ဒဂုံတက္ကသိုလ်သမဂ္ဂ အမှုဆောင်ဟောင်း မဝတ်ရည်အောင် အင်းစိန်ထောင်တွင် သေဆုံး

 ‎ညီထွေး ‎ ‎

ထောင်ဒဏ် ၇ နှစ်နဲ့ အင်းစိန်ထောင်မှာ အကျဥ်းချခံထားရတဲ့  မဝတ်ရည်အောင် ၂၆နှစ်ဟာ ဇူလိုင် ၁၉ ညနေ ၉ နာရီဝန်းကျင်မှာ သေဆုံးသွားခဲ့တယ်လို့ ဒဂုံကျောင်းသားများသမဂ္ဂ က ဒီကနေ့ ထုတ်ပြန်လာပါတယ်။

‎ ‎သူမဟာ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ဗဟိုအလုပ်အမှုဆောင်ဟောင်း တစ်ယောက် ဖြစ်ပြီး စစ်ကြောရေးမှာ စစ်ကောင်စီရဲ့ နှိပ်စက်မှု ဒဏ်တွေကြောင့် လေးနှစ်နီးပါအကြားမှာ သေဆုံးသွားခဲ့ရတာလို့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

 ‎ ‎၂၀၂၁ စက်တင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင် ၃ နှစ်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၅၂ (က) နဲ့ထောင် ၄ နှစ်၊ စုစုပေါင်းထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသူလို့ ဆိုပါတယ်။ ‎ ‎

အကျဥ်းထောင်အတွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရကြဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက် (PPNM) က သိရပါတယ်။ ‎ ‎” စစ်ကြောရေးမှာ နှိပ်စက် ဒဏ်တွေက နိုင်ငံရေး အကျဥ်းသားတွေကို နာတာရှည်ဝေဒနာအထိပါ ခံစားစေတယ်။ ဒါအပြင် နိုင်ငံရေး အကျဥ်းသားတွေက နဂိုမူလ ရောဂါအခံကြောင့် သေကြရသလို စစ်ကြောရေးက ဒဏ်တွေကြောင့် သေသွာကြတာလည်းရှိပါတယ်” လို့ (PPNM) ရဲ့ ပြောရဲဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။ ‎ ‎ထောင်အတွင်း လုံလောက်တဲ့ ဆေးဝါးကုသခွင့်မရတာကြောင့် ဒီနှစ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ ဇူလိုင်လ ၂၀ ရက်အထိ သေဆုံးသွားခဲ့တဲ့ နိုင်ငံရေးအကျဥ်းသား ၁၄ ယောက်ရှိပြီး အဲဒီအထဲ အမျိုးသမီး ၃ ယောက်ပါကြောင့် PPNM ရဲ့ စာရင်းတွေအရ သိရပါတယ်။ ‎

Author: