ဒိုက်ဦးထောင်တွင် အမျိုးသမီးနိုင်ကျဥ်း ၈ ဦးကို တိုက်ပိတ်

စစ်ကော်မရှင်က အကျဉ်းသားအခွင့်အရေးနှင့် လူ့အခွင့်အရေးများကို ဆိုးရွားစွာ ဆက်လက်ချိုးဖောက် လျက်ရှိပြီး ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၈ ဦးအား ထောင်အာဏာပိုင်များက အကြောင်းမဲ့ တိုက်ပိတ်ပြစ်ဒဏ်ချမှတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မနေ့ က သြဂုတ်လ ၂၅ ရက်နေ့စွဲဖြင့် သတင်း ထုတ်ပြန်လိုက်သည်။

 ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်က နိုင်ငံရေးအကျဉ်းသူ မနိုဗာနီနီထွေး၏ အနီးတွင် ဖုန်းဘတ္ထရီတစ်ခု တွေ့သည်ဟုဆိုကာ ထောင်ဝန်ထမ်းများက တိုက်ပိတ်ရန် ကြိုးပမ်းခဲ့သည်ဟုသိရသည်။

 မနိုဗာနီနီထွေးက သူ့ဖုန်းဘတ္ထရီ မဟုတ်ကြောင်းနှင့် စွပ်စွဲမှုမှာ မမှန်ကန်ကြောင်း ငြင်းဆိုခဲ့ရာ ထောင်ဝန်ထမ်းများက အင်အားသုံး၍ ဆံပင်ဆွဲခြင်း၊ ရိုက်နှက်ခြင်းများပြုလုပ်ကာ တိုက်ပိတ်ခဲ့သည်ဟု  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းလုပ်ရပ်ကို မတရားကြောင်း ဝိုင်းဝန်းတောင်းဆိုခဲ့သည့် အခြားနိုင်ငံရေးအကျဉ်းသူ (၇) ဦးကိုလည်း “ထောင် ဆူပူအောင်လုပ်သည်” ဟု အကြောင်းပြချက်ဖြင့် ထပ်မံတိုက်ပိတ်ခဲ့သည်။

တိုက်ပိတ်ခံရသည့် နိုင်ငံရေးအကျဉ်းသူများကို အမျိုးသားအဆောင်များအနီးရှိ ယိုယွင်းနေသော အဆောင် ဟောင်းတစ်ခုတွင် ထားရှိပြီး အဆိုပါတိုက်ခန်းများမှာ မိုးယိုခြင်း၊ မိလ္လာရေများ စီးဝင်ခြင်းတို့ကြောင့် ကျန်းမာရေးနှင့် မညီညွတ်သည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်။

နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ရဲ့ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက“အမျိုးသမီးတွေကို အမျိုးသမီးရပ်ဝန်းမှာမဟုတ်ဘဲ အမျိုးသားအဆောင်ဝန်းထဲမှာ တိုက်တစ်လုံးကို ရှင်းပြီး အဲ့ဒီတိုက်တွေထဲ အမျိုးသမီးအကျဉ်းသူတွေကို တိုက်ပိတ်ထားတဲ့ဟာ လုံးဝမလုပ်သင့်တဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသူများအား ထားရှိသော အချုပ်တိုက်၏ ကြမ်းပြင်သည် အေးစက်သော သံမံတလင်းအခင်းဖြစ် သောကြောင့် သိရှိရသလောက် အနည်းဆုံး နိုင်ငံရေးအကျဉ်းသူတစ်ဦးမှာ ခန္ဓာကိုယ်အောက်ပိုင်းသေသွားသကဲ့သို့  ပြင်းထန်သော ဝေဒနာကို ခံစားနေရသည်ဟု ၎င်းက ဆက်ပြောဆိုသည်။

“တခုခုဆိုရင် စံပြအနေနဲ့ အကျဉ်းသူတွေကို အမျိုးသမီးတိုက်မှာမဟုတ်ဘဲ အမျိုးသားအဆောင်ဝန်းထဲမှာရှိတဲ့ တိုက်ထဲမှာ ထားတာကို တွေ့ရတယ်။ ဒါဖိနှိပ်မှုတစ်ရပ်ဖြစ်ပါတယ်။”ဟု ကိုသိုက်ထွန်းဦးက ဆက်လက်ရှင်းပြသည်။

 ရေချိုးသည့်အခါ အမျိုးသားအဆောင်များမှ မြင်နိုင်သည့်အတွက် လုံခြုံမှုမရှိကြောင်း PPNM က စုံစမ်းဖော်ထုတ်ထားသည်။

PPNM အနေဖြင့် ထိုမတရားဖိနှိပ်မှုများကို ချက်ချင်းရပ်တန့်ရန်၊ တိုက်ပိတ်ခံထားရသူများကို မူလအဆောင်သို့ ပြန်ပို့ပေးရန်နှင့် အဆိုပါဖြစ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သည့် ထောင်ဝန်ထမ်းများကို ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

Author: