မုဒိမ်းပြုကျင့်ရန်ကြံစည်သူကို အာမခံနဲ့လွတ်ထားတဲ့ တရားသူကြီးစစ်ဆေးခံနေရ
သန့်ရှင်းထွန်း
ရခိုင်ပြည်၊ မြေပုံမြို့နယ် လွန်းလုံးပိုက်ကျေးရွာမှာ မုဒိမ်းပြုကျင့်ဖို့ ကြံစည်အားထုတ်ခဲ့တဲ့ အမျိုးသားကို ပြန်လည်ဖမ်းဆီးထားပြီး အာမခံပေးလွတ်ထားတဲ့ တရားသူကြီးကိုပါ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က စစ်ဆေးနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့ ကိုယ်ဝတ်ဗလာနဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးက အသက် ၂၃ နှစ်အရွယ် အိမ်နီးချင်း အမျိုးသမီးတစ်ဦးကို ရိုက်နှက်ပြီး မုဒိမ်းကျင့်ရန်ကြံစည်မှုလို့သိရပါတယ်။
အိမ်သာတက်နေတဲ့ အမျိုးသမီးရဲ့ လည်ပင်းကို ညှစ်ကာ မုဒိမ်းကျင့်ဖို့ အားထုတ်ခဲ့သလို အိမ်အနောက်ဘက်က ဘတ်ဟိုးဖြင့်တူးထားတဲ့ ကျင်းထဲမှာလည်း လည်းပင်းကိုညှစ်တာ၊ ရင်ဘတ်နှင့် နောက်ကျောကိုလက်သီးနဲ့ ထိုးပြီး ရေနစ်သတ်ဖို့ ကြိုးစားခဲ့တယ်လို့ ဖြစ်စဉ်ကို သိထားသူတွေက ပြောပါတယ်။
အမျိုးသမီးရဲ့ အော်ဟစ်အကူညီတောင်းသံကြောင့် အိမ်နီးချင်းတဦး ဓာတ်မီးနဲ့ထိုးကြည့်တဲ့အခါ အဝတ်ဗလာနဲ့ အမျိုးသားကို မြင်တွေ့ပြီး ရွာသားတွေနဲ့အတူ အဲနေ့မှာပင် ဖမ်းဆီးရမိခဲ့ပါတယ်။
ရွာသားတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့ အမျိုးသားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)ရဲ့ ရဲဌာနကို အပ်နှံအမှုဖွင့်ခဲ့ပေမယ့် ပြစ်မှုကျူးလွန်သူကို တရားသူကြီးက အာမခံပေးခဲ့တဲ့အတွက် ချုပ်နှောင်မခံရဘဲ လွတ်မြောက်နေခဲ့တာ တစ်နှစ်ကျော်ထိ အချိန်ကြာခဲ့ပြီလို့ အမျိုးသမီးငယ်ရဲ့ မိခင်က ပြောပါတယ်။
“တရားရုံးသွားတက်ရင်းနဲ့ အချိန်ကုန် လူပန်းဖြစ်နေပါပြီ။ သမီးကလည်း စိတ်ပိုင်းဆိုင်ရာ တော်တော်လည်း ထိခိုက်နေတယ်။ ကြောက်စိတ်ဝင်ပြီး နေဝင်ရင် အိမ်ပေါ်က အိမ်အောက်ကို မဆင်းရဲတဲ့အထိဖြစ်နေတယ်”လို့ မိခင်က ပြောပါတယ်။
အခုလို အမှု့ကြန့်ကြာပြီး ပြစ်မှုကျူးလွန်သူ လွတ်မြောက်နေခြင်းကို တရားမျှတမှုရလိုတဲ့သူတွေက လူမှုကွန်ရက်စာမျက်နှာနှင့် သတင်းဌာနတွေမှာ ဖွင့်ချလာတာကြောင့် ပြစ်မှုကျူးလွန်သူကို ပြန်လည် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် ဥပဒေအရ မုဒိမ်းမှုပုဒ်မ ၃၇၆ သည် အာမခံပေးလို့မရသည်အမှုဖြစ်သည်ဟု ရန်ကုန်မြို့မှ ဥပဒေအကျိုးဆောင်တဦးက ပြောကြားသည်။
- “တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း” - 14/07/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025