မော်ချီးဒေသမှ အမျိုးသမီးများ
🔳 မယ်လွန်း
( ၂၀၁၉ခုနှစ်၊ ဧပြီ ၃၀ရက်က ဓာတ်ပုံအက်ဆေးကို ပြန်လည်ဖော်ပြသည်။)
ကယားပြည်နယ်၊ ဖာဆောင်းမြို့နယ်ရှိ မော်ချီးဒေသသည် အမြင့်ပေ ၂၀၀၀ မှ ၅၀၀၀ အတွင်းရှိသော တောင်တန်းဒေသဖြစ်သည်။ မော်ချီးဒေသရှိ မော်ချီးသတ္တုမိုင်းသည် အင်္ဂလိပ်အစိုးရလက်ထက်ကတည်းမှစတင်ကာ ယခုအချိန်အထိ ကမ္ဘာ့အဆင့်တန်းဝင် သတ္တုတွင်းထွက် ထွက်ရှိရာ ဒေသတခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်သည့်အပြင် တိုင်းပြည်၏ သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တထောင့်တနေရာမှ ပံ့ပိုးလျှက်ရှိသည်။
ခဲတွင်းထဲတွင် အများအားဖြင့် အမျိုးသားများသာ ဝင်ကြပြီး ယခုနောက်ပိုင်းတွင် အန္တရာယ်များသောကြောင့် အမျိုးသမီးများကို ဝင်ခွင့် ပိတ်ပင်ထားသည်။ ခဲလုပ်ငန်းကြောင့် လုပ်ငန်းတွင်း မတော်တဆမှုများ၊ အရက်သေစာသောက်စားမှုများကြောင့် အမျိုးသားအများစုမှာ အသက်ဆုံးရှုံးကြသောကြောင့် မော်ချီးဒေသတွင် အမျိုးသမီးအများစုမှာ မုဆိုးမများဖြစ်ကြသည်။
အမျိုးသမီးအများစုမှာ ခဲဆေးခြင်း၊ ကျောက်ကပ်ထုခြင်း (ကျောက်တွင် ကပ်နေသည့် ခဲများကို ထုခြင်း) စသည့် နေ့စားအလုပ်များ၊ ပုတ်ပြတ်အလုပ်များကို လုပ်ကိုင်ကြသည်။ မော်ချီးဒေသသည် မုဆိုးမများကို ကာကွယ်ပေးသော နေရာဟု ဒေသခံများက ယုံကြည်ကြသကဲ့သို့ ခဲများ အခြောက်ခံသည့်အခါ ထဘီများဖြင့် လှန်းခြင်းသည် ခဲအလေးချိန်စီးသည်ဟု ယုံကြည်ကြသည်။
မော်ချီးဒေသရှိ ရေအရင်းအမြစ်များမှာ ခဲတွင်း၊ ခဲလုပ်ငန်းနှင့် မလွတ်ကင်းသောကြောင့် သုံးရေအတွင်း ခဲဆိပ်များ ပါဝင်နေသည်ဟု ဒေသခံ လူမှုအဖွဲ့အစည်းများက ဆိုသည်။
မော်ချီးဒေသတွင်း ကျေးရွာပေါင်း ၅၀ ကျော်ရှိသည့်အနက် လိုခါးလို ကျေးရွာကြီးတခုတွင်သာ ဆေးရုံကြီးတခုရှိပြီး အခြားတောင်တန်းပေါ်ရှိ ကျေးရွာအချို့တွင် ကျန်းမာရေးဆေးခန်းများ ဖွင့်ပေးထားသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် မြေပြိုသည့်အန္တရာယ်များကြောင့် တာဝန်ကျသည့် ကျန်းမာရေးဆရာများပင် ပုံမှန် တာဝန်ထမ်းဆောင်လေ့မရှိဟု ဒေသခံများမှ ဆိုသည်။
ဒေသခံ အမျိုးသမီးအများစုသည် ကျန်းမာရေးအသိပညာနည်းပါးကြပြီး ရွေ့ပြောင်းကုသပေးသည့် စေတနာ့ဝန်ထမ်း ကိုယ်ထူကိုယ်ထ ကျန်းမာရေးအဖွဲ့ (Mobile clinic) ရောက်ရှိမှသာ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု ရရှိကြသည်ဟု ဒေသခံများမှ ဆိုသည်။






