ကိုယ်ဝန်ဆောင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကာကွယ်ဆေးထိုးပေး
သန့်ရှင်းထွန်း
မြို့သိမ်းတိုက်ပွဲတွေ စတင်ဖြစ်ပွါးချိန်ကစလို့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝမရရှိခဲ့တဲ့ မောင်တောမြို့နယ်က ကျေးရွာပေါင်း ၁၀၀ ကျော်က ကိုယ်ဝန်ဆောင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကာကွယ်ဆေးတွေ ထိုးပေးနေတယ်လို့ သိရပါတယ်။
၂၀၂၃ခုနှစ်က ရခိုင်မှာ တပြည်နယ်လုံးအတိုင်းအတာနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွါးခဲ့တာကြောင့် ဆေးရုံ၊ ဆေးခန်းတွေ ပိတ်လိုက်ရတာ၊ ဆရာဝန်နဲ့ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းတွေ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရတာကြောင့် ကိုယ်ဝန်ဆောင်တွေ၊ မွေးကင်းစကလေးတွေဟာ ပုံမှန်ကာကွယ်ဆေးတွေ မထိုးနှံခဲ့ရဘူးလို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကာကွယ်ဆေးတွေ ပုံမှန်မထိုးရတာကြောင့် ကိုယ်ဝန် မဆောင်ရဲကြဘူး။ တိုက်ပွဲကာလမှာ မွေးခဲ့တဲ့ ကလေးတွေအားလုံးက ပုံမှန်ကာကွယ်ဆေးတွေ မထိုးခဲ့ရဘူး”လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။
လက်ရှိ ကိုယ်ဝန်ဆောင်ကာကွယ်ဆေးတွေကို နောက်ထပ်ပုံမှန် ထိုးပေးနိုင်ဖို့ ကြိုးစားနေကြတယ်လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ပုံမှန်ကာကွယ်ဆေး မထိုးနှံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတချို့ဟာ ကလေးအသေမွေးဖွားတာ၊ လမစေ့ဘဲ မွေးဖွားတာ စတဲ့ အခက်ခဲတွေကို ကြုံတွေ့ခဲ့ရတယ်လို့ ဘူးသီးတောင်မြို့နယ်က အမျိုးသမီးတစ်ဦးက ပြောပါတယ်။





