမှာ လှမ်းသင့်တယ်ဆိုတာမျိုးတွေကို ကျန်းမာရေးရှု့ထောင့် အမြင် နဲ့ ကြုံရင်ကြုံသလို ပြောပြဖြစ်တယ်လို့ ဆိုပါတယ်။

မကေကြီးတို့  နေတဲ့နေရာမှာက အများအားဖြင့် အမျိုးသမီးဝတ်ထဘီ အတွင်းခံတွေကို ဝါးတန်းတွေနဲ့ လှမ်းလေ့ရှိကြတယ်လို့ ဆိုပါတယ်။

ဒီလိုလှမ်းရတဲ့အခါ တချို့က လူသွားလူလာများတဲ့နေရာမှာ မလှမ်းခိုင်းတာမျိုး၊ နေရောင်ခြည်မရှိတဲ့ နေရာမှာ လှမ်းခိုင်းတာမျိုးတွေကြုံတွေ့ရတဲ့အတွက် အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် နေရောင် ခြည်ရတဲ့နေရာမှာ လှမ်းသင့်တာမျိုး ရှင်းပြဖြစ်တယ်လို့ မကေကြီးက ဆိုပါတယ်။

“နေရောင်ရှိတဲ့နေရာမှာ ဘာကြောင့်လှမ်းသင့်လဲဆိုတာမျိုးတွေ၊ ဒါကျန်းမာရေးအရ လိုအပ်လို့ လှမ်းတာ၊  ဒီလိုလှမ်းလို့ ဘုန်းနိမ့်သွားတယ်၊ ဘာတယ်လို့ မဟုတ်ပါဘူးဆိုတဲ့ အကြောင်းတွေ ခဏခဏ ရှင်းပြခဲ့ရ တယ်” လို့ ဆိုပါတယ်။

တချို့ကလည်း ဒီအယူအဆတွေနဲ့ ပတ်သက်ပြီး ပြောင်းလဲလာကြတာရှိပေမယ့် တချို့ကလည်း ဆက် လက်ကိုင်စွဲထားသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“ရှေးရိုးစွဲယူလာတဲ့အယူဝါဒကို စွန့်ပစ်ဖို့ဆိုတာလည်း ကိုယ့်ရဲ့ခံယူချက်နဲ့ပဲ၊ ကိုယ်ပြောလိုက်လို့လည်း တချို့အရာတွေက ပြောင်းချင်မှပြောင်းသွားမယ်၊ ကိုယ့်ရဲ့ခံယူချက်နဲ့ ကိုယ်ကိုတိုင်ပြောင်းလဲမှသာလျှင် အဆင်ပြေမယ်” လို့ သူ့အမြင်ကိုပြောပါတယ်။

နွေဦးတော်လှန်ရေးထဲ ပါဝင်ခဲ့တာနဲ့ ပတ်သက်လို့လည်း မကေကြီးက “ ငါဘာလုပ်သင့်လဲတွေးပြီး လုပ်ခဲ့ သလိုပဲ၊ ကိုယ့်ကို ဒီအခင်းအကျင်းက ဘာလိုအပ်လဲ၊ အဲဒီလိုအပ်တဲ့ဟာကို လုပ်ပေးမယ်ဆိုတဲ့ အတွေး အခေါ်ပဲရှိခဲ့တာ၊ ကိုယ့်ရဲ့ဖြစ်ချင်တဲ့ဟာထက်ကို ကိုယ်ဘာလုပ်သင့်လဲ ပိုပြီးတော့ စဉ်းစားချက်ပိုရှိပါ တယ်”လို့ ဆိုပါတယ်။

မကေကြီးရဲ့ ကျောင်းသားလက်ရုံးတပ်တော်မှာလည်း ခြေလက်အဂ်ါဆုံးရှုံးသွားတဲ့ ရဲဘော်တွေနဲ့ပြည်သူ တွေအတွက် ခြေတုလက်တုနဲ့ပတ်သက်တဲ့ အလုပ်ရုံဖွင့်ဖို့ ကြိုးစားနေကြတာရှိတယ်လို့ ဆိုပါတယ်။

ခြေတုလက်တု လုပ်ဖို့အတွက်ကို ပညာရှင်လည်းရှိသလို တခြားပံ့ပိုးပေးမယ့် လူအရင်းအမြစ်လည်း ရှိနေပေမယ့် ငွေကြေးလိုအပ်ချက်ရှိနေသေးတဲ့အတွက် အကောင်အထည်မဖော်နိုင်သေးဘူးလို့ ဆိုပါ တယ်။

“ဒီထဲမှာတင် ဆက်ရှိပြီးတော့ တော်လှန်ရေးကာလမှာ ဒါကို ဒါပဲလုပ်သင့်တယ်။ ဒါပဲလုပ်ဖို့အတွက်ကို စဉ်းစားချက်ရှိတယ်”လို့ဆိုပါတယ်။

တော်လှန်ရေးအောင်တဲ့အချိန်ကျရင်တော့ လက်ရှိလေ့လာနေတဲ့ public administration နဲ့ ပြည်သူ လူထုကို service ပေးနိုင်မယ့်အခန်းကဏ္ဍတွေမှာ ပါဝင်ချင်တဲ့ စိတ်ဆန္ဒတော့ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ချစ်ရတဲ့သူနဲ့လက်တွဲ ဘဝထူထောင်ပြီး မိသားစုနဲ့အေးအေးချမ်းချမ်းနေထိုင်ကာ လူထုကို အကျိုးပြုတဲ့လုပ်ငန်းတွေ ဆောင်ရွက်ချင်တယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံး လက်နက်ကိုင်တော်လှန်နေတဲ့ အရင်ခံအကြောင်းတရားတခုကတော့ ခေတ်အဆက်ဆက် မဟာဖိုဝါဒကြီးစိုးခဲ့တဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတာဖြစ်ပါတယ်။

တနည်းအားဖြင့် မဟာဖိုဝါဒီစစ်ခေါင်းတွေရဲ့   ဒေါ်အောင်ဆန်းစုကြည်အပါအဝင်  အမျိုးသမီးတွေကို ခွဲခြားနိမ့်ချမှုတွေဟာ နိုင်ငံတည်ဆောက်ရေးအတွက် အောင်မြင်မယ့်နည်းတွေမဟုတ်ဘူးဆိုတာကို ပြသ နေတာပဲဖြစ်ပါတယ်။

အမျိုးသမီးတွေကို မခွဲခြားပဲ အသိအမှတ်ပြုလေးစားတန်ဖိုးထားခြင်းကသာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးရဲ့ ထူးခြားတဲ့လက္ခဏာတခုက ခေတ်အဆက်ဆက်မဟာဖိုဝါဒကြီးစိုးခဲ့ မြန်မာစစ်တပ် ကို ကလစ်နှိပ်၊ ထောက်ပို့လုပ်ကြတဲ့အိမ်ရှင်မတွေပါမကျန် အုံနဲ့ကျင်းနဲ့တော်လှန်နေကြတာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေနဲ့ပတ်သက်ပြီး မကေကြီးက ဒီလိုမှတ် ချက်ပေးပြောဆိုထားပါတယ်။ “တော်လှန်ရေးနဲ့အတူ အတွေးအခေါ်သစ်၊ အမြင်သစ်တွေ၊ ဒါတွေတစုံလုံး ပြန်ပြီး ပြောင်းလဲပြုပြင်သင့်တယ်လို့မြင်မိပါတယ်။

Author: