တပတ်အတွင်း အမျိုးသမီးဖြစ်ရပ်များ

ဇူလိုင် ၂၆ရက်ကနေ သြဂုတ် ၁ ရက်နေ့အထိတစ်ပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

     အခုတပတ်တာအတွင်းဖြစ်ပျက်ခဲ့တဲ့ သတင်းတွေအနက်HI က ဆွေးနွေးစတရာသတင်းတခုကတော့ “ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဖမ်းဆီးရိုက်နှက်ချုပ်နှောင်အဓမ္မပြုကျင့်မှုနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း-၂၆ တပ်ရင်းမှူး တိုင်ကြားခံရ” ဆိုတဲ့ Burma VJ  ကဖော်ပြထားတဲ့ သတင်းတပုဒ်ကိုဆွေးနွေးချင်ပါတယ်။ မတရားမှုကိုလက်မခံနိုင်လို့ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်က လက်နက်မဲ့အမျိုးသမီးတဦးကို စောင့်‌ရှောက်ကာကွယ်ရမယ့်အစား မတရားဖမ်းဆီးချုပ်နှောင်ပြီး အဓမ္မပြုကျင့်မှုက မတရားမှုကိုဆန့်ကျင့်ပြီး၊ပြည်သူကိုကာကွယ်မယ်ဆိုတဲ့အဖွဲ့အစည်းတွေရဲ့ ကျင့်ဝတ်နဲ့ မြေပြင်မှာ အကျင့်ပျက်အနိုင်ကျင့်မှုအခြေအနေတွေကို မေးခွန်းထုတ်စရာပါ။

       “အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတဆီ ကိုလိပ်မူပြီး တိုင်ကြားသလို၊ တိုင်ကြား စာ မိတ္တူကိုလည်း NUGဝန်ကြီးချုပ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရေးချုပ်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ တရားရေးဝန်ကြီး ဦးသိန်းဦးတို့ဆီလည်း တိုင်ကြားခဲ့တယ်”လို သတင်းထဲမှာဖော်ပြထားပါတယ်။

     တိုင်ကြားချက်နဲ့ပတ်သက်ပြီး ဇူလိုင် ၂၃ရက်မှာ NUGရဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ကာယကံရှင်မိသားစုဆီကို လာရောက်စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့ပေမယ့် ယင်းမာပင်ခရိုင် တပ်ရင်း (၂၆)ရဲ့ တပ်ရင်းမှူးက တော့ တိုင်ကြားချက်ကြောင့် စစ်ဆေးမေးမြန်းခံရခြင်းရှိမရှိကို မသိရပေမယ့် ဖမ်းဆီးခံရတာမျိုးတော့မရှိဘဲ ရွာထဲအရင်လိုပဲ သွားလာ၊ ကြက်ဝိုင်းသွားစတာတွေကို လုပ်နေဆဲပဲဖြစ်တယ်ဆိုတဲ့” အချက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တိုင်ကြား ပေမယ့်လည်း ကျူးလွန်သူအမျိုးသားက ဖမ်းဆီးစစ်ဆေးတာ အရေးယူမှု တစုံတရာမရှိဘဲ ပုံမှန်အတိုင်းသွား လာမပြတ်ရှိ‌နေပေမယ့် ကျူးလွန်ခံရသူအမျိုးသမီးကတော့ ကိုယ်ဝန်ပျက်ကျခဲ့တဲ့အပြင် ခင်ပွန်းဖြစ်သူက မပေါင်းသင်းနိုင်တော့ဘဲ အိမ်ထောင်ပျက်တဲ့အထိ နစ်နာမှုတွေထပ်ဆင့်ကြုံရတာကလည်း လူမှုအဖွဲ့အစည်းရဲ့ဖိုဝါဒကြီးစိုးမှု အခြေအနေကို မီးမှောင်းထိုးပြနေတာလို့ HI ကသုံးသပ်မိပါတယ်။

     နောက်သတင်းကတော့ ရခိုင်ပြည်နယ်  ပေါက်တောတွင် ၉ နှစ်သမီးကို သင်္ကန်းဝတ်တစ်ဦးက မုဒိမ်းကျင့်မှုနဲ့မွန်ပြည်နယ်မှာ Grade 5 ကျောင်းသူလေးကို မုဒိမ်းကျင့်ပြီးသတ်သည့် အမျိုးသားကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့် ဆိုတဲ့သတင်းဟာ စစ်ကောင်စီအုပ်ချုပ်တဲ့ဒေသမှာရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ စိုးမိုးတဲ့နယ်မြေမှာရော အမျိုးသမီးတွေရဲ့ မလုံခြုံမှုအခြေအနေကို ဖော်ညွှန်းနေပြီး အာဏာသိမ်းကာလအတွင်းမှာ မုဒိမ်းမှု ၊သက်ငယ်မုဒိမ်းမှုတွေ ခပ်စိတ်စိတ်ကြုံလာရတာကလည်း လက်နက်ကိုင်ပဋိပက္ခနောက်ဆက်တွဲ တရားဉပဒေစိုးမိုးရေးကိုစိန်ခေါ်နေတာပဲဖြစ်ပါတယ်။

 အလုပ်သမားရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေး၊ သမီးဖြစ်သူနှင့် STUM အဖွဲ့ဝင်တချို့ ဖမ်းဆီးခံရ

   အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချူပ် (STUM)မှ တာဝန်ခံ ဒေါ်မျိုးမျိုးအေး၊ သမီးဖြစ်သူ မခြူးသွယ်နဲ့ STUM အဖွဲ့ဝင် ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူ တွေထံက သိရပါတယ်။

     ဇူလိုင် ၂၅ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွှေပြည်သာရှိ ဒေါ်မျိုးမျိုးအေးနေအိမ်ကို ဧည့်စာရင်း စစ်တဲ့ပုံစံဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။မိခင်ဖြစ်သူဒေါ်မျိုးမျိုးအေး ဖမ်းဆီးခံရပြီး ၃ ရက်ကြာတဲ့အထိ အဆက်အသွယ် ပြတ်နေတဲ့ အတွက် စိုးရိမ်ပူပန်ကြောင်း သမီးဖြစ်သူ မခြူးသွယ်က ဇူလိုင် ၂၇ ရက် ညပိုင်းက လူမှုကွန်ရက်မှာ ရေးသားခဲ့ပြီးနောက် ဇူလိုင် ၂၈ ရက်မှာယင်းကိုပါ ထပ်မံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    ဒါ့အပြင်ဇူလိုင် ၂၈ရက် ညပိုင်းမှာရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ နဝရက်လမ်းရှိ သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ် (မြန်မာ) STUM ရုံးခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် အဖွဲ့ဝင် အမျိုးသား ၃ ဦး၊ အမျိုး သမီး ၃ ဦးကိုပါ ထပ်မံဖမ်းဆီးသွားခဲ့တယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။

    STUM ဦးဆောင်သူတဦးဖြစ်တဲ့ ဒေါ်မျိုးမျိုးမျိုးအေးက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေမှာ ပါဝင်ခဲ့တာကြောင့် ၂၀၂၁ ဧပြီ ၁၅ ရက်တုန်းက စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံရ ပါတယ်။အင်းစိန်အကျဉ်းထောင်မှာ ထောင်၆ လကျော်ကြာကျခံပြီးနောက် ၂၀၂၁ အောက်တိုဘာမှာ လွတ်ငြိမ်းခွင့်နဲ့ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီးယခု ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံရခြင်း ဖြစ်ပါတယ်။

     လက်ရှိအချိန်ထိ ဒေါ်မျိုးမျိုးအေး၊သမီးဖြစ်သူနဲ့အဖွဲ့ဝင်တွေ ဖမ်းဆီးခံရမှုအကြောင်းရင်းနဲ့ မည်သည့်နေရာမှာ ဖမ်းဆီး ချုပ်နှောင် ထားတယ်ဆိုတာ မသိရသေးဘူးလို့ဆိုပါတယ်။ Source – The Irrawaddy News

မူဆယ်တွင် အမျိုးသမီးတဦးနဲ့ကိုယ်ဝန်ဆောင်တဦးသတ်ဖြတ်ခံရမှု ကျူးလွန်သူများ လွတ်မြောက်နေဆဲ

    ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်မြို့မှာ အမျိုးသမီးတဦးဓားဖြင့်ခုတ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ရက်ပိုင်းသာခြားပြီး ကိုယ်ဝန် ဆောင်အမျိုးသမီးတဦး သေနတ်နဲ့ပစ်သတ်ခံရတဲ့ အမှုတို့ ကျူးလွန်သူတွေမှာ လွတ်မြောက်နေဆဲဖြစ်တယ်လို့ မြို့ခံတွေ ကပြောပါတယ်။

       ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က လွိုင်တိန်ခမ်းဘုရား(ရွှေသမင်တောင်ပေါ်ဘုရား)မှ တောင်အောက်သို့ ဆင်းလာတဲ့ လူလတ်ပိုင်းအမျိုးသမီးကို အမည်မသိလူငယ်နှစ်ဦးက ဓားဖြင့်အချက်ပေါင်းများစွာ ခုတ်သတ်ကာဖုန်းနဲ့ပိုက်ဆံ လုယက်ခဲ့တာကြောင့် ယင်းအမျိုးသမီးမှာ ဦးခေါင်း၊ ခန္ဓာအနှံ့ပြတ်ရှရာများစွာဖြင့် နာရီပိုင်းအတွင်း ဆေးရုံသို့ရောက်စဉ် သေဆုံးသွားခဲ့ပါတယ်။

        ဇူလိုင်လ ၂၄ ရက်နေ့ကလည်း မူဆယ်မြို့ပေါ် စရဖရုံးအနီးမှာ ကိုယ်ပိုင်ယာဉ်မောင်းနှင်သူကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့ အဖော်အမျိုးသမီးတို့ကို ပြည်သူ့စစ်အဖွဲ့လို့ယူဆရသူတွေက သေနတ်ဖြင့်ပစ်သတ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးသွားတယ်လို့ ဒေသခံတဦးကပြောပါတယ်။

    မူဆယ်မြို့က  စစ်ကောင်စီထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပြီး ပြန်ပေးဆွဲခြင်း၊ ဓားပြတိုက် လုယက်ခြင်း၊ လူသတ်မှု ဖြစ်စဉ်များမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသော်လည်း စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဘက်က တာဝန်ယူဖြေရှင်း ခြင်း တစုံတရာမရှိဘဲ အမှုပျောက်ကွယ်သွားလေ့ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ Source – Mizzima

ခင်ပွန်းဖြစ်သူက ဓားနှင့်ထိုးသတ်သဖြင့် EPC ဝန်ထမ်းအမျိုးသမီးသေဆုံး

    ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်မှာ EPC စာရေး အမျိုးသမီးဖြစ်သူကို ခင်ပွန်းဖြစ်သူက ဓားနဲ့အချက် ၂၀ ထိုးသတ်ခဲ့တယ်လို့ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    သေဆုံးသူနဲ့ ခင်ပွန်းဖြစ်သူဟာ လင်မယားချင်းစကားများကွဲကွာနေတာဖြစ်ပြီး ခင်ပွန်းဖြစ်သူက ဇူလိုင် ၂၂ ရက်မှာ ကျေးလက်လမ်းဆုံ ဟင်္သာတ-မြန်အောင်သွား ကားလမ်းပေါ်မှာ အိမ်ကိုပြန်လိုက်ဖို့နဲ့ အတူပြန်နေဖို့ ပြန်ခေါ်စကား ပြောဆိုရာက စကားများငြင်းဆန်တာကြောင့် အခုလိုတွေ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

   သေဆုံးသူအမျိုးသမီးက အင်္ဂပူမြို့နယ် EPC ရုံးက လယ်ဂျာစာရေးတယောက်ဖြစ်ပြီး၊ ဓားနဲ့ထိုးသတ်တဲ့ခင်ပွန်းသည် ကတော့ အင်္ဂပူမြို့နယ်၊ သုံးဆက်ကျေးရွာက အသက် ၂၉ နှစ်အရွယ် ငြိမ်းချမ်းအောင် ဆိုသူဖြစ်ကာ  သူတို့မှာ အသက် ၃ နှစ်အရွယ် ကလေးတယောက်ရှိတယ်လို့ သိရပါတယ်။

    ဇနီးသည်ကို အရိုးအသွား ၈ လက်မဓားနဲ့အချက် ၂၀ ထိုးသတ်ခဲ့သူအမျိုးသားကို အင်္ဂပူမြို့မရဲစခန်းမှာ  (ပ)၉၄/၂၀၂၅၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ပြီး အရေးယူထားပါတယ်။ Source – DVB

ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဖမ်းဆီးရိုက်နှက်ချုပ်နှောင်အဓမ္မပြုကျင့်မှုနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း-၂၆ တပ်ရင်းမှူး တိုင်ကြားခံရ

       စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၆)ရဲ့ တပ်ရင်းမှူး ဦးကျော်ဟိန်း(ခ)မင်းသားကြီးဆိုသူဟာ အသက် ၂၀အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ကာ တဲတစ်လုံးအတွင်း နှစ်ရက်တိုင်ချုပ်နှောင်ပြီး အဓမ္မပြုကျင့် ခဲ့တာကြောင့် တိုင်ကြားခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

     အဓမ္မပြုကျင့်ခံလိုက်ရသူက ကိုယ်ဝန်နှစ်လကျော်ရှိတဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး အမျိုးသားဖြစ်သူရဲ့ ရွာကပြန်လာချိန်မှာ အခုလိုဖြစ်ပွားခဲ့တာပါ။ယင်းအမျိုးသမီးက အဓမ္မပြုကျင့်ပြီးဖမ်းဆီးခံထားရကနေ ဇွန်၄ရက်မှာ ကျူးလွန်သူမရှိချိန် ထွက်ပြေးလာပေမယ့်  ဗိုက်ကိုထိုးခံရတဲ့ဒဏ်ကြောင့် ခါးကိုက်၊ဗိုက်အောင့်၊သွေးဆင်းတာနဲ့အန်တာတွေကို တောက်လျောက် ခံစားခဲ့ရပြီး ဆေးရုံသွားပြတဲ့အခါ ဆရာဝန်ကဆေးရုံတက်ပြီးစောင့်ကြည့်ဖို့ပြောပေမယ့် ငွေကြေးမတတ်နိုင်တာကြောင့် အိမ်ကိုပဲပြန်လာခဲ့ရာကနေ ဇူလိုင် ၂၅ရက်မှာ ကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။

     ယင်းအမျိုးသမီးက အလိုမတူဘဲအဓမ္မပြုကျင့်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တလနီးပါးအကြာ ဇူလိုင် ၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတဆီကိုလိပ်မူပြီး ယင်းမာပင်ခရိုင် တပ်ရင်း (၂၆)ရဲ့ တပ်ရင်းမှူး ကိုအရေးယူ ပေးဖို့တိုင်ကြားခဲ့သလို၊တိုင်ကြားစာ မိတ္တူကိုလည်း NUGဝန်ကြီးချုပ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရေးချုပ်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ တရားရေးဝန်ကြီး ဦးသိန်းဦးတို့ဆီလည်း ပေးပို့ခဲ့ပါတယ်။ဒါ့အပြင် မြို့နယ်ပလဖနဲ့ ခရိုင် ပကဖကိုလည်း တိုင်ကြားထားတယ်လို့ သိရပါတယ်။

     တိုင်ကြားချက်နဲ့ပတ်သက်ပြီး ဇူလိုင် ၂၃ရက်မှာ NUGရဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ကာယကံရှင်မိသားစုဆီကို လာရောက် စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့ပေမယ့် စစ်ဆေးချိန်မှာ သူတို့ပြောသွားတာတော့ မယုရဲ့ တိုင်ကြားချက် နဲ့အခုစစ်ဆေးချက်တွေ ကွဲလွဲနေတယ်လို့ ပြောသွားတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ ဒေသခံကပြောပါတယ်။

      ယင်းမာပင်ခရိုင် တပ်ရင်း (၂၆)ရဲ့ တပ်ရင်းမှူး ဦးကျော်ဟိန်း(ခ)မင်းသားကြီးကတော့ တိုင်ကြားချက်ကြောင့် စစ်ဆေးမေး မြန်းခံရခြင်းရှိမရှိကို မသိရပေမယ့် ဖမ်းဆီးခံရတာမျိုးတော့မရှိဘဲ ရွာထဲအရင်လိုပဲ သွားလာ၊ ကြက်ဝိုင်းသွားစတာတွေကို လုပ်နေဆဲပဲဖြစ်သလို၊ အဓမ္မပြုကျင့်ခံရတဲ့ဖြစ်စဉ်ကိုသိရှိသွားတဲ့ ကျူးလွန်ခံရသူရဲ့ အမျိုးသားဖြစ်သူကတော့ ဇနီးဖြစ်သူကို မပေါင်းသင်းနိုင်တော့ဘူးဆိုကာ အိမ်ပေါ်ကနေဆင်းသွားခဲ့ပါတယ်။ Source – Burma VJ

 တောင်ကျချောင်းရေကြောင့် ကလေး နဲ့ အမျိုးသမီးအပါအဝင် ပြည်သူ ၈ ဦး သေဆုံး

  ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်ထဲက ကျေးရွာတချို့မှာ တောင်ကျချောင်းရေရဲ့ ရေစီးကြောင့် ကလေး နဲ့ အမျိုးသမီးအပါအဝင် ပြည်သူ ၈ ဦး သေဆုံးခဲ့ပါတယ်။

      ဇူလိုင် ၂၇ ရက်ကစလို့ ၂ ရက်ဆက်တိုက် မိုးရွာပြီး တောင်ကျချောင်းရေစီးဆင်းလာမှုကြောင့် ပင်းတယမြို့နယ်၊ သိမ်ကုန်း ကျေးရွာအုပ်စု၊ ကုန်းစောင်းရွာက ကလေးငယ် ၃ ဦး ၊အမျိုးသမီး ၄ဦးနဲ့ အမျိုးသားတဦးသေဆုံးပြီး နေအိမ် ၁၂ လုံးလည်း ပျက်စီးခဲ့ပါတယ်။

   ရပ်စောက်နဲ့ ပင်းတယကို ချိတ်ဆက်ပြီး ကုန်စည်ပို့ဆောင်တဲ့ အဓိကတံတားဖြစ်တဲ့ မိုင်းအင်းတံတားက ရေကြီးတဲ့ အရှိန်ကြောင့် ကျိုးပျက်သွားခဲ့ပြီး သွားလာရခက်ခဲနေသလို ကလောမြို့နယ်ထဲက ရပ်ကွက်တွေမှာလည်း မိုးရွာ ရေကြီး တာကြောင့် နေအိမ် ၁၀ လုံးထက်မနည်း ရေနစ်မြုပ်နေပြီး ကားလမ်း ရေကျော်တာကြောင့် သွားလာရ ခက်ခဲတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ Source – DVB

ဒီးမော့ဆိုက စစ်ရှောင်တခုမှာ ၁၀ ရက်သား အမွှာသမီးလေးနှစ်ဦး သေဆုံး

    ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ စစ်ရှောင်စခန်းတခုမှာ လမစေ့ဘဲမွေးဖွားခဲ့တဲ့ မာရိယာနဲ့ မာတလေးနာလို့ အမည်ရတဲ့ ၁၀ ရက်သား အမွှာသမီးလေးနှစ်ဦးမှာ ဆေးရုံအတွင်း ဓာတ်ကင်နေရင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ သေဆုံးခဲ့ပါတယ်။

   ယင်းအမွှာလေးနှစ်ဦး  ကိုယ်ဝန်ဆောင်စဥ်ကာလအတွင်း မိခင်က ကျန်းမာပေမဲ့ သန္ဓေသားက ၂၉ ပတ်နဲ့ မွေးဖွား လာတာကြောင့် အသက်ရှင်နိုင်ချေနည်းကြောင်းကိုလည်း ကျန်းမာရေးဝန်ထမ်းတွေက ပြောပြထားတယ်လို့ မိခင်က လည်း ပြောပါတယ်။  

     ကရင်နီပြည်မှာ အာဏာသိမ်းလေးနှစ်အတွင်း အာဟာရမမျှတမှု အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ပျက် ကျမှု၊ သန္ဓေသားသေဆုံးမှု၊ လသားကလေးငယ်၊ ရက်သား ကလေးငယ်သေဆုံးတာတွေလဲ မကြာခန ဖြစ်ပွားနေပြီး၊ တော်လှန်ရေးထိန်းချုပ်နယ်မြေမှာရှိတဲ့ အိုဝမ်း ဆေးရုံမှာတော့ ၂၀၂၅ ပထမနှစ်ဝက်အတွင်း သန္ဓေသား အသေမွေးသူ တစ်ဦး၊ မွေးဖွားပြီး ၂၈ ရက်အတွင်းသေဆုံးသူ သုံးဦး ရှိခဲ့တယ်လို့ ဆေးရုံရဲ့ ဇူလိုင်လ ၁၂ ရက်နေ့ အစီရင်ခံစာအရ သိရပါတယ်။ Source – Kantarawaddy Times

ပေါက်တောတွင် ၉ နှစ်သမီးကို သင်္ကန်းဝတ်တစ်ဦးက မုဒိမ်းကျင့်

     ရခိုင်ပြည်၊ ပေါက်တောမြို့နယ် ဟင်းခရော်ကျေးရွာမှာဇူလိုင် ၂၈ ရက်မနက် ပိုင်းက ရွာရှိဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ထီးဝင်ယူတဲ့ အသက် ၉ နှစ်အရွယ် ဘက ကျောင်းသူကို စစ်လာရှောင်နေတဲ့ အသက် ၆၉အရွယ် သင်္ကန်းဝတ်တဦးက မုဒိမ်းကျင့်မှုဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။

      မုဒိမ်းကျင့်ခဲ့တဲ့ သင်္ကန်းဝတ်ဟာ စစ်တွေမြို့ကနေ ဟင်းခရော်ရွာ ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတဲ့ အသက် ၆၉နှစ်အရွယ် စန္ဒိမာ (ခ) စိန်လှထွန်းဆိုသူဖြစ်ပြီး ရခိုင်ပြည်တွင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ Arakan Princess Media ကတော့ မုဒိမ်းကျင့်ခံတဲ့ကျောင်းသူ ကို ဆေးစစ်ထားပြီး ပြစ်မှုကျူးလွန်သူ သက်ဆိုင်ရာ ULA/AA ရဲဌာနက အမှုအမှတ်(ပ) ၁၇/၂၀၂၅ ၊ ပြစ်မှုပုဒ်မ- ၃၇၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။ Source – HI News

Grade 5 ကျောင်းသူလေးကို မုဒိမ်းကျင့်ပြီးသတ်သည့် အမျိုးသားကို ပုဒ်မ ၂ ခုဖြင့် အမှုဖွင့်

    မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မုတ္တမတဖက်ကမ်း ကော့စိန်ကျေးရွာမှာ အသက် ၁၃ နှစ်အရွယ် Grade 5 ကျောင်းသူ လေးတယောက်ကို မုဒိမ်းကျင့်ပြီး လည်လှီးသတ်ဖြတ်ခဲ့တဲ့ အမျိုးသားကို ပုဒ်မ ၃၀၂၊ ပုဒ်မ ၃၇၆ နဲ့ ရဲတွေက အမှုဖွင့်ထား တယ်လို့ မြိုခံတွေဆီက သိရပါတယ်။

    မော်လမြိုင်မြို့နယ် ကော့စိန်ရွာသစ်ကျေးရွာမှာ မေ ၂၆ ရက် မနက်က နေအိမ်ကနေ အုန်းသီးကောက်ဖို့ ထွက်သွားတဲ့ အသက် ၁၃ နှစ်ကျောင်းသူလေးတယောက် ပျောက်ဆုံးခဲ့ပြီး မိသားစုဝင်နဲ့ ဒေသခံတွေ လိုက်လံရှာဖွေကြရာ မေ ၂၇ ရက်မှာ အသတ်ခံလျက်အနေအထားနဲ့ အလောင်းကို ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။

    အမှုဖြစ်စဥ်အတွင်း သံသယရှိသူ အမျိုးသား ၂ ယောက်ကို ရဲတွေက ဖမ်းဆီးစစ်ဆေးခဲ့ရာ ဇူလိုင် ၁၇ ရက်မှာ အသက် ၃၂ နှစ်အရွယ် ကိုရန်နိုင်စိုးက မုဒိမ်းကျင့်ပြီး သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တာကြောင့် ခရိုင်တရားရုံးကို တရားစွဲတင်ပို့ ထားကြောင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်ကပြောပါတယ်။

လ     တ်တလောမှာ မော်လမြိုင်မြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူ ရန်နိုင်စိုး (ခ) ကောင်ငယ်ကို (ပ) ၄၉/၂၀၂၅ပုဒ်မ-၃၀၂/၃၇၆ အရ ခရိုင်တရားရုံးကို အမှုတွဲတင်ပို့ထားတယ်လို့ သိရပါတယ်။ Source –  DVB

မင်းပြားမြို့နယ်မှာ မြေယာအငြင်းပွားမှုကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသမီး ၁၀ ဦးနဲ့ အမျိုးသားတစ်ဦးကို ULA/AA က အမှုဖွင့်ထား

      ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ မြေယာအငြင်းပွားမှုကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသမီး ၁၀ ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို ULA/AA က နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မ ၄ ခုတို့ဖြင့် အမှုဖွင့်ထား တယ်လို့သိရပါတယ်။

    ပြီခဲ့တဲ့ ဧပြီလက ညောင်ပင်းဝိုင်းကျေးရွာရှိ (ဒေသအခေါ် ညောင်ပင်းဝိုင်းကျွန်း) လယ်ယာမြေ အငြင်းပွားမှုဖြစ်ပွားတဲ့ ဗွီဒီယိုဖိုင်တစ်ခု အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့ပြီး၊ အငြင်းပွားမှုတွင်ပါဝင်တဲ့ဒေါ်ဘုမေအပါအဝင် ၁၁ ဦးကို ULA/AA ၏ ဗီတာ (၂) စစ်ဒေသ၊ အမှတ် (၁) တိုက်နယ်မှူး ဦးအောင်မင်းဇံက ၅၀၅ (ခ)၊ ပုဒ်မ ၁၈၆၊ ပုဒ်မ ၁၈၈ အပြင် နောက်ထပ်ပုဒ်မ တစ်ခုနဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ 

      ဒေါ်ဘုမေအပါအဝင် ၁၁ ဦးတို့မှာ ULA/AA ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) တွင် မေလ ၁၅ ရက်မှ ဇွန် ၂၃ ရက်ထိ ရက်ပေါင်း ၅၀ ခန့် ဖမ်းဆီးချုပ်နှောင် ခံခဲ့ရပြီးနောက် နယ်မြေတရားရုံးမှ အာမခံဖြင့် ပြန်လွတ်မြောက်ခဲ့ပြီး နယ်မြေတရားရုံးမှ အာမခံပေးမှုကို ဇူလိုင် ၂၈ ရက်မှာ မြို့နယ်တရားရုံးက ပယ်ချခဲ့တာကြောင့်လက်ရှိမှာ ဒေါ်ဘုမေအပါအဝင် ၁၁ ဦးတို့မှာ ပြန်လည်ဖမ်းဆီးခံထားရပါတယ်။

       မင်းပြားဒေသခံ ၁၁ ဦးကို အရေးယူထားတဲ့ ပုဒ်မ ၅၀၅ (ခ) က ဗြိတိသျှလက်ထက်က ပြဌာန်းခဲ့တဲ့ ပုဒ်မ ၅၀၅ ကို ၁၉၅၀ ခုနှစ် နောက်ပိုင်း ပြင်ဆင်ဖြည့်စွက်ခဲ့သော ဥပဒေဖြစ်ပြီး စစ်အစိုးရဆက်ဆက်က လွတ်လွပ်စွာထုတ်ဖော်ပြောဆိုသူ များအပေါ် ဖမ်းဆီး၊ ထောင်ချရန် ကျင့်သုံးခဲ့တဲ့ ဥပဒေလည်းဖြစ်ပါတယ်။၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး သမားများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ စာရေးဆရာများ၊ သတင်းမီဒီယာသမားများ၊ လွတ်လပ်စွာ ဝေဖန်ပြောဆိုသူ များကို ပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်ကောင်စီက ဖမ်းဆီးထောင်ဒဏ်ချမှတ်မှုများ လုပ်ဆောင်လျက်ရှိပါတယ်။

       နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြစ်တဲ့ ပုဒ်မ ၅၀၅ (ခ) မှာ ထောင်ဒဏ် (၃) နှစ်၊ ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင် နေခြင်းကို နှောင့်ယှက်မှု ပုဒ်မ ၁၈၆ မှာ ထောင်ဒဏ် ၃ လနှင့် ပြည်သူ့ဝန်ထမ်းထုတ်ပြန်တဲ့အမိန့်ကို မနာခံမှု ပုဒ်မ ၁၈၈ မှာ ထောင်ဒဏ် ၆ လအထိ အမြင့်ဆုံး ပြစ်ဒဏ်များချမှတ်နိုင်ပါတယ်။ Source –    Development Media Group

နွားထိုးကြီး စစ်ရှောင်များ ဗုံးကြဲခံရ၊ သေဆုံးသူများထဲတွင် ကလေးနဲ့အမျိုးသမီးတွေပါဝင်

     မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မျက်ရှုရွာမှာ စခန်းချတဲ့  စစ်တပ်က ဇူလိုင် ၂၆ရက် နံနက်ပိုင်းက ထိုရွာနဲ့ နှစ်မိုင် ခန့်ဝေးတဲ့စစ်ရှောင်များခိုလှုံရာ ကျောင်းကြီးကုန်းဘုရားကို ဒရုန်းဖြင့် ဗုံး ၃ ကြိမ် ကြဲချ မှုကြောင့် ဆော့ကစားနေတဲ့ စစ်ဘေးရှောင် ကလေး၄ဦး နဲ့အမျိုးသမီး၂ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။

     သေဆုံးသွားသူတွေထဲအသက် ၁၈ နှစ်အောက် ယောက်ျားလေး ၂ဦး၊ မိန်းကလေး ၂ ဦး၊ အသက်၄၀နဲ့ ၆၀အရွယ် အမျိုးသမီးနှစ်ဦးတို့ ပါဝင်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ဇူလိုင်၂၇ ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။

     တိုက်ခိုက်မှုကြောင့် မျက်ရှုရွာ အပါအဝင် ကျေးရွာ ၃ ရွာမှ ဒေသခံပြည်သူ ၁,၀၀၀ ကျော် တိမ်းရှောင်နေကြရတယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ထုတ်ပြန် ထားပါတယ်။ Source – Myanmar Now

Author: