ဒုက္ခသည်စခန်းက အပ်ချုပ်တဲ့ ရိုဟင်ဂျာမိန်းမပျို

သန့်ရှင်းထွန်း

လူတွေ ပြည့်ကျပ်ပြွတ်သိပ်နေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းကို မီနာရာဟာ သူ့အသက် ဆယ်နှစ် အရွယ်တည်းက မြန်မာနိုင်ငံကနေ ခိုလှုံလာခဲ့တာ အခုဆိုရင် ရှစ်နှစ်ကျော်ရှိပြီဖြစ်ပါတယ်။

မီနာရာတို့ မိသားစု မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ခိုလှုံလာတဲ့အချိန်တုန်းက မိဘနှစ်ပါးလည်း တူတူပါလာခဲ့ပေမယ့် လက်ရှိမှာတော့ အမေဖြစ်သူ ကွယ်လွန်ခဲ့ပြီး အဖေဖြစ်သူမှာလည်း သက်ကြီးရွယ်အို အဘိုးကြီး တစ်ဦး ဖြစ်နေပါပြီ။

ဖခင်ဖြစ်သူ အသက်ရွယ်ကြီးလာတာ၊ ကျန်းမာရေးမကောင်းတာနဲ့ မိခင်မရှိတော့တာကြောင့် စားဝတ်နေရေးနဲ့ ဆေးဖိုးဝါးခရဖို့ မီနာရာဟာ သူနေထိုင်တဲ့ ဒုက္ခသည်စခန်းမှာ ဝင်ငွေရမယ့် အလုပ်တခုကို ရှာဖွေခဲ့တယ်လို့ ပြောပါတယ်။

အပြင် ထွက်ချင်တိုင်း ထွက်လို့မရတဲ့ ဒုက္ခသည်စခန်းထဲမှာ မီနာရာဟာ အပြင်ထွက်ပြီး အလုပ်ရှာဖို့ထက် စခန်းထဲမှာ ဖခင်ဖြစ်သူကို အနီးကပ်ပြုစုနိုင်မယ့် အလုပ်တခုကို သူလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအလုပ်ကတော့ စက်ခြုပ်တဲ့အလုပ်ဖြစ်ပြီး ကိုယ်ဝတ်မယ့် အထည်တွေကို တခြားစက်ခြုပ်ဆရာမတွေဆီမှာ ငွေပေးပြီးမအပ်ချင်တာကြောင့် စက်ခြုပ်ပညာကို စိတ်ဝင်တစား လုပ်ဖြစ်ခဲ့တယ်လို့ မီနာရာ ကပြောပါတယ်။

“ကိုယ်ဝတ်မယ့် အထည်တွေခြုပ်ရင်း အပြင်က အထည်တွေလာအပ်တာတွေရှိပါတယ်။ အဲလိုလာအပ်တော့ ဝင်ငွေရတယ်လေ။ ဝင်ငွေရတော့ အဖေ့အတွက် ဆေးဖိုးဝါးခ ထောက်ပံ့နိုင်တယ်။ ကျမမှာ သက်ကြီးအဖေနဲ့ အတူ နေတာပါ။ အမေကတော့ ဆုံးသွားပါပြီ။ အဖေက အလုပ်မလုပ်နိုင်တော့ ဒီစက်ခြုပ်တဲ့အလုပ်နဲ့ပဲ အဖေကို လုပ်ကျွေးနေတာပါ။”

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မောင်တောခရိုင်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းတဲ့အတွက် ရိုဟင်ဂျာပေါင်း ခုနစ်သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာ အားလုံးဟာ အလုပ်လက်မဲ့ဘဝနဲ့ ဘဝကို ရုန်းကန်ခဲ့ကြရပါတယ်။

အဲဒီရိုဟင်ဂျာတွေထဲမှာ သွက်သွက်လက်လက်နဲ့ စိတ်အားထက်သန်မှုရှိတဲ့ မီနာရာဟာ ကိုယ်နိုင်တဲ့အလုပ်တခုကို ရအောင်ကြိုးစားခဲ့သူဖြစ်ပြီး လက်ရှိမှာ သူရွေးချယ်ခဲ့တဲ့ စက်ခြုပ်အလုပ်နဲ့ စားဝတ်နေရေးအဆင်ပြေနေတယ်လို့ ဆိုပါတယ်။

စက်ချုပ်တဲ့အလုပ်ဟာ အမျိုးသမီးတွေလုပ်ရမယ့် အလုပ်တခုအဖြစ် ပုံသေသတ်မှတ်ထားတာမျိုးမဟုတ်ဘဲ စက်ခြုပ်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ အမျိုးသားတွေလည်းရှိတယ်လို့ ရိုဟင်ဂျာအမျိုးသားစက်ဆရာ တစ်ဦးက ပြောပါတယ်။

ဒုက္ခသည်စခန်းထဲမှာ နေရတဲ့ ရိုဟင်ဂျာတွေဟာ သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေအရ သင့်တော်တဲ့ အလုပ်ကိုလုပ်ကိုင်ကြရတာလို့ မီနာရာက ပြောပါတယ်။

ကိုယ်ပိုင်စက်ချုပ်တဲ့ အလုပ်နဲ့ ဘယ်လောက်ပဲ စားဝတ်နေရေးအဆင်ပြေပြေ သူရဲ့မွေးဖွားရာဇာတိဖြစ်တဲ့ မြန်မာနိုင်ငံထဲက မောင်တောမြို့နယ်ကို တနေ့နေ့မှာ ပြန်ရဖို့ မျှော်လင့်နေတယ်လို့ မီနာရာက ပြောပါတယ်။

Author: