ရှစ်လေးလုံးမျိုးဆက်တို့ရဲ့ ဒုတိယမြောက်တော်လှန်ခြေလှမ်းများ
ထနောင်းမေ
မြို့ရဲ့အချက်အချာကျတဲ့ နေရာတခုမှာ လူစုလူဝေးတန်းများစွာနဲ့စုရုံးနေကြတယ်။ ဒီလူတွေဟာ လက် နက်ဆိုလို့ အပ်တိုတချောင်းမျှ မပါဘဲ ငြိမ်းချမ်းစွာနဲ့ စုဝေးတောင်းဆိုနေကြတာဖြစ်တယ်။ တိတိကျကျ ပြောရရင်တော့ မိတ္ထီလာမြို့ စျေးအနောက်ဖက် အခုနာရီစင်တည်ဆောက်ထားတဲ့ သံလမ်းကူးနဲ့ နာရီ စင်ကြားထဲမှာဖြစ်ပါတယ်။
ဒီလူအုပ်ကြီးထဲမှာ အသက်(၅၂)နှစ်အရွယ် ရှစ်ဆယ်ရှစ်မျိုးဆက် ဒေါ်မေမီခင်တစ်ယောက်လည်း ပါဝင်ပါတယ်။ ကြွေးကြော်သံတွေနဲ့ ချီတက်နေပြီးဖြစ်တဲ့ လူစုလူတန်းကြီးထဲမှာ ကိုယ်တိုင်ပါဝင်လှုပ်ရှားရ တဲ့အခါ ဒေါ်မေမီခင်တယောက်လွန်ခဲ့တဲ့ (၃၇)နှစ်က အချိန်တွေကို ပြန်အမှတ်ရမိနေတယ်လို့ဆိုပါတယ်။
အသက်အရွယ်၊ အခြေအနေနဲ့ ဖြတ်သန်းမှုအတွေ့အကြုံတွေမတူတော့ပေမယ့် စစ်အာဏာရှင်ကို တွန်းလှန်လိုစိတ်ကတော့ တစိုးတစိမှ မလျော့ခဲ့ပါဘူးလို့ ဆိုပါတယ်။
ရှစ်လေးလုံးတော်လှန်ရေးက အမွေပေးလိုက်တဲ့ မတရားမှုကို တော်လှန်စိတ်တွေကြောင့် ၁၉၈၈ အရေး တော်ပုံမှာ တစ်ထောင့်တနေရာကပါဝင်ခဲ့တဲ့ ဒေါ်မေမီခင်တို့လို အမျိုးသမီးတွေဟာ ၂၀၂၁ ခုနှစ်နွေဦး တော်လှန်ရေးမှာလည်း ပုံစံမျိုးစုံနဲ့ဆက်လက်ပါဝင်နေကြတာတွေ့ရပါတယ်။
၁၉၈၈ ခုနှစ်တုန်းက အသက်(၁၅)နှစ်အရွယ် ကိုးတန်းကျောင်းသူ မမေမီခင်တစ်ယောက် ရှစ်လေးလုံး အရေးအခင်းမှာ နိုင်ငံသားတစ်ဦးပီသစွာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ ကျောင်းသားထိုင်သပိတ် တွေမှာ ပါဝင်တာ၊ စီတန်းလှည့်လည်ဆန္ဒပြပွဲတွေမှာ ပါဝင်တာ၊ အစာငတ်ခံ သပိတ်တွေမှာ ပါဝင်ခဲ့ပါတယ်လို့ဆိုပါတယ်။
ရှစ်ဆယ့်ရှစ်တုန်းက ဆိုရှယ်မီဒီယာတွေ၊ ဖုန်းတွေ၊ မသုံးမပြုနိုင်သေးသော်လည်း ရေဒီယိုကတဆင့် ကျောင်းသားတွေ ပစ်သတ်ခံရတဲ့ သတင်းကိုကြားပြီး မခံမရပ်နိုင်တဲ့စိတ်နဲ့ ပါဝင်ဖြစ်ခဲ့တာလို့ ဒေါ်မေမီ ခင်က ပြောပြပါတယ်။
“ညနေစောင်း သပိတ်သိမ်းပြီး အိမ်ပြန်ရတဲ့အခါမှာ လမ်းတလျှောက်မှာရှိတဲ့ ပြည်သူရဲ့ကြိုဆိုအားပေးမှု ကို အလိုလိုကျလာတဲ့မျက်ရည်တွေကြားထဲမှာ မြင်တွေ့ရတဲ့မြင်ကွင်းကို အခုချိန်ထိမမေ့ခဲ့ပါဘူး”လို့ ဒေါ်မေမီခင်က လွမ်းဆွတ်ကြေကွဲသံအပြည့်နဲ့ ပြောပါတယ်။
လူငယ်ပီပီမတရားတာကို မခံချင်စိတ်တွေနဲ့ တက်ကြွစွာ ပါဝင်ခဲ့သော်လည်း ဖမ်းဆီးခံရမှာကို ကြောက် စိတ်အနည်းငယ်တော့ ရှိခဲ့တယ်လို့ ဒေါ်မေမီခင်က ဖွင့်ဟပါတယ်။
အဲဒီခေတ်ကတည်းက စစ်တပ်ရဲ့ မောင်းပြန်သေနတ်တွေနဲ့ လူအုပ်ထဲကို ပစ်တာအပါအဝင် ရက်စက် ကြမ်းကြုတ်မှုတွေကို ဒေါ်မေမီခင်တယောက် မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပါတယ်။
အဲဒီတုန်းက ခရီးသည်တွေပါတဲ့ မြင်းလှည်းတစ်စီးကို စစ်သားက ပစ်ခတ်ခဲ့ရာမှာ ခရီးသည်နှစ်ဦးသေဆုံး ခဲ့ရတာကို မျက်မြင်တွေ့ခဲ့ရတဲ့အတွက် တရားမျှတမှုကို ဖော်ဆောင်ဖို့၊ တာဝန်ရှိသူတွေကို အရေးယူနိုင်ဖို့ ယနေ့အထိ ရှိနေဆဲပါပဲလို့ ဒေါ်မေမီခင်က သူ့အတွေ့အကြုံတွေကိုပြောပြပါတယ်။
မိခင်ဖြစ်သူရဲ့ မျိုးရိုးက နိုင်ငံရေးမျိုးဆက်တွေဖြစ်တဲ့အတွက် မိခင်ဖြစ်သူတာဝန်ထမ်းဆောင်တဲ့ နေရာကို လာပြီး စုံစမ်းမေးမြန်းတာ၊ နိုင်ငံရေးမလုပ်ဖို့တားမြစ်တာတွေ၊ ဝန်ခံကတိလက်မှတ်ထိုးခိုင်းတာတွေ လည်းရှိခဲ့တယ်လို့ ဒေါ်မေမီခင်က ဆိုပါတယ်။ ဒေါ်မေမီခင်ကတော့ ကိုးတန်းကျောင်းသူအရွယ်ဖြစ်တဲ့ အတွက် တားမြစ်ခံရတာတော့ မရှိခဲ့ပါဘူး။
မိခင်ဖြစ်သူတာဝန်ထမ်းဆောင်တဲ့ စက်ရုံထဲမှာတော့ မနက်ပိုင်း နိုင်ငံရေးအကြောင်းတွေ စုပေါင်းပြော ဆိုမိရင် ညဘက်အချိန်မှာ လာရောက်ဖမ်းဆီးတာမျိုးတွေ၊ အလုပ်ဖြုတ်တာမျိုးတွေကြုံတွေ့ ရလေ့ရှိ တယ်လို့ ဒေါ်မေမီခင်က ရှစ်ဆယ်ရှစ်က အတွေ့အကြုံကို ပြန်ပြောပြပါတယ်။
ရှစ်လေးလုံးအရေးအခင်းကာလမှာ ဒေါ်မေမီခင်အပြင် တခြားသော အမျိုးသမီးတွေရဲ့နိုင်ငံရေးမှာ ပါဝင်မှု က အားမလျော့ခဲ့ပါဘူး။
ဒေါ်မေမီခင်ကို စာသင်ပေးတဲ့ဆရာမဖြစ်သူဟာ မြန်မာဆိုရှယ်လစ်လမ်းစဥ်ပါတီခေါ် မဆလပါတီဆန့် ကျင်ရေး နိုင်ငံရေးတရားတွေကို ဟောပြောခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။
“ရှစ်လေးလုံးကာလ နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်မှု အခန်းကဏ္ဍကို အရမ်းအားကျခဲ့ပါတယ်။ အမေစု ကိုလည်း အဲအချိန်ကတည်းက ရိုသေလေးစားထိုက်သူအဖြစ် သတ်မှတ်ထားပါတယ်”လို့ ဒေါ်မေမီခင်က ဆိုပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ စစ်တပ်က အကြမ်းဖက်နှိမ်နင်းလို့ တောင်းဆိုမှုတွေ မရခဲ့ပေမယ့်လည်း အကြောက်တရားတွေနဲ့ နှစ်ပေါင်း ၃၀ ကျော်နေထိုင်ခဲ့ကြရတယ်။ နိုင်ငံရေးစိတ်မကုန်တဲ့အတွက် BBC VOA သတင်းတွေကို ရေဒီယိုကနေ မိတစ်ချက်မမိတချက် တိတ်တိတ်ကလေးခိုးနားထောင်ရင် အခြေ အနေတွေ ဘယ်တော့ပြောင်းမလဲ စောင့်ကြည့်ခဲ့ရတယ်လို့ ဆိုပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံက ဒေါ်မေမီခင်ကို မျိုးစေ့ချမွေးဖွားပေးလိုက်တဲ့ စစ်အာဏာရှင်စနစ်တော် လှန်စိတ်တွေဟာ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ပြန်လည်အသက်ဝင်လာပါတော့တယ်။
“၈၈ ခုနှစ်နောက်ပိုင်းအာဏာရှင်ရဲ့ တသွေးတသံတမိန့်စနစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ သုံးဆယ့်သုံးနှစ်တာ အကြောက်တရားတွေထဲက လွတ်မြောက်ခွင့်ကို နောင်လာနောင်သားတွေအတွက် ဆန့်ကျင်ခဲ့ပါတယ်” လို့ ဒေါ်မေမီခင်က ဆိုပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေ၊ silentသပိတ်၊ ပန်းသပိတ်၊ သပိတ်စစ်ကြောင်းတွေမှာ နေ့စဉ်ပါဝင်ခဲ့တယ်။ ဆန္ဒပြပွဲတွေကို စစ်ကောင်စီရဲ့လက်နက်သုံးအကြမ်းဖက်မှုတွေကိုလည်း ကြုံတွေ့ ခဲ့ရတယ်။
နောက်ပိုင်းသပိတ်တွေ မထွက်နိုင်တော့တဲ့အခါမှာလည်း လူမှုကွန်ရက်ကတဆင့် အာဏာရှင်ကိုဆန့်ကျင် ခဲ့တယ်။
၁၅ နှစ်သမီး ကိုးတန်းကျောင်းသူအဖြစ်နဲ့ ၁၉၈၈ သြဂုတ်လ ၈ ရက် ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တုန်းက အဖမ်းမခံရတဲ့ ဒေါ်မေမီခင်ဟာ ၂၀၂၁ ၆ လပိုင်း ၃ ရက်နေ့မှာတော့ နိုင်ငံတော် အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅ က နဲ့လာရောက်ဖမ်းဆီးခံရပြီးတော့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပါတယ်။ လွတ်ခါနီး ၁၀ ရက်အလိုဖြစ်တဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့ လွတ်ငြိမ်းနဲ့ပြန်လည်လွတ်မြောက်ခဲ့တယ်။
အမျိုးသမီးတစ်ဦးအနေနဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အခါ မိသားစုအရေး၊ လူမှုပတ်ဝန်း ကျင်ရဲ့ပြုမူပုံတွေစတဲ့ အခက်အခဲတွေနဲ့လည်း ဒေါ်မေမီခင်ရင်ဆိုင်ခဲ့ရတယ်။
“မိသားစုကိုစွန့်ပြီးတော့ ထောင်ကိုရောက်တဲ့အချိန်မှာ ရင်းခဲ့ရတဲ့အချိန်တွေ၊ ရိုက်ချိုးခံရတဲ့စိတ်ဓာတ်တွေ အဲဒါတွေကို ကြုံခဲ့ရတယ်။ ကိုယ့်ရဲ့နောက်ကွယ်မှာ မိသားစု အဆင်ပြေပါ့မလား မိသားစုဘာဖြစ်မလဲ ဆိုတဲ့အတွေးတွေကို နေ့တိုင်းညတိုင်းလိုလိုတွေးခဲ့ပေမယ့် ဘယ်လိုမှ ဆက်သွယ်လို့မရတဲ့ အနေအ ထားမှာ အားမတန်လို့ မာန်လျော့ပြီးတော့ နေရတဲ့စိတ်ဓာတ်တွေကို အမြဲတမ်းပြုပြင်ကြိုးစားခဲ့ရတယ်” လို့ ဒေါ်မေမီခင်က ဆိုပါတယ်။
အကျဉ်းထောင်က လွတ်မြောက်ပြီးနောက်မှာလည်း စောင့်ကြည့်ခံရတာ၊ မလုံခြုံတာတွေကို ကြုံတွေ့ ရတဲ့အပြင် နိုင်ကျဉ်းဆိုတဲ့သတ်မှတ်ချက်ကြောင့် ဆွေမျိုးတွေ၊ မိတ်ဆွေတချို့ရဲ့ ဖယ်ကြဉ်ခြင်းကိုခံရတာ၊ အလုပ်အကိုင်ရှားပါးတာတွေကို ရင်ဆိုင်ခဲ့ရတယ်။
“ကိုယ်လွတ်လာတဲ့အချိန်မှာလည်း ကိုယ့်ကိုစကားမပြောချင်တာတွေ၊ စကားမပြောရဲတာတွေ။ ကိုယ်နဲ့ တွေ့လိုက်လို့ စကားပြောရင်ပဲ သူတို့ကိုယ်တိုင်အဖမ်းခံရပြီးတော့ ဒုက္ခတွေရောက်မယ်ဆိုတဲ့ပူပန်မှုတွေနဲ့ ကိုယ့်ကိုရှောင်သွားတာတွေ အဲဒီလိုစိန်ခေါ်မှုတွေကို ကြုံခဲ့ရပါတယ်”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကရင်ပြည်နယ်က လွတ်မြောက်နယ်မြေမှာ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေကို လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ဆောင်ရွက်တဲ့အဖွဲ့အစည်းမှာ မြေပြင်တာဝန်ခံ အဖြစ်တာဝန် ထမ်းဆောင်နေပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးမှာ ရှစ်ဆယ်ရှစ်ကထက် လူငယ်မိန်းကလေးတွေနိုင်ငံရေးမှာ အများကြီးပါဝင် လာတဲ့အပေါ် အများကြီးဝမ်းသာတယ်လို့ ဒေါ်မေမီခင်က ဆိုပါတယ်။
“အရင်ရှစ်ဆယ်ရှစ်တုန်းကတော့ မိန်းကလေးတွေထက် ယောကျ်ားလေးတွေက ပိုပြီးလှုပ်ရှားကြတယ်၊ အခုကျတော့ အမျိုးသားတွေနဲ့အမျိုးသမီးတွေတန်းတူ ဂျဲန်ဒါမခွဲခြားဘဲနဲ့ ပုခုံးယှဉ်ပြီး ပါဝင်လာတဲ့အ တွက် အများကြီးကျေနပ်ခဲ့ရပါတယ်” လို့ ဒေါ်မေမီခင်က ရှစ်လေးလုံးနဲ့နွေဦးတော်လှန်ရေးကို နှိုင်းယှဥ် ပြပါတယ်။
ဒေါ်မေမီခင်နည်းတူ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး လက်ရှိနွေဦးတော်လှန်ရေးမှာလည်း တက်ကြွစွာ ပါဝင်နေသူကတော့ အသက်(၆၃)နှစ်အရွယ် ဒေါ်မာလာပဲဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကာလတုန်းက ဒေါ်မာလာဟာ တက္ကသိုလ် တတိယနှစ်၊ စာပေးစာယူသင်တန်း တက်ရောက်နေခဲ့တဲ့အသက် (၂၇)နှစ်အရွယ် ကျောင်းသူတစ်ဦးဖြစ်ပါတယ်။ သူဟာ တက္ကသိုလ်သမဂ္ဂများ အသင်းနဲ့ပူးပေါင်းပြီး ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တယ်။
“စက်မှုတက္ကသိုလ်ကျောင်းသား မောင်ဖုန်းမော်ကျဆုံးခြင်းနဲ့ ငွေစက္ကူဖျက်သိမ်းခြင်းကြောင့် ပြည်သူများ ရဲ့ အားလုံးအုံကြွမှုကြီးပေါ်ပေါက်ခဲ့တယ်။ အဲလိုအုံကြွမှုကြီးမှာ တက္ကသိုလ်ကျောင်းသားဆိုတဲ့စိတ်နဲ့ရယ် မတရားဘူးလို့ ခံယူချက်နဲ့ ပူးပေါင်းပါဝင်သင့်တယ်လို့ထင်လို့ ပါဝင်ခဲ့ပါတယ်”လို့ ဒေါ်မာလာက သူ့ခံယူ ချက်ကို ပြောပြပါတယ်။
အဲဒီကာလတုန်းက ဦးဆောင်တဲ့နေရာက ပါဝင်ခဲ့တာမဟုတ်တဲ့အတွက် စောင့်ကြည့်ဖမ်းဆီးခံရတာ မျိုးတော့ မကြုံခဲ့ရပါဘူးလို့ သူကဆိုပါတယ်။
“အဲ့ဒီခေတ်တုန်းက အမျိုးသမီးထုအနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုမှာပါဝင်ခဲ့တယ်။ ပြည်သူအားလုံးကလည်း သူ့နေရာအလိုက်ပါဝင်နေကြတာဖြစ်တဲ့အတွက် အမျိုးသမီးဖြစ်လို့ တားဆီးမှုတွေလည်းမရှိခဲ့ဘူး” လို့ဒေါ် မာလာက ဆိုပါတယ်။
နောက်ပိုင်း ပါတီနိုင်ငံရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေဖြစ်လို့ ခွဲခြားမှုတွေတော့ မကြုံခဲ့ရပဲ အမျိုး သမီးတွေကို နိုင်ငံရေးထဲမှာ ပါဝင်ဆောင်ရွက်ဖို့ စည်းရုံးသိမ်းသွင်းနေတဲ့အချိန်ဖြစ်တဲ့အတွက် အမျိုးသမီး တွေကို ဖိတ်ခေါ်တာမျိုးတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ ဒေါ်မာလာဟာ NLD ပါတီမှာ ပါတီတာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။
ဒေါ်မာလာဟာ ၁၉၈၉ ခုနှစ်မှာ NLD မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့ရဲ့ ဘဏ္ဍာရေးမှူး၊ ၁၉၉၀ မှာ လူငယ် လုပ်ငန်းအဖွဲ့၊ တွဲဘက်တာဝန်ခံ၊ ၁၉၉၅ ခုနှစ်မှာ NLD မြို့နယ်အလုပ်အမှုဆောင်၊ ၂၀၂၂ ခုနှစ်မှာ မြို့နယ် အတွင်းရေးမှူးတာဝန်ကို ယနေ့အချိန်အထိ တာဝန်ထမ်းဆောင်နေပါတယ်။
စစ်အုပ်ချုပ်ရေးခေတ်မှာ ပါတီတာဝန်ထမ်းဆောင်နေမှုကြောင့် စစ်တပ်ရဲ့စောင့်ကြည့်ခံရမှုတွေလည်း ကြုံတွေ့ခဲ့ရတယ်။
အိမ်ထောင်ပြုတဲ့ မင်္ဂလာပွဲကို ထောက်လှမ်းရေးတွေကစောင့်ကြည့်ခဲ့သလို ၂၀၁၀ သားရှင်ပြုပွဲမှာလည်း အင်နဲ့အားနဲ့စောင့်ကြည့်ခဲ့တယ်လို့ စစ်တပ်ရဲ့စောင့်ကြည့်ခံနေရတဲ့အခြေအနေတွေကို ဒေါ်မာလာက ရှင်းပြတယ်။
လက်ရှိအချိန်ထိလည်း စောင့်ကြည့်စာရင်းမှာ အမြဲရှိနေပြီး နွေဦးတော်လှန်ရေးမှာလည်း ရဲစခန်း၊ မြို့နယ် ထွေအုပ်ရုံးတွေမှာ ဦးဆောင်ပါဝင်သူစာရင်းအဖြစ် ပါဝင်နေတယ်လို့ဆိုပါတယ်။
လက်ရှိနွေဦးတော်လှန်ရေးမှာလည်း ဒေါ်မာလာဟာ နိုးကြားတဲ့နိုင်ငံရေးစိတ်ဓာတ်တွေနဲ့ ထပ်မံပါဝင် ခဲ့ပြန်ပါတယ်။ အသက်အရွယ်အရ မြေပြင်မှာ မဆောင်ရွက်နိုင်ပေမယ့် ထောက်ပို့အဖြစ်ပါဝင်ဆောင် ရွက်နေတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်မှာ ကိုယ်ပိုင်ငွေနဲ့ မြို့နယ်လူငယ်ဦးဆောင်သူတွေကို ချိတ်ဆက်ပြီး save House အခန်းငှားရမ်းခထောက်ပံ့တာ၊ မိတ်ဆွေလှုပ်ရှားမှုထဲမှာ ပါဝင်နေတဲ့ သူငယ်ချင်းတွေလိုအပ်တဲ့ ဖုန်းဘေလ်၊ ဆေးဝါး တွေကို ပံ့ပိုးခဲ့တယ်လို့ ဆိုပါတယ်။
စစ်သုံးစရိတ်၊ ရိက္ခာအတွက်လည်း စိတ်တူကိုယ်တူမိတ်ဆွေတွေနဲ့အတူ စုပေါင်းကြော်လှော်ချက်ပြုတ် ပေးပို့ခဲ့တာတွေ ဆောင်ရွက်ခဲ့တယ်။
၂၀၂၄ နောက်ပိုင်းမှာလည်း ကိုယ်ပိုင်ငွေနဲ့ မိတ်ဆွေတွေက သုံးစွဲဖို့ပေးပို့တဲ့ငွေတွေကို လိုအပ်တဲ့နေရာ တွေကို နိုင်သလောက် ထောက်ပို့နေတယ်လို့ဆိုပါတယ်။
တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အတွက်လည်း လုံခြုံရေးအခက်အခဲ၊ တကိုယ်ရည်ရပ်တည်ရေး စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။
“ဆွေမျိုးမိတ်ဆွေတွေ အိမ်မှာခိုနားစဉ်မှာ ကျွန်မရဲ့ပါတီတာဝန်၊ နိုင်ငံရေးတာဝန်တွေကို Online နဲ့ လုပ် ဆောင်နေတာကို အိမ်ရှင်များက ကြောက်ရွံမှုရှိတာကို သိရတဲ့အတွက် နေရာပြောင်းရွေ့မှုများစွာ လုပ်ခဲ့ရ တယ်။ တာဝန်တွေကို လုပ်ဆောင်ဖို့ အဆင်ပြေတဲ့မိသားစုတွေနဲ့ကြတော့လည်း မီးမရှိခြင်းကြောင့် ဆက်သွယ်ရေးခက်ခဲတာ၊ တာဝန်ပျက်ရတာတွေရှိတယ်”လို့ ဒေါ်မာလာက ဆိုပါတယ်။
၂၀၂၁ ခုနှစ်မတ်လ ကတည်းက အိမ်မှာမနေတော့ဘဲ နေရာတွေ အမျိုးမျိုးရွေ့ပြောင်းနေထိုင်ခဲ့ရတယ်။
အဲဒီအတောအတွင်း စောင့်ကြည့်ခံရတာ၊ ဧည့်စာရင်းစစ်မယ်လို့ သတင်းကြားရင် နေရာရွေ့ပြောင်းနေ ထိုင်ရတာ စတဲ့အခက်အခဲတွေကြောင့် ၂၀၂၂ ခုနှစ်မှာ ထိုင်းနိုင်ငံနယ်စပ် မဲဆောက်ကိုရောက်ရှိလာ ခဲ့တယ်။
ဒါ့အပြင် ကိုယ့်ကို ဆက်သွယ်ပတ်သက်ရင် အဖမ်းခံရမှာစိုးတယ်ဆိုတဲ့စိတ်နဲ့ အဆက်အသွယ်မပြုကြတဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ဖယ်ကြဉ်ခြင်းကိုလည်း ခံခဲ့ရတယ်။
“ရှစ်လေးလုံး ခေတ်မှာတော့ အမျိုးသမီးတွေက နိုင်ငံရေးအသိပညာ အားနည်းခဲ့တယ်။ ဒါပေမယ့်နွေဦး တော်လှန်ရေးမတိုင်ခင် ငါးနှစ်ကာလမှာ NLD အစိုးရတာဝန်ယူခဲ့တဲ့ ငါးနှစ်တာကာလမှာ ဒီမိုကရေစီရဲ့ အရသာကို မြည်းစမ်းခွင့်ရလိုက်တာရယ်၊ နောက်ပြီးတော့ မဲဆန္ဒပေးခြင်းဟာ ပြည်သူတွေ ကိုယ်တိုင် သူတို့ဆန္ဒနဲ့ မဲပေးခြင်းကြောင့် ကွဲပြားခြားနားစွာ အဖြေရရှိပေမယ့်လည်း မတရားတဲ့ မဲခိုးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခြင်းကို လက်မခံနိုင်တာတွေကြောင့် အမျိုးသမီးတွေဟာလည်း များစွာ ပါဝင်လာကြတာကို တွေ့ရပါတယ်” လို့ဒေါ်မာလာက မှတ်ချက်ပြုပါတယ်။
ဒေါ်မေမီခင်နဲ့ ဒေါ်မာလာနည်းတူ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး လက်ရှိနွေဦးတော်လှန်ရေး မှာလည်း ပါဝင်နေသူကတော့ အသက်(၆၅)နှစ်အရွယ် ဒေါ်ရီစိန်(ခ)မဘေဘီပါ။
ရှစ်လေးလုံးအရေးအခင်းမှာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့အပြင် လက်နက်ကိုင်လမ်းကြောင်းကို ရွေးချယ်ပြီး စစ်သင်တန်းတက်ခဲ့တဲ့အမျိုးသမီးတွေထဲမှာ ဒေါ်ရီစိန်တစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။
ဒေါ်ရီစိန်တို့စစ်သင်တန်းတက်တုန်းက မိန်းကလေး သုံးယောက်ပါဝင်ခဲ့ပြီး သုံးယောက်မှာ ဒေါ်ရီစိန်တစ်ယောက်သာ စစ်သင်တန်းပြီးဆုံးအောင် တက်နိုင်ခဲ့ပါတယ်။တခြားသူတွေက ကျန်းမာရေးအခြေအနေ ကြောင့် ပြီးဆုံးအောင် မတက်နိုင်ခဲ့ပါဘူး။
“စိတ်မာတယ်လို့ပြောရမယ်။ PT ပြေးတာတွေလည်းမှန်တယ်။ နေမကောင်းလည်း ကုန်းရုံးထခဲ့တယ်” လို့ ဒေါ်ရီစိန်က ဆိုပါတယ်။
တောထဲမှာ စစ်သင်တန်းတက်ပြီး အဲဒီနောက်မှာတော့ စစ်ကောင်စီထိုးစစ်ကြောင့် တချို့စခန်းတွေကျ သွားသလို၊ စခန်းတွေ အသိမ်းခံလိုက်ရတဲ့အခါတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ တနေရာတည်း အတည် တကျမရှိတော့ဘဲ မကြာခဏရွေ့ပြောင်းရတဲ့အတွက် ဒေါ်ရီစိန်ရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာလည်း စိန်ခေါ်မှုတွေ ရှိလာခဲ့ပါတယ်။
အဲဒီနောက် ဘန်ကောက်ကနေတဆင့် မြန်မာပြည်ထဲပြန်ဝင်ဖို့ အစီအစဉ်ရှိခဲ့ပေမယ့် သတင်းပေါက် ကြားမှုကြောင့် ဝင်လို့မရတော့ဘဲ ကနေဒါနိုင်ငံကို ၁၉၉၄ ခုနှစ်မှာ ရောက်ရှိခဲ့ပြီး ကားမောင်းတဲ့ အလုပ် လုပ်ကိုင်ရင်း ရှင်သန်ရပ်တည်ခဲ့တယ်။
နွေဦးတော်လှန်ရေးမှာလည်း ရှစ်လေးလုံးကပေးလိုက်တဲ့ နိုင်ငံရေးအမွေတွေကြောင့် တော်လှန်ရေးကို ကနေဒါကနေ ဆက်လက်ပါဝင်ဖြစ်ခဲ့တာဖြစ်ပါတယ်။
“စိတ်ကလည်း အရင်ထဲကလည်း စစ်အစိုးရဆို မကျေနပ်တာဆိုတော့ အဲဒီမှာဝင်ပါတယ်” လို့ သူကဆို ပါတယ်။
အစောပိုင်းဆန္ဒပြပွဲတွေမှာ လူငယ်တွေကို ရေဝေတာ၊ လိုအပ်တဲ့ ဦးထုတ်ဝေတာ၊ ထမင်းထုတ်ဝေတဲ့သူ တွေအတွက် အဝေးကကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဒေါ်ရီစိန်က ရှင်းပြပါတယ်။
နောက်ပိုင်းမှာလည်း CDM တွေ တော်လှန်ရေးမှာ ပါဝင်နေတဲ့ လူငယ်တွေအတွက် လိုအပ်တဲ့ ထောက်ပို့ လုပ်ငန်းမှန်သမျှကို အဝေးကနေ ကူညီပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။
ကနေဒါနိုင်ငံမှာ နေထိုင်ရင်း ဟင်းချက်ရောင်းတာ၊ အိတ်တွေ၊ အကျီတွေချုပ်ရောင်းတာ၊ တံဆိပ်လေးတွေ သော့ချိတ်လေးတွေလုပ်ရောင်းပြီး ရန်ပုံငွေရှာခဲ့သလို တစ်လနှစ်ခါ ဟင်းချက်ရောင်းပေမယ့် နောက်ပိုင်း ဒေါ်ရီစိန်ငှားနေတဲ့ အိမ်ရှင်က ဟင်းချက်တာမကြိုက်တဲ့အတွက် ဆက်မလုပ်ဖြစ်တော့ဘဲ လက်ရှိမှာတော့ လေယာဉ်ကွင်းမှာ ကားမောင်းတဲ့အလုပ်အပြင် အစားအသောက်တွေ ပို့တဲ့အလုပ်လုပ်ရင်း အဲဒီကရတဲ့ ဝင်ငွေနဲ့ တော်လှန်ရေးအတွက် ထောက်ပို့လုပ်နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိလည်း တော်လှန်ရေးမှာကိုယ်လက် အင်္ဂါချို့ယွင်းသွားတဲ့လူငယ်တွေအတွက် လိုအပ်တဲ့ကူညီမှုတွေပြုဆက်လုပ်ပေးနေဆိုပါတယ်။
လက်ရှိတော်လှန်ရေးမှာ အမျိုးသမီးတွေအများအပြားပါဝင်နေတဲ့အပေါ်မှာလည်း အခုလိုမှတ်ချက်ပြုပါတယ်။
“မိန်းကလေးတွေကအများကြီးတပ်တွေမှာလည်း စစ်ကလည်းတကယ်တိုက်ရတဲ့အခြေအနေဆိုတော့ ကလေးတွေက ကျွန်မတို့ထက်လည်းပိုပြီးရဲရင့်တယ်လို့ပြောချင်တယ်။ ရဲရင့်တယ်။အမျိုးသမီးတွေပိုပြီးတော့ တရားမျှတမှုကို ပိုလိုချင်တဲ့စိတ်ရှိတယ်လို့ယုံကြည်တယ်” လို့ဆိုပါတယ်။
တော်လှန်ရေးနှစ်ခုစလုံးမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ ရှစ်လေးလုံးမျိုးဆက်အမျိုးသမီးတွေဟာ စစ်အာဏာရှင်အမြစ်ပြက်နိုင်ဖို့အတွက် တူညီတဲ့ ရည်ရွယ်ချက်ပန်းတိုင်တွေရှိနေကြပါတယ်။
“မသေခင်မှာတော့ စစ်အစိုးရပြုတ်ကျတာကို တဆွေတမိုးလုံးမျိုးဆက်ပြုတ်သွားတာကိုမြင်ချင်တာပေါ့။ ဒီလိုစိတ်နဲ့ပါခဲ့တာပဲ၊အသက်ရှိနေသရွေ့ကတော့ စစ်အစိုးရကိုဆက်ပြီးတော်လှန်သွားမှာပဲ”လို့ဒေါ်ရီစိန်ကဆိုပါတယ်။
၁၉၆၂ခုနှစ်ပထမအကြိမ်စစ်အာဏာသိမ်းစသိမ်း ကျောင်းသားလူငယ်တွေဟာလက်ခံဆန်ကျင့်တော်လှန်ခဲ့တယ်၊ဦးသန့်၊မှိုင်းရာပြည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေရှိခဲ့ပေမယ် ပြည်သူတွေပါစာနာထောက်ခံမှုလောက်ပဲရှိခဲ့တာ တွေ့ရပါတယ်။
ရှစ်ဆယ်ရှစ်အရေးတော်ပုံကြီးဖြစ်ပွားခဲ့တဲ့ ပင်မအခြေခံအကြောင်းတရားက ၁၉၈၇ ငွေစက္ကူဖျက်သိမ်းခံရတာကနေစတဲ့အကြောင်း။ပြည်သူအတော်များများ လက်ထဲငွေမရှိ/သုံးမရတော့လို့ စားဝတ်နေရေးဒုက္ခအတော်ရောက်ခဲ့ရပါတဲ့အကြောင်း ပြည်သူအားလုံးနီးပါးကိုတိုက်ရိုက်သက်ရောက်ခဲ့တယ်ဆိုတဲ့အကြောင်း ရှစ်ဆယ်နဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးနှိုင်းယှဥ်သုံးသပ်ချက်တချို့တွေရပါတယ်။
အထူးသဖြင့်၂၁ ရဲ့ပင်မအခြေခံအကြောင်းတရားကတော့ နိုင်ငံရေးခေါင်းဆောင်နဲ့တပ်မတော်ခေါင်းဆောင်နှစ်ဦးကစတယ်ဆိုတဲ့ ပုဂ္ဂိုလ်ပဋိပက္ခဆိုတဲ့ အမြင်တချို့လည်းတွေရပါတယ်
၂၀၂၀ မဲစာရင်းလွဲမှားမှုရှိနေတယ်လို့တပ်ဘက်ကထောက်ပြတာကို ဖြေရှင်းကြဖို့နည်းလမ်းမရှာနိုင်ခဲ့ကြရာကနေ တဘက်နဲ့တဘက်စွပ်စွဲပြစ်တင်ကြပြီးအာဏာသိမ်းမှုဖြစ်စဥ်ဖြစ်လာတာဆိုပြီးသုံးသပ်သူတချို့လည်းရှိပါတယ်။အထူးသဖြင့် အဲဒီအချိန် ရွေးကောက်ပွဲကော်မရှင်နဲ့၊လွှတ်တော်ဥက္ကဌနဲ့ သမ္မတတို့မှလည်း နိုင်ငံရေးပဋိပက္ခ ကြီးမားလာနိုင်တာကိုအမျှော်အမြင်နည်းကြပီး နည်းလမ်းကောင်းရှာ မဖြေရှင်းနိုင်ခဲ့တာဆိုတဲ့ ၂၀၂၁နွေဦးတော်လှန်ရေးအကြောင်းအရင်းနဲ့ပတ်လို့ လူပုဂ္ဂိုလ်ဗဟိုပြုစဥ်းစားပြစ်တင်တဲ့သူတွေလည်းရှိပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ရက် သိမ်းမှုဖြစ်စဥ်အစမှာ ရှစ်ဆယ်ရှစ်တုန်းကလို လူထုစားဝတ်နေရေးကိုထူးခြားတဲ့ထိခိုက်မှုမရှိသေးဆိုတဲ့သုံးသပ်ချက်တွေလည်းရှိပါတယ်။
၁၉၈၈ခုနှစ် အရေးတော်ပုံကြီးမှာတော့ ကျောင်းသားလူငယ်တွေစတင်လိုက် တပါတီအာဏာရှင်စနစ်ဆန့်ကျင့်ရေး ဒီမိုကရေစီရေးလှုပ်ရှားမှုကြီး တနိုင်ငံလုံးလှည်းနေလှေအောင်း မြင်းဇောင်းပါမကျန်ပါဝင်ခဲ့လို့ ၂၆နှစ်ကြာတည်ဆောက်ထားတဲ့ တပါတီအာဏာရှင်စနစ်ဟာ သမိုင်းအမှိုက်ခြင်းထဲရောက်သွားခဲ့ရပါတယ်။
တကယ်တော့ ၁၉၆၂ ဇူလိုင်၇ ရက်၊ဦးသန့်၊မှိုင်းရာပြည် ၁၉၈၈ခုနှစ်ကနေ အခု ၂၀၂၁နွေးဦးတော်လှန်ရေးအထိ မျိုးဆက်နဲ့ချီတဲ့ လူထုလှုပ်ရှားမှုတွေဟာ စနစ်ဆိုးတခုဖိနှိပ်မှုဆန့်ကျင့်ရမယ်ဆိုတဲ့ပင်မအကြောင်းတရားပေါ်မှာသားအခြေခံနေတာလိုဆိုနိုင်ပါတယ်။ ဖိနှိပ်မှုကြောင့်ဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုတွေတိုင်းမှာ မျိုးဆက်အလိုက် ကျရာအခန်းကဏ္ဏပါ အမျိုးသမီးတွေ ပါဝင်နေတယ်ဆိုတာကို ဒေါ်မေမီခင်၊ဒေါ်မာလာဟာ၊ဒေါ်ရီစိန် တို့ရဲ့ဆန္ဒပြတဲ့သူ၊ထောက်ပံကူညီသူ၊ပါတီဝင်၊ချက်ပြုတ်ရောင်းချသူ၊ယာဥ်မောင်းသူ စသဖြင့် ပုံသဏ္ဏန်မျိုးစုံနဲ့ပါဝင်နေတာတွေရပါတယ်။
ရှစ်ဆယ်ရှစ်ကစခဲ့တဲ့ တပါတီအာဏာရှင်စနစ်စနစ်ဆန့်ကျင့်ရေးမှာ အခု၂၀၂၁ နွေဦးတော်လှန်ရေးလို့ပြောတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင့်ရေး ဖက်ဒရယ်ဒမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာရော အမျိုးသမီးတွေဟာ ပိုင်းဖြတ်ချက်ရှိရှိပါဝင်နေတယ်ဆိုအောက်ဖော်ပြပါ ဒေါ်မာလာစကားကသက်သေပြလို့နေပါတယ်။
“စကစရဲ့မတရားမှုမှာ အမြစ်ပြတ်အောင်တိုက် ရမယ်ဆိုတဲ့စိတ်ဓာတ်ခိုင်မာမှုမျိုးကိုလည်းသွင်းထားတယ်။ ဒီအချိန်မှာမတိုက်နိုင်ရင် နောင် တသက်လုံး စစ်ကျွန်ဘဝက ဘယ်တော့မှပျောက်ပျက်မှာ မဟုတ်တဲ့အတွက်ဒီတော်လှန်ရေးမှာ ဆက်လက်ပါဝင်နေရခြင်းဖြစ်ပါတယ်”လို့ဒေါ်မာလာက ဆိုပါတယ်။











