“တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း”
ထနောင်းမေ
“လွန်ခဲ့တဲ့ငါးနှစ်ကျော်က ရည်းစားဦးဆီက ကျူးလွန်ခံခဲ့ရတာတွေကို ပြန်ပြောချင်လို့ပါ” လို့ အစချီတဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှု ကြုံတွေ့ခံစားခဲ့ရသူအမျိုးသမီးတစ်ဦးရဲ့ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့စာ ကို ဖတ်လိုက်ရပါတယ်။
ခုရက်တွေထဲ တော်လှန်ရေးထဲ အလုပ်လုပ်နေတဲ့သူတွေကိုယ်တိုင်က လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု တွေ ကျူးလွန်တယ်ဆိုတာတွေ တွေ့လာရလို့ သူကထုတ်ဖော်တာလို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုတွေကို ဖော်ထုတ်ပြောဆိုကြတဲ့ဖြစ်ရပ်တွေ ဒီရက်သတ္တပတ်အတွင်း ဆိုရှယ်မီဒီယာပေါ်မှာ ခပ်စိတ်စိတ်ပေါ်ပေါက်လာတာဖြစ်ပါတယ်။
လတ်တလောဖော်ထုတ်ပြောဆိုလာတဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေမှာ ကျူးလွန်သူအများစုဟာ လက်ရှိတော်လှန်ရေးအသိုင်းအဝိုင်းမှာ လုပ်ကိုင်နေသူတွေ၊ လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေမှာ လုပ် ကိုင်နေသူတွေ၊ လူထုအကျိုးပြုအဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူတွေဖြစ်တယ်လို့ ဆိုကြပါတယ်။
ဒီလိုထုတ်ဖော်ပြောဆိုလာမှုတွေနဲ့ပတ်သက်ပြီး တကျော့ပြန် Me too လှုပ်ရှားမှု ပြန်အသက်ဝင်လာပြီလို့ ပြောဆိုမှုတချို့လည်းတွေ့ရပါတယ်။
Me too လှုပ်ရှားမှုဆိုတာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာနှောင့် ယှက်မှုတွေကို ကြုံတွေ့ခဲ့ရသူ တစုံတယောက်က စတင်ထုတ်ဖော်ပြောဆိုလိုက်ရာကနေ ဒီလိုကြုံတွေ့ခဲ့ ကြရတဲ့ နောက်ထပ်အမျိုးသမီးတွေကလည်း Me too လို့ တပြိုင်တည်းဝိုင်းဝန်းဖော်ထုတ်ပြောဆိုလာ ကြတဲ့ နိုင်ငံတကာလှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်မှာ Burke ဆိုတဲ့လူမည်းအမျိုးသမီးတစ်ဦးဟာ လူမှုအဖွဲ့အစည်းတခုမှာ အလုပ်လုပ်ရင်း လိင် ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ကြုံတွေ့ရင်ဆိုင်ခဲ့ကြရလို့ ရင်ဖွင့်ခဲ့ကြတဲ့အမျိုးသမီးတွေကို အားပေးရာ ကနေ ဒီလိုလှုပ်ရှားမှုတွေ အစပြုပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ ရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein ဟာ အမျိုးသမီး ၈၀ ကျော်ကို လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်တွေကိုဖော်ထုတ်ခဲ့ကြရာကနေ #Metoo လှုပ်ရှားမှုဟာ လူသိများလာခဲ့ပါတယ်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းခံခဲ့ရတဲ့ အမျိုးသမီးတွေကို “Me too” လို့ထုတ်ဖော်ပြောဆိုဖို့ အမျိုးသမီးသရုပ်ဆောင် Alyssa Milano က တိုက်တွန်းခဲ့ရာကနေ ဒီလိုကျူးလွန် ခြင်းခံခဲ့ကြရတဲ့ အမျိုးသမီးတွေဟာ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာ သူတို့လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခံရတဲ့ဖြစ်ရပ်တွေကို ဖွင့်ဟပြောဆိုလာခဲ့ကြပြီး ဒီလှုပ်ရှားမှုဟာ တောမီးပမာပျံ့နှံ့သွားခဲ့ပါတယ်။
နောက်ပိုင်းတွေမှာ အမေရိကန်နိုင်ငံအပြင် အိန္ဒိယ၊ တောင်ကိုရီးယား၊ ပြင်သစ်၊ တရုတ် စတဲ့နိုင်ငံတွေမှာ လည်း ကြီးမားတဲ့ “Me too” လှုပ်ရှားမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာလည်း ၂၀၁၈ နောက်ပိုင်းကစပြီး မီဒီယာအသိုင်းအဝိုင်း၊ NGO အသိုင်းအဝိုင်း၊ အနုပညာ နယ်ပယ်၊ ပညာရေးနယ်ပယ် စတဲ့နယ်ပယ်အသီးအသီးမှာ Me too လှုပ်ရှားမှုပေါ်ပေါက်ခဲ့ဖူးပါတယ်။
#Metoo ဆိုတာကတော့ “ငါလည်း ဒီလိုကြုံဖူးပါတယ်” လို့ အဓိပ္ပါယ်ဆောင်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်ခံရမှုတွေ၊ စော်ကားခံရမှုတွေကို လူမှုကွန်ရက်မှာ တစ်ယောက်ပြီးတစ်ယောက် ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြော ဆိုကြတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။
ဖိုဝါဒီစစ်အာဏာရှင်စနစ်နဲ့အတူ အတွေးအခေါ်ဟောင်း၊ အယူအဆဟောင်းတွေကို တွန်းလှန်မယ်ဆိုတဲ့ ဦးတည်ချက်တွေနဲ့ စခဲ့တဲ့နွေဦးတော်လှန်ရေးမှာ ဖိုဝါဒီစစ်အာဏာရှင်တွေနဲ့မခြား လိင်အမြတ်ထုတ်တဲ့ သူတွေ ရှိနေတာဟာ ငြင်းပယ်လို့ မရပါ။ စစ်တပ်ကြီးစိုးရေးအတွေးအခေါ်ထဲမှာ ယောက်ျားပီသခြင်း၊ လိင် စွမ်းဆောင်ရည် မြင့်မားခြင်းတို့ပါဝင်ပြီး အမျိုးသမီးများအပေါ် မလေးမစား လိင်ပိုင်းဆိုင်ရာ ထိပါးပြော ဆိုမှုတွေဟာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေပါတယ်။
“ ယောက်ကျားဆိုတာ ဘူးရင်ဘူး၊ မဘူးရင်ဒူးဆိုတဲ့ ယောက်ျားတိုင်း နှာဘူးကျလို့ရတယ်၊ နာဘူးမကျရင် ဂန်ဒူးပဲ” ဆိုတဲ့ ဖော်ညွှန်းမှုတွေကို အခြေခံစစ်သင်တန်းတွေကတည်းက ရိုက်သွင်းပြောဆိုကြတာတွေရှိပါ တယ်။
အခုရက်ပိုင်း ဆိုရှယ်မီဒီယာမှာ ဖွင့်ချလာတဲ့ အမျိုးသမီးတွေအပေါ် လိင်အမြတ်ထုတ်သူတွေကို ကြည့် လိုက်ရင် တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင်ပါဝင်နေတဲ့ နာမည်ကျော်ကြားတွေ ဖြစ်နေတာတွေ့ရပါတယ်။
အထူးသဖြင့် တော်လှန်ရေးထဲမှာ ထင်ရှားသူ၊ နာမည်ကြီးသူ၊ အမျိုးသမီးအခွင့်အရေးအကြောင်း၊ လူ့အခွင့် အရေးအကြောင်း တွင်တွင်ပြောကြသူတွေက ဒီလိုလိင်အမြတ်ထုတ်မှုတွေကို ကျူးလွန်နေကြတာကို တွေ့မြင်လာရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း တော်လှန်ရေးထဲမှာ အလုပ်လုပ်ကိုင်နေသူတွေ ကျူးလွန်ခဲ့တဲ့ လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်မှုတွေကို ဖော်ထုတ်ပြောဆိုလာကြတာတွေ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ပေါ်ထွက် လာပါတယ်။
တော်လှန်ရေးမှာ ထင်ရှားတဲ့ လူငယ်တက်ကြွလှုပ်ရှားသူ၊ ဓါတ်ပုံဆရာ၊ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ မောက် ခမ်းဝါ (ခ) မင်းသူကျော်ဟာ အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တယ်ဆိုတဲ့ သတင်း ဇွန်လလယ်မှာထွက်ပေါ်လာခဲ့ပါတယ်။
ပြီးတော့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သလို Burma Civil War Museum နဲ့ Myanmar Cultural Research Society (MCRS)တို့ကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်တဲ့ ရဲဟိန်းအောင်(ခ)ဖိုး သင်္ကြန်ဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ပြုလုပ်ခဲ့တဲ့ အကြောင်းကို ရှိ-Shield အဖွဲ့က ထုတ်ပြန်ခဲ့ ပါတယ်။
ဒီလို တော်လှန်ရေးအသိုင်းအဝိုင်းမှာ ပါဝင်နေတဲ့သူတွေရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ထွက်ပေါ်လာ ပြီးတဲ့နောက်မှာ တခြားသော လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို ကျူးလွန်ခဲ့ကြတဲ့ဖြစ်စဉ်တွေကို အမျိုးသမီးတချို့က ထပ်မံထုတ်ဖော်လာကြပါတယ်။
လူထုအကျိုးပြုလုပ်ငန်းကြီးတခုမှာ ဆောင်ရွက်ခဲ့သူတစ်ဦးရဲ့ လွန်ခဲ့တဲ့ ၆ နှစ်က လိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်မှုအကြောင်းကို ကျူးလွန်ခံရသူအမျိုးသမီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
တော်လှန်ရေးကာလအတွင်းမှာ ပေါ်ပေါက်လာတဲ့ နွေဦးတက္ကသိုလ် (SUM) မှာ တာဝန်ထမ်းဆောင်ခဲ့ဖူး တဲ့ ကျောင်းဆရာတစ်ဦးရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ ဖြစ်ရပ်တစ်ခုလည်း ပေါ်ထွက်လာခဲ့ပါတယ်။
ကျူးလွန်ခံရသူအမျိုးသမီးတွေက ထုတ်ဖော်ပြောဆိုကြ၊ တိုင်ကြားကြလို့သာ ဒီလိုဖြစ်စဉ်တွေဟာ လူသိ ရှင်ကြားပေါ်ထွက်လာရတာဖြစ်ပါတယ်။ တခြားလူမသိ သူမသိဖြစ်နေတဲ့ ဖြစ်စဉ်တွေ ဘယ်လောက်များ များရှိနေဦးမလဲဆိုတာ မခန့်မှန်းနိုင်ပါဘူး။
“တော်လှန်ရေးကိုအရင်လုပ်၊ ကျန်တဲ့ကိစ္စနောက်မှပြော” ဆိုတဲ့ တော်လှန်ရေးထိခိုက်မှာစိုးလို့ ပြောဆိုမှု တွေကလည်း ကျူးလွန်သူတွေကို အခွင့်အရေးပေးသလို ဖြစ်စေတာကို တွေ့ရပါတယ်။
နွေဦးတော်လှန်ရေးအစောပိုင်းကတည်းက အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးပါဝင်မှု၊ အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ဖော်ထုတ်ပြောဆိုတဲ့အခါ တော်လှန်ရေးနှောင့်နှေးမယ်၊ တော် လှန်ရေးကသာ ဦးစားပေးဖြစ်တယ်၊ ကျန်တဲ့ကိစ္စတွေကို တော်လှန်ရေးအောင်မှသာ ပြောကြမယ်၊ အပြစ် ပေးစရာရှိရင်လည်း ပေးကြမယ်ဆိုတဲ့ တိုက်တွန်းပြောဆိုမှုတွေဟာ တော်လှန်ရေးဗန်းပြ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုတွေကို ရေငုံနှုတ်ပိတ်စေခဲ့ပါတယ်။
ကျူးလွန်သူတွေက ဒီလူဒီလူတွေဖြစ်ပါတယ်လို့ ဖွင့်ဟပြောဆိုတဲ့အခါမှာလည်း သူကဟုတ်ပါ့မလား၊ ဒီလို လူက ဒီလိုလုပ်ပါ့မလားဆိုတဲ့ တန်ပြန်သံသယအမြင်တွေကို ရင်ဆိုင်ရမှာ ကြောက်ကြတာကြောင့် အမျိုး သမီးတွေအနေနဲ့ ထုတ်ဖော်ပြောဆိုဖို့ ဝန်လေးကြပါတယ်။
ဒါ့အပြင် ကျူးလွန်သူတွေအနေနဲ့ တော်လှန်ရေးလုပ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တော်လှန်ရေးကို အကာအကွယ်ယူပြီး အပြစ်ကနေ ကင်းလွတ်ခွင့်ရအောင် ကြိုးစားတာ ဒါမှမဟုတ်၊ အပြစ်ကို ဖုံးကွယ်ကြ တာ၊ ပြစ်ဒဏ်လျော့ပေါ့အောင် ကြိုးစားကြတာတွေကိုလည်း တွေ့ရပါတယ်။
တချို့ဖြစ်စဉ်တွေမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကျူးလွန်သူတွေကို ဖမ်းမိလို့ စစ်ဆေးမေးမြန်းတာ ဖြစ်ဖြစ်၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုကို အမျိုးသမီးတစ်ဦးက ဖော်ထုတ်ပြောဆိုတာဖြစ်ဖြစ် ဖြစ်စဉ် တွေဟာ လူသိရှင်ကြားဖြစ်လာတဲ့အခါ ကျူးလွန်သူတွေက ဒီအမျိုးသမီးတစ်ဦးထဲကို ကျူးလွန်ထားတာ မျိုးမဟုတ်ဘဲ တခြားကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးထက်မက ပိုမိုရှိနေတာကို တွေ့ရှိရပါတယ်။
ဒါကြောင့်လည်း Me too လှုပ်ရှားမှုကနေ ဒီလိုကျူးလွန်မှုတွေ ရပ်တန့်အောင် စတင်ရမယ်ဆိုတဲ့ အမြင် တွေ ပိုမိုဖြစ်ပေါ်လာကြတာပါ။
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေကို တစုံတယောက်က ဖွင့်ဟပြောဆိုခြင်းအားဖြင့် တခြားသူ တွေလည်း ဖွင့်ဟပြောဆိုလာနိုင်ကြပြီး ဒီလိုခံစားရတာ ကိုယ်တယောက်ထဲ မဟုတ်ဘူးဆိုတဲ့ ခံစားချက် မျိုးကြောင့် စိတ်ဖိစီးမှုတွေက တစုံတရာ လွတ်မြောက်လာနိုင်သလို ကျူးလွန်သူတွေကို အပြစ်ပေး၊ အရေးယူနိုင်ဖို့လည်း ပိုနီးစပ်လာပါတယ်။
အရှေ့မှာဖြစ်ပွားခဲ့တဲ့ Me too လှုပ်ရှားမှုတွေမှာဆိုရင် ကျူးလွန်သူတွေကို ဥပဒေအရရေးယူတာ၊ လူမှု အသိုင်းအဝိုင်းကနေ ဖယ်ကြဉ်တာမျိုးတွေ လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။
တရားဥပဒေအရ အရေးမယူနိုင်သေးရင်တောင် လူမှုရေးအပြစ်ဒဏ်အနေနဲ့ သူတို့နဲ့အလုပ်တွဲမလုပ်တာ၊ သူတို့ပါဝင်တဲ့ လုပ်ငန်းတွေမှာ မပတ်သက်တာ စတဲ့နည်းလမ်းတွေနဲ့ လူမှုရေးဒဏ်ခတ်နိုင်ပါတယ်။ လတ် တလောဖြစ်ရပ်တွေမှာတော့ ကျူးလွန်သူတွေကို သူတို့ပါဝင်ခဲ့ဖူးတဲ့ အဖွဲ့အစည်းအသီးသီးက ထုတ်ပယ် တယ်ဆိုတဲ့ အရေးယူမှုလောက်သာ ရှိပါသေးတယ်။
အခု Me too လှုပ်ရှားမှုကစလို့ တော်လှန်ရေးကာလနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက် တဲ့အချိန်အထိ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို ကာကွယ်၊ တားဆီး၊ အမြစ်ဖြတ်ဖို့ လူ့အဖွဲ့အစည်း တခုလုံးက ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
- နမ့်စန်မြို့က သရဲကြောက်တတ်တဲ့ လူနာတင်ယာဉ်မောင်း အမျိုးသမီး - 08/12/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 06/12/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 29/11/2025











