သားဆက်ခြားဆေးတွေ ပြတ်လပ်လို့ စစ်ရှောင်အမျိုးသမီး ၁၀၀၀ကျော်ရဲ့ ကျန်းမာရေး စိုးရိမ်
တနင်္သာရီတိုင်း လောင်းလုံမြို့နယ်မှာ သားဆက်ခြားဆေးတွေ၊အကာအကွယ်တွေ ပြတ်လပ်နေလို့ စစ်ရှောင်အမျိုးသမီး ၁၀၀၀ကျော်ရဲ့ ကျန်းမာရေးပြဿနာက စိုးရိမ်စရာဖြစ်နေတယ်လို့ ကျန်းမာရေး ဆရာမ ဒေါ်နန်းသက်မာက ပြောပါတယ်။
အိမ်ထောင်ရှင်အမျိုးသမီးတွေ သားဆက်ခြားဆေး၊ သားဆက်ခြားပစ္စည်း မသုံးဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံတာရဲ့အဓိကအန္တရာယ် ဖြစ်တဲ့ မလိုလားအပ်ဘဲ ကိုယ်ဝန်ရတာနဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေလည်းရရှိနိုင်တာကြောင့်ဖြစ်ပါတယ်။
“မလိုလားအပ်တဲ့ကိုယ်ဝန်ကို ဘေးကင်းလုံခြုံမှုမရှိတဲ့ နည်းလမ်းတွေနဲ့ ဖျက်ချမိရင် အသက်အန္တရာယ်အထိဖြစ်စေနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဥပမာ သွေးသွန်တာ၊ပိုးဝင်တာနဲ့ သားအိမ်ထိခိုက်တာတွေဖြစ်နိုင်တယ်။”လို့ ဆရာမ ဒေါ်နန်းသက်မာက ရှင်းပြပါတယ်။
အိမ်ထောင်ရှင်အမျိုးသမီးတချို့ ရုတ်တရက် ကိုယ်ဝန်ရတာဟ, စိတ်ပိုင်းဆိုင်ရာ ကြီးမားတဲ့ဖိစီးမှု၊ စိုးရိမ်သောကတွေဖြစ်စေ နိုင်သလို မိသားစုပေါ်မှာလည်း ကြီးမားတဲ့ဝန်ထုတ်ဝန်ပိုးဖြစ်စေနိုင်တယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့မတ်လမှ စတင်ပြီး ထားဝယ်ဒေသကို ဆေးဝါးသယ်ဆောင်ခွင့် ကန့်သတ်လိုက်တာကြောင့် ဈေးနှုန်းမြင့် တက်သွားသလို တချို့နေရာတွေမှာ ဆေးဝါးပြတ်လပ်သွားတာဖြစ်ပါတယ်။
ဒါ့အပြင် ယခင်က ကျပ် ၃,၀၀၀ ဝန်းကျင်သာရှိတဲ့သောက်ဆေး တစ်ကဒ်မှာ ယခုအခါ ၆,၀၀၀ ကျပ်အထိ ဈေးတက်ခဲ့ပြီး၊ သုံးလခံထိုးဆေးတစ်လုံးမှာလည်း ကျပ် ၃၀၀၀ မှ ၆,၀၀၀ ကျပ်အထိ နှစ်ဆမြင့်တက်ခဲ့တာဖြစ်ပါတယ်။
အိမ်ထောင်သက် လေးနှစ်ရှိပြီဖြစ်တဲ့ မနှင်းနှင်းကလည်း“ကျမ ခြောက်လခံဆေးထိုးတာ ပြည့်တော့မယ်။ ခုထိဆေးဝယ်လို့ မရ သေးဘူး။ ဆရာမတွေမှာလည်း မရှိတောဘူး”လို့ ပြောပါတယ်။
မနှင်းနှင်း၃၅နှစ်ဟာ လောင်းလုံမြို့နယ်၊ အောက်ရေဖြူကျေးရွာကနေ ဒေသခံတွေနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလထဲက စစ်ရှောင်လာသူတွေဖြစ်ပါတယ်။
သူတို့စခန်းမှာ ကျောက်နီမော်ရွာနဲ့ အောက်ရေဖြူရွာမှ စစ်ရှောင်လာသူစုစုပေါင်း ၂၀၀၀နီးပါးရှိတဲ့အထဲ အိမ်ထောင်ရှင် အမျိုးသမီးက တဝက်ကျော်ပါဝင်နေတာပါ။ ဒီအမျိုးသမီးတွေအတွက် သားဆက်ခြားဆေးတွေလိုအပ်နေတာဖြစ်ပါတယ်။
ကျန်းမာရေးဆရာမ ဒေါ်နန်းသက်မာက“စစ်တပ်က ကွန်ဒုံးကအစ ပေးမသယ်ရတာ။ ရပြန်တော့လည်း ဈေးက သုံးဆ လောက်မြင့်တယ်။ အရင်လူသုံးယောက်လောက်တိုက်လို့ရတဲ့ဆေးက အခုဆို တစ်ယောက်လောက်သာဆေးပေးနိုင်တဲ့ သဘောပေါ့။”လို့ ပြောပါတယ်။
သားဆက်ခြားဆေး(ထိုးဆေး၊ စားဆေး)တွေဟာ ကိုယ်ဝန်ကိုသာ တားဆီးပေးပြီး လိင်ကနေ ကူးစက်တဲ့ရောဂါတွေကို မကာကွယ်နိုင်ပါဘူး။ ကွန်ဒုံး(Condom)သာလျှင် ရောဂါကူးစက်မှုကို ထိထိရောက်ရောက်ကာကွယ်နိုင်တာပါလို့လည်း သူက ရှင်းပြပါတယ်။
ဒါပေမဲ့ ဆေးသယ်ယူလာတဲ့လမ်းတစ်လျှောက် စစ်ဆေးရေးဂိတ်တွေက ငွေကြေးအပြင် ကွန်ဒုံးတွေ၊ တားဆေးတွေလည်း တောင်းယူတာကြောင့် ပြတ်လပ်သွားတာဖြစ်တယ်လို့ ဆေးဆိုင်ပိုင်ရှင် ဦးမြတ်အောင်က ဆိုပါတယ်။
“စစ်တပ်က သူတို့လူတွေတော့ ဆေးတင်သွင်းလို့ရတယ်။ ဒါမဲ့ ပိုက်ဆံပေးရတဲ့အပြင် PDF တွေကို ဆေးမရောင်းရဘူးလို့ ခံဝန်ထိုးရတယ်။ သူတို့က တခြားဆေးအပြင် ကွန်ဒုံးတွေ၊ တားဆေးတွေပါယူတာ။”လို့ သူက ပြောပါတယ်။
လက်ရှိ သောက်ဆေးတွေဝယ်ယူဖို့ ခက်ခဲပြီး လစဉ်ကုန်ကျစရိတ်များတာကြောင့် အမျိုးသမီးအများစုမှာ သုံးလခံထိုးဆေး ကို ပြောင်းလဲသုံးစွဲလာကြပါတယ်။ ဒါပေမဲ့ သုံးစွဲသူများပြားလာတာကြောင့် လက်ရှိမှာ ထိုးဆေးတွေပါ ဝယ်ယူဖို့ခက်ခဲလာ တာဖြစ်ပါတယ်။
ဒီအခြေအနေက စစ်ဘေးရှောင်တွေကြား မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိတာ၊ ကလေးစွန့်ပစ်တာနဲ့ အခြားကျန်းမာရေး ဆိုင်ရာ နောက်ဆက်တွဲလူမှုရေးပြဿနာတွေကို ပိုမိုဆိုးရွားလာစေနိုင်တယ်လို့လည်း ကျန်းမာရေးဝန်ထမ်းတွေက စိုးရိမ်နေကြပါ တယ်။










