မြေရှားသတ္တုတွင်းမှ အမျိုးသမီးများ လိင်အမြတ်ထုတ်ခံရ
ကချင်ပြည်နယ်၊ ပန်ဝါနှင့် ချီဖွေဒေသတစ်ဝိုက်ရှိ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ အခွင့်အရေးချိုးဖောက်မှုနှင့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကို ဆိုးရွားစွာ ခံစားနေရကြောင်း အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်သူ ဆရာမ နန်ပူ(ကချင်)က ပြောကြားလိုက်ပါသည်။
အဆိုပါ မြေရှားတူးဖော်ရေး ဧရိယာများသည် အများပြည်သူ ဝင်ထွက်ခွင့် ကန့်သတ်ထားပြီး အလုပ်သမားများအတွက် လုံခြုံမှုမရှိသော နေရာများ ဖြစ်နေသည်ဟုသိရသည်။
အလုပ်လုပ်ရန် ခေါ်ယူခံရသော အမျိုးသမီးများကို တရုတ်အမျိုးသားများနှင့် အိပ်ခိုင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်ခြင်းများ ကြုံတွေ့နေရပြီး တိုင်ကြားရန်နေရာမရှိ ဖြစ်နေကြသည်ဟု ဆရာမ နန်ပူက ဆိုပါသည်။
“သူတို့ မကြိုက်ဘူးဆိုရင်တောင် ဘယ်မှာမှ တိုင်လို့မရဘူး။ တိုင်ရင်လည်း အရေးယူပေးမယ့်သူ မရှိဘူး။ အလုပ်မလုပ် ချင်တော့ဘဲ ပြန်မယ်ဆိုရင်လည်း ပြန်ချင်တိုင်း ပြန်လို့မရတဲ့ အခြေအနေတွေ ရှိတယ်” ဟု အမျိုးသမီးများအခြေအနေကို ဆရာမနန်ပူက ရှင်းပြသည်။
ယင်းအခြေအနေများသည် ဒေသတွင်း နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ကျား၊မ မညီမျှမှုနှင့် အမျိုးသမီးများအပေါ် နှိမ့်ချ ဆက်ဆံသည့် လူမှုစံနှုန်းများကြောင့် ပိုမိုဆိုးရွားစေသည်ဟု ဆရာမ နန်ပူက ထောက်ပြသည်။
အမျိုးသားတစ်ဦးကို လုပ်အားခ ၅၀,၀၀၀ ကျပ်ပေးချိန်တွင် တူညီသောအလုပ်အတွက် အမျိုးသမီးတစ်ဦးကို ၃၀,၀၀၀ ကျပ်သာ ပေးခြင်းကဲ့သို့သော ခွဲခြားမှုများ ရှိနေပြီး အမျိုးသမီးများကို တန်ဖိုးမရှိသူများအဖြစ် သတ်မှတ်သည့် အယူအဆ များက အမြတ်ထုတ်မှုကို အားပေးနေသည်ဟု ၎င်းက ဆိုပါသည်။
လုပ်ငန်းခွင်မှ ပြန်လာနိုင်သည့် အမျိုးသမီးအချို့သည်လည်း “တရုတ်ယောက်ျားနဲ့အိပ်ထားတဲ့မိန်းမ” ဟု သတ်မှတ်ကာ ပတ်ဝန်းကျင်၏ ဖယ်ကျဉ်ရှုတ်ချမှုကို ခံရသောကြောင့် လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲများ ထပ်မံကြုံတွေ့နေရ သည်။
ထို့အပြင် မြေရှားတူးဖော်ရာတွင် အသုံးပြုသည့် အက်ဆစ်ထက်ပြင်းသော ဓာတုပစ္စည်းများကြောင့် လုပ်ငန်းခွင်မှ ပြန်လာ သည့် အမျိုးသမီးများတွင် ကုသ၍မပျောက်သော အရေပြားရောဂါများ၊ ကိုယ်ဝန်ပျက်ကျခြင်းနှင့် မြုံခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာများလည်း ကြုံတွေ့နေရသည်ကို ကြားသိရကြောင်း ၎င်းက ဆက်ပြောပါသည်။
လက်ရှိတွင် ပန်ဝါဒေသကို ထိန်းချုပ်ထားသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) အနေဖြင့် စစ်ရေးလိုအပ်ချက်အရ မြေရှားတူးဖော်ရေးလုပ်ငန်းများ ပြန်လည်လုပ်ဆောင်မည်ဆိုပါက စည်းကမ်းမဲ့လုပ်ဆောင်ခြင်းမျိုး မဖြစ်စေဘဲ လူ့အခွင့်အရေး နှင့် အမျိုးသမီးအခွင့်အရေးများကို အကာအကွယ်ပေးရန်၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ လုပ်ဆောင်ရန်၊ ဒေသခံပြည်သူ များ နစ်နာမှုမရှိစေရေးနှင့် သယံဇာတတန်ဖိုးကို ပေါပေါပဲပဲဖြင့် ရောင်းချခြင်းမပြုရန် အလေးထားဆောင်ရွက်သင့်ကြောင်း ဆရာမ နန်ပူက တိုက်တွန်းပြောကြားခဲ့ပါသည်။






