တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

သြဂုတ် ၁၆  ရက်ကနေ ၂၂ရက်နေ့အထိတစ်ပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI ကစုစည်းဖော်ပြလိုက်ပါတယ်။

ယခုတပတ်တာ အမျိုးသမီးဖြစ်ရပ်တွေထဲမှာ HI က ဆွေးနွေးလိုတဲ့ သတင်းတခုကတော့ DVB သတင်းဌာန မှာဖော်ပြထားတဲ့ ထိုင်းက ပြန်ပို့တဲ့ မြန်မာနိုင်ငံသားတွေကို စစ်မှုထမ်းရန် စစ်တပ်က ဖမ်ဆီးဆိုတဲ့ သတင်းတွေပဲဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျပြီးနောက် မြန်မာနိုင်ငံဘက် ပြန်ပို့ခံရသူတွေထဲ အသက်ပြည့်မီတဲ့ အမျိုးသား၊ အမျိုးသမီး တွေကို စစ်ကောင်စီတပ်ရင်းထဲဖမ်းဆီးခေါ်ဆောင် ခဲ့ပါတယ်၊ဒီလို အတင်းအကြပ် စစ်မှုထမ်းစေခြင်းက လူ့အခွင့်အရေး ချိုးဖောက်မှုလည်းဖြစ်သလို နိုင်ငံတကာဉပဒေတွေအရလည်း အတင်းအကြပ် လုပ်အားပေးခိုင်းစေတာပဲဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့ဖမ်းဆီး စုဆောင်းလာတဲ့အတွက် စစ်မှုထမ်းတာကိုရှောင်ရှားနိုင်ဖို့ အတင်းအကြပ်လက်ထပ် ထိမ်းမြားတာတွေလည်းရှိလာပြီး နောက်ဆက်တွဲအနေနဲ့ အိမ်တွင်းအကြမ်းဖက်ခံရတာ ၊ လူကုန်ကူးခံရတာ၊အခြားပုံစံတွေနဲ့ ခေါင်းပုံဖြတ်တာလို မရေရာတဲ့လွတ်မြောက်ရေးနည်းလမ်းတွေ ဆီ တွန်းပို့ခံရတဲ့ အန္တရာယ်တွေလည်းရင်ဆိုင်လာနိုင်ရမယ်လို့ HI က သုံးသပ်မိပါတယ်။

ဒါ့အပြင် စစ်တပ်က ပဋိပက္ခဒေသတွေ တိုင်းရင်းသားနယ်မြေတွေမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှုတွေ ကျူးလွန်လေ့ရှိပြီး၊ စစ်မှုထမ်းဖို့ ငယ်ရွယ်တဲ့အမျိုးသမီးလေးတွ အတင်းအကြပ်စုဆောင်းခံရတဲ့နောက် လိင်ပိုင်းဆိုင်ရာပြသနာတွေကြုံတွေ့ရမှာကလည်း မိဘတွေအတွက် စိုးရိမ်ပူပန်စရာပဲဖြစ်ပါတယ်။

 မိုးကုတ်မြို့ကို စစ်ကောင်စီဗုံးကြဲလို့ မီးဖွားဆဲကိုယ်ဝန်ဆောင်နဲ့ ကလေးအပါအဝင် ၂၁ဦးရဲ့ရုပ် အလောင်း တွေ့ရှိထား

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ဩဂုတ် ၁၅ ရက်ထိ မီးဖွားနေဆဲ ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်အပါအဝင် ရုပ်အလောင်း ၂၁ လောင်း တွေ့ရှိပြီးရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ TNLA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်နဲ့ဒေသခံတွေထံမှ သိရပါတယ်။

သေဆုံးသူတွေထဲ အသက် ၃၀ ဝန်းကျင်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးပါဝင်ပြီး ကလေးမီးဖွားချိန် အခြားသူများ လာရောက်ကြည့်ရှုပြီး လူစုလူဝေးဖြစ်နေချိန် ဗုံးကြဲခံရတာကြောင့် လူသေဆုံးမှု များရခြင်းဖြစ်တယ်လို့ဆိုတယ်။   

စစ်ကော်မရှင်တပ်က TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို ပြန်လည်ရရှိနိုင်ရေးနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေး လူနေထူထပ်တဲ့ မြို့ရွာတွေကို ဦးတည်ချက်ရှိရှိ နေ့စဉ်မပြတ် လေကြောင်းတိုက်ခိုက်မှု လုပ် ဆောင်နေတာကြောင့် ဇွန်လမှ ဩဂုတ်လ ၁၃ ရက်နေ့ထိ မိုးကုတ်အပါအဝင် TNLA ထိန်းချုပ်မြို့နယ်များဖြစ်တဲ့ ကွတ်ခိုင်၊ သီပေါ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကျောက်မဲ၊ နောင်ချိုမြို့များတွေမှာ လေယာဉ်ဗုံးကြဲခံရမှုကြောင့် ကလေးငယ် ၁၃ ဦးအပါအဝင် အရပ်သား ၅၆ ဦး သေဆုံးခဲ့ရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း အပါအဝင် တအာင်းအရပ်ဖက်အဖွဲ့အစည်း ခြောက်ခုက ဩဂုတ် ၁၃ ရက်တွင် ပူးတွဲထုတ်ပြန်ထားပါတယ်။ Source – Freedom Press

  ရေးက Non CDM ကျောင်းဆရာမ လေးဦး ခံဝန်နဲ့ ပြန်လွတ်လာ

မွန်ပြည်နယ် ရေး – သံဖြူဇရပ်လမ်းပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ Non CDM ကျောင်းဆရာမ လေးဦးကို ခံဝန်ကတိ လက်မှတ်ထိုးစေပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ရေးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ နှစ်ခုက သြဂုတ် ၁၅ရက်နေ့ ကသတင်းထုတ်ပြန်ပါတယ်။

သြဂုတ် ၁၄ ရက်နေ့ မနက်ပိုင်းမှာ မွန်ပြည်တော်လှန်ရေးတပ် MSRF နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF တပ်ဖွဲ့တို့ဟာ သံဖြူဇရပ်မြို့နယ် ဝဲခမိကျေးရွာအနီး ရေး – သံဖြူဇရပ်လမ်းပိုင်းမှာ လုံခြုံရေးအရ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ရင်း စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် သင်တန်းတက်ရောက်ကြမယ့် Non CDM ကျောင်းဆရာမ လေးဦးကို ခရီးသွားကားတစ်စီးပေါ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ Non CDM ကျောင်းဆရာမ လေးဦးကို ၂၄ နာရီနီးပါးအကြာ စစ်ဆေးမေးမြန်းပြီးနောက် ကျောင်းဆရာမ တွေကိုစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမှာ ဆက်လက်ပါဝင်ပတ်သက်တာ မလုပ်ဖို့ ခံဝန်ကတိ လက်မှတ်ထိုးစေခဲ့ပြီး ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

MSRF နဲ့ YPDF တပ်ဖွဲ့ နှစ်ဖွဲ့ကတော့ မွန်ပြည်နယ် ရေးမြို့နယ်အတွက် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်ကြမယ့် Non CDM ဝန်ထမ်းတွေရဲ့ စာရင်းတွေ ရရှိထားပြီလို့ အသိပေးထားပါတယ်။ Source –  – သံလွင်တိုင်းမ်

လပွတ္တာမြို့နယ် မှာ အမျိုးသမီးတဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကိုဖမ်းဆီး

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ တူးမြောင်းကျေးရွာအုပ်စု၊ ဇီးဖြူကုန်းကျေးရွာမှာ သြဂုတ် ၁၁ ရက်က အမျိုးသမီးတဦးကို  အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို သြဂုတ် ၁၇ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇီးဖြူကုန်းကျေးရွာက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးက  အဘိုးဖြစ်သူရဲ့အိမ်မှာ ဟင်းစားသွားယူပြီး အပြန်လမ်းမှာ အသက် ၃၅နှစ်အရွယ် ဖိုးဇော် ဆိုသူကအဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သလို ၊အလောင်းကိုဇီးဖြူကုန်းရွာ အလယ်ကြားက ပျဥ်းမပင်မှာ အားကစားဘောင်းဘီရှည်နဲ့ လည်ပင်းကိုချည်ပြီး အပင်မှာ တွဲလောင်းချထားခဲ့ကာ ဆွဲကြိုးချ အဆုံးစီရင်တဲ့ပုံစံ ဖန်တီးခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူအမျိုးသမီးမှာ နေ့လည်၂နာရီကျော်ကတည်းအဘိုးဖြစ်သူအိမ်သွားတာကနေ ညနေ ၄ နာရီကျော်အထိ အိမ်ပြန်မလာတာကြောင့် မိသားဟုဝင်တွေ လိုက်ရှာတဲ့အခါ ရွာအလယ်တောင်ကုန်းပေါ်က ပျဥ်းမပင်မှာ လည်ပင်း ဆွဲကြိုးချအနေအထားနဲ့ ပြန်တွေ့ရှိခဲ့ပါတယ်၊အလောင်းကိုစစ်ဆေးရာ မသင်္ကာဖွယ်ရာ တွေ့ရှိပြီး ရဲစခန်းတိုင်တန်းခဲ့ရာက ဖိုးဇော် ဆိုသူကို မသင်္ကာလို့ဆိုပြီး သြဂုတ် ၁၆ ရက်မှာ ဖမ်းဆီးစစ်ဆေးရာ အဓမ္မပြုကျင့်စဥ် ပြန်လည်ခုခံခဲ့လို့ လက်လွန်သွားခဲ့ပြီး အားကစားဘောင်းဘီကို ချွတ်ခါ လည်ပင်းမှာချည်ပြီး ဆွဲကြိုးချတဲ့ပုံ လုပ်ဆောင်ခဲ့တာလို့ ဝန်ခံခဲ့တယ်လို့ဆိုပါတယ်။

ကျူးလွန်သူကို လပွတ္တာမြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး လူသတ်မှု၊ အတင်းအဓမ္မပြုကျင့်မှုတွေနဲ့ ဆက်လက်စစ်ဆေးနေကာ တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ လုပ်ဆောင်နေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ Source – DVB

အာရက္ခကျန်းမာရေးဌာနမှာ သားဖွားသင်တန်းလျှောက်လွှာခေါ်ယူနေ

အာရက္ခပြည်သူ့ကျန်းမာရေးဌာနလက် အောက်ခံကျေးလက်ကျန်းမာရေးဌာနတွေ၊ဌာနခွဲတွေမှာသားဖွားဆရာမခန့်ပြီး အာရက္ခပြည်သူ တွေရဲ့ကျန်းမာ ရေးကို ဖြေရှင်းဖို့  အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက  သားဖွားသင်တန်း အတွက် လျှောက်ထားနိုင်တယ်လို့ သြဂုတ်လ ၁၉ ရက်က ထုတ်ပြန်ပါတယ်။

သားဖွားသင်တန်းကို တဆယ့်ရှစ်လကြာတက်ရမှာဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတာဝန်ထမ်းနိုင်တဲ့ လူမျိုးဘာသာ မရွေးလျှောက်နိုင်တယ်လို့ဆိုတယ်။ဒီသင်တန်းမှာကိုယ်ဝန်ဆောင်တွေကိုစောင့်ရှောက်တာ၊မွေးဖွားတာ၊မီးတွင်းကာလတွေမှာစောင့်ရှောက်ပေးတာ၊မွေးကင်းစနဲ့ ငါးနှစ်အောက်ကလေးအတွက် ကျန်း မာရေးဖွံ့ဖြိုးအောင်ပြုလုပ်တာ၊မျိုး ဆက်ပွားကျန်းမာရေးလုပ်ငန်းတွေနဲ့အာ ဟာရဖွံ့ဖြိုးရေးလုပ်ငန်းတွေအကြောင်းသင်ကြားမှာဖြစ်ပါတယ်။

လျှောက်ထားလိုသူတွေက အသက်နှစ်ဆယ့်ငါးနှစ်အောက်အမျိုးသမီးတွေဖြစ်ရမှာဖြစ်သလို အာရက္ခပြည်သူ့အစိုးရက ကျင်းပတဲ့ ဆယ့်နှစ်တန်းစာမေးပွဲကို အောင်မြင်ကြောင်းထောက်ခံစာတင်ပြရမှာြဖစ်ပြီး စနစ်ဟောင်းအရတက္ကသို လ်ဝင်တန်းအောင်မြင်ပြီးသူဖြစ်ရမယ်လို့ဆိုပါတယ်။သင်တန်းပြီးဆုံးရင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှာ သားဖွားဆရာမအဖြစ် ဘယ်ဒေသမှာမဆို အနည်းဆုံးငါးနှစ်တာဝန်ထမ်းဆောင်ရမယ် လို့ထုတ်ပြန်ပါတယ်။ Source – Border News Agency

အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးနှင့် ၈ ဦးကို အင်းစိန်ထောင်အချုပ်ပို့

အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ အဖွဲ့ဝင် ၈ ဦးကို ဩဂုတ် ၁၈ ရက်မှာ ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်ရှိ အချုပ်ဆောင်သို့ ပို့ဆောင်ခဲ့တယ်လို့ STUM ထံမှ သိရပါတယ်။

ဩဂုတ် ၁၈ ရက် မွန်းလွဲပိုင်းတွင် ရွှေပြည်သာမြို့မရဲစခန်းမှ ဒေါ်မျိုးမျိုးအေးနှင့် သင်းထက်စံပါ ၈ ဦးအား ရွှေပြည်သာမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သပြီး တရားရုံးက ၁၉၆၁၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ပုဒ်မ ၅ (၁) (စ) (ဆ) ဖြင့် သီးခြား (တမှုချင်းစီ) တရားစွဲတင်ပြီး ပြန်လည်ကြားနာရန်အတွက် လာမည့် ဩဂုတ်လ၂၅ ရက်ကို ပြန်လည် ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။

ရုံးချိန်းပေးပြီးနောက် ဒေါ်မျိုးမျိုးအေးနဲ့ သင်းထက်စံပါ ၈ ဦးကို အင်းစိန်အကျဉ်းထောင်ရှိ အချုပ်သို့ လွှဲပြောင်းပို့ဆောင်လိုက်ပြီး ဩဂုတ်လ ၁၈ ရက်အထိ ဒေါ်မျိုးမျိုးအေးတို့အား အခြားသော ဥပဒေ၊ ပုဒ်မများဖြင့် ထပ်မံ တရားစွဲဆိုထားခြင်းမရှိသေးဘူးလို့ STUM က ထုတ်ပြန်ထားပါတယ်။

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးနဲ့ ဝန်ထမ်း ၉ ဦးကို ဩဂုတ်လ ၅ ရက် ညနေပိုင်းမှာအောင်သပြေ စစ်ကြောရေးမှ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ အင်းစိန်မြို့နယ်များသို့ လွှဲပြောင်းပို့ဆောင်ကာ ဩဂုတ်လ ၇ ရက် ၌ သက်ဆိုင်ရာ တရားရုံးများ၌ ချုပ်ရက်ရမန် ပေးခဲ့ပါတယ်။ Source – The Irrawaddy News

 အမျိုးသမီးစစ်မှုထမ်းသင်တန်းစပြီးနောက် အမျိုးသမီးစစ်သည်စုဆောင်းမှုစတင် ** (DVB သတင်းသုံးပုဒ်ကို ပေါင်းရေးလိုက်ပါတယ်။)**

အမျိုးသမီးစစ်မှုထမ်းစတင်လာပြီးနောက်   စစ်ကောင်စီက အမျိုးသမီးစစ်သည် စုဆောင်းမှုအဖြစ် ပြီးခဲ့တဲ့      သြဂုတ် ၁၅ ရက်ကရနောင်းအချုပ်ထောင်က မြန်မာနိုင်ငံဘက် ပြန်ပို့ခံရသူ လွတ်ရက်နီး အမျိုးသား ၈၄ ယောက်နဲ့ အမျိုးသမီး ၁၅ ယောက် စုစုပေါင်း ၉၉ ယောက်ကို ကော့သောင်းမြို့ လှေဆိပ်ကို လွှဲပြောင်းပို့ဆောင်ပြီးနောက် စစ်ကောင်စီရဲ့ စစ်ဦးစီးမှူး ကလာရောက်စိစစ်ပြီး စစ်မှုထမ်းအကျုံးဝင်တဲ့ အမျိုးသားတွေအပြင် အမျိုးသမီးတွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုးသမီးအရေအတွက်ကို အတိအကျ မသိရပေမယ့် နေရပ်ပြန်ပို့ခံရသူတွေထဲက အမျိုးသမီးတွေကိုပါ စစ်ကောင်စီတပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်တာ ပထဆုံးအကြိမ်ဖြစ်ပါတယ်။ ယခင်အကြိမ်တွေက နေရပ်ပြန်ပို့ခံရသူတွေထဲ အမျိုးသမီးတွေနဲ့ အသက်ကြီးပိုင်း အမျိုးသားတွေကို လှေဆိပ်မှာ ပြန်လွှတ်ပေးပြီး စစ်မှုထမ်းအကျုံးဝင်တဲ့ အမျိုးသားတွေကိုပဲ ဖမ်းဆီးခေါ်ဆောင်လေ့ရှိတာဖြစ်ပါတယ်။

စစ်ကော်မရှင်က အမျိုးသမီးစစ်မှုထမ်းတွေကို စခေါ်နေပြီဆိုတဲ့ သတင်းကြောင့် အမျိုးသားတွေလို ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်တားဆီးမှာကို စိုးရိမ်နေရတယ်လို့ လူငယ်အမျိုးသမီးတချို့က ပြောပါတယ်။

စစ်ကော်မရှင်က စစ်မှုထမ်းကိစ္စကို အကြောင်းပြုပြီး အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို မတ်လကစပြီး ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ထားတာကြောင့် ပြည်ပအလုပ်အကိုင်အေဂျင်စီတွေ ကအမျိုးသမီးနဲ့ အသက် ၃၅ နှစ်အထက် အမျိုးသားတွေကိုပဲ ပြည်ပစေလွှတ်နိုင်တဲ့ အခြေအနေ ကြုံနေရတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာအမျိုးသမီးစစ်မှုထမ်း သင်တန်းကို မှော်ဘီမြို့အခြေစိုက် အမှတ် ၄ အရာခံနဲ့ အကြပ်ကြီးသင်ကျောင်း (ရကသ-၄) မှာ ဇွန်လကစတင် ဖွင့်လှစ်ရာမှာ အပတ်စဉ် ၁ အတွက် သင်တန်းကို  တပ်မိသားစုဝင်တွေ၊ စစ်တပ်အသိုက်အဝန်းနဲ့ စစ်တပ်ထောက်ခံသူတွေနဲ့ ပျူစောထီးတွေနဲ့ ပတ်သက်တဲ့သူတွေလည်း ပါဝင်ခဲ့ပါတယ်။   

အပတ်စဉ် ၁ က စစ်တပ်နဲ့နီးစပ်တဲ့ အမျိုးသမီးစစ်မှုထမ်း တပ်သားအသစ်တွေကိုတော့ မဲစာရင်းလုပ်တဲ့နေရာ၊ မဲရုံနဲ့ပတ်သက်တဲ့ လုံခြုံရေးလုပ်တဲ့ နေရာတွေမှာလည်း ထည့်ဖို့ စီစဉ်ထားပြီး တခြားသူတွေကိုတော့ ရှေ့တန်းမှာ အကူအနေနဲ့ ခိုင်းသွားမယ်လို့လည်းဆိုပါတယ်။Source –  DVB

ထိုင်းမှာ ခွင့်ပြုချက်မရှိဘဲစာသင်ပေးနေတဲ့ မြန်မာဆရာမတဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းခရိုင်ထဲမှာ တရားမဝင် စာသင်ခန်းဖွင့်ပြီး ကလေးတွေကို စာသင်ပေးတဲ့ မြန်မာကျောင်းဆရာမတဦး ဖမ်းဆီးခံရတယ်လို့ Police TV ထိုင်းသတင်းမှာ ဖော်ပြပါတယ်

ဩဂုတ် ၁၄ ရက်က စမွတ်စခွန်းမြို့၊ ဒေါက်ကပွေးရပ်ကွက် အိမ်အမှတ် ၅၃/၁၃ ကို သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာအဆိုပါတိုက်ခန်းမှာ စာသင်ခန်းဖွင့်ထားပြီး Grade-1 အဆင့် ကလေး ၁၀၀ လောက် စာသင်နေတာတွေ့ရသလို ကလေးတယောက်ကို သင်တန်းကြေး ဘတ် ၁,၅၀၀ မှ ၂,၀၀၀ ထိ ပေးရတယ်လို့ဆိုတယ်။

သင်ကြားပြသသူ အသက် ၄၈ နှစ်အရွယ် ဆရာမဟာ မြန်မာအမျိုးသမီးတယောက်ဖြစ်ပြီး သူ့မှာ အခြေခံအလုပ်သမား မှတ်ပုံတင်ကတ်ပဲ ရှိပေမဲ့ ဆရာမလုပ်ပိုင်ခွင့် မရှိတာကြောင့် သူ့ကို  ခွင့်ပြုချက်မရှိတဲ့ အလုပ်မှာ ဝင်ရောက်လုပ်ကိုင်မှု၊ တာဝန်ရှိသူတွေကို မဟုတ်မမှန် အချက်အလက်တွေ တင်ပြမှုတွေနဲ့ အရေးယူသွားမယ်လို့ စမွတ်စခွန်း လဝကရဲမှူးက ပြောပါတယ်။ Source – DVB

Author: