တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဇူလိုင်လ ၁၃ ရက်ကနေ ၁၉ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဒီအပတ်စုစည်းလို့ရတဲ့သတင်းတွေထဲမှာလူအဖွဲ့အစည်းအတွက် သတိပေးနေတဲ့ သတင်းနှစ်ပုဒ်ကို ထုတ်နှုတ်ဆွေးနွေးချင်ပါတယ်။ ပထမတခုကတော့ အာဏာသိမ်းပြီးနောက် ကလေးမွေးဖွားနှုန်း သန်းနဲ့ချီလျော့ကျ ဆိုတဲ့ ဘီဘီစီသတင်းဌာနကသတင်းပဲဖြစ်ပါတယ်၊
အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်ကောင်စီက အားထုတ်ကောက်ယူခဲ့တဲ့ ၂၀၂၄ သန်းခေါင်စာရင်းမှာတောင် မြန်မာ့လူဦးရေ ဟာ ၅၁ ဒသမ ၃ သန်းကျော်သာရှိပါတယ်။ ဒါဟာ ၅၁ ဒသမ ၄ သန်းကျော်ရှိခဲ့တဲ့ ၂၀၁၄ က ထက်နည်းနေတာ ဖြစ်ပါတယ်လို့ ဘီဘီစီစသတင်းထဲမှာဆက်လက်ဖော်ပြထားပါတယ်။
၂၀၁၄ သန်းခေါင်စာရင်းနဲ့ မြန်မာ့လူဦးရေ တိုးနှုန်းအရဆိုရင် ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း လူ ၅ သန်းတိုးလာရမှာပါ။
ဒါပေမဲ့ ၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီကောက်ခဲ့တဲ့ သန်းခေါင်စာရင်းအရ မြန်မာ့လူဦးရေ မတိုးလာတဲ့အပြင် လူတစ်သန်းတောင် လျော့နေပါသေးတယ်။ဆိုပြီး ဘီဘီစီစသတင်းထဲမှာဆက်လက်ဖော်ပြထားပါတယ်။
အနာဂတ်အတွက်ဆိုရင် မွေးဖွားနှုန်းနည်းလာဟာ အလုပ်သမားအင်အားလျော့နည်းတာ၊ သက်ကြီးပိုင်းလူဦးရေများတာနဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွင် အားနည်းလာခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။ နိုင်ငံတစ်ခုအတွက် လူဦးရေအင်အားဟာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးဆုံးအင်္ဂါရပ်တခုလည်းဖြစ်ပါတယ်။ ဒီနေ့ကလေးငယ်နည်းပါးခြင်းက မနက်ဖြန်ရင်ဆိုင်ရမယ့် လူမှုရေးနဲ့ စီးပွားရေးပြဿနာတွေကို ဖန်တီးနိုင်ပါတယ်။မြန်မာနိုင်ငံတွင်တော့ စစ်အာဏာသိမ်းပြီးနောက် IDPလိုခေါ်တဲ့ စစ်ဘေးရှောင်တွေတိုးလာတယ် ၊စစ်မှုထမ်းစုဆောင်းခံရမှာစိုးလို့ အရွယ်ကောင်းလူငယ်တွေနိုင်ငံခြားသို့ ထွက်ခွာသွားကြတာ၊ အနာဂတ်အပေါ် မယုံကြည်တာကြောင့် မိသားစုစီမံကိန်းကို ရှောင်ရှားတာတွေဖြစ်နေတဲ့သဘောပါ။ အဲ့ဒါကြောင့် မြန်မာနိုင်ငံမှာ လူဦးရေအင်အား အနည်းငယ်သာ ကျန်ရှိမှာဖြစ်ပြီး ဒေသတွင်းတွင် ပြိုင်ဆိုင်မှုတွေမှာ နောက်ပြန်ကျသွားနိုင်ပါတယ်။ အာဆီယံအဖွဲ့ဟာ လူဦးရေစွမ်းအားကို စီးပွားရေးအင်ဂျင်တခုအဖြစ် သတ်မှတ်ထားတာပါ။ မြန်မာနိုင်ငံမှာ မွေးဖွားနှုန်းက ကျဆင်းနေပြီး စက်မှုလုပ်သားအင်အား၊ စီမံခန့်ခွဲသူ၊ နည်းပညာအသုံးပြုနိုင်သော လူငယ်အင်အားများ နည်းလာရင်တော့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ အခက်အခဲများနဲ့ ရင်ဆိုင်လာနိုင်ပါတယ်။ ဒါဟာ အာဆီယံနိုင်ငံများအကြား မြန်မာနိုင်ငံရဲ့ ယှဉ်ပြိုင်နိုင်မှုကို ခြိမ်းခြောက်လာတဲ့ကိစ္စလည်းဖြစ်ပါတယ်။
တကယ်တော့ လူဦးရေအင်အားရဲ့အရေးပါမှုကို နားလည်ပြီး နိုင်ငံအတွင်း ပြန်လည်တည်ဆောက်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးစနစ်များအားကောင်းအောင်လုပ်ဖို့ ၊ လူငယ်များအတွက် ယုံကြည်စိတ်ချရမှုတွေ ပြန်လည်ဖန်တီးတာတွေလုပ်ဖို့လိုအပ်နေတာပဲဖြစ်တယ်။
နောက်သတိထားမိတဲ့ တပုဒ်ကတော့ ရခိုင်မှာ ဆေးဝါးပြတ်လပ်လို့ ကိုယ်ဝန်ဆောင်တွေနဲ့ မွေးကင်းစကလေးငယ်တွေ အခက်တွေ့ ဆိုတဲ့ ဘီဘီစီသတင်းဌာနကသတင်းပါပါ။
တကယ်တော့ ဆေးဝါးပြတ်လပ်တဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ မွေးကင်းစကလေးငယ်တွေ အခက်တွေ့နေတာဟာ စစ်တပ်အာဏာသိမ်းလိုက်တာရဲ့ ဆိုရွားတဲ့ အကျိုးဆက်တခုဖြစ်ပြီး ရခိုင်မှာ တင်မဟုတ်ဘဲ မြန်မာနိုင်ငံတနိုင်ငံလုံးဖြစ်နေတယ်ဆိုတာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ဖေဖော်ဝါရီလက သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြင်းထန်လာတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နိုင်ငံရဲ့လူဦးရေ ၃၅ရာခိုင်းနှုန်း ဖြစ်တဲ့ ပြည်သူ ၁၉ သန်းကျော်လောက်ဟာ လူသားချင်း စာနာထောက်ထားမှု အရေးပေါ်အကူညီတွေ အပြင်းအထန်လိုအပ်နေလို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) သတိပေးထားပါတယ်။
အဲဒီထဲမှာ ကလေးသူငယ် ၆ သန်းကျော် ပါဝင်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့ ဖေဖော်ဝါရီလက ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
အဲ့ဒီပမာဏဟာ ကလေး၁၀ဦးမှာ ၃ဦးလောက်ဟာ လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီတွေ အပြင်းအထန်လိုအပ်နေတယ်ဆိုတဲ့သဘောဖြစ်လဲဖြစ်ပါတယ်။
ရခိုင်မှာ ဆေးဝါး အဆမတန်မြင့်တက်လို့ ကိုယ်ဝန်ဆောင်တွေနဲ့ မွေးကင်းစကလေးငယ်တွေ အခက်တွေ့
ရခိုင်ပြည်နယ် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသတွေမှာ ဆေးဝါးပြတ်လပ်တဲ့ပြဿနာနဲ့ ဈေးအဆမတန်မြင့်မားမှု ကြောင့် ကိုယ်ဝန်ဆောင်တွေနဲ့ မွေးကင်းစကလေးငယ်တွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ပြည်မကနေ ရခိုင်ပြည်နယ်ကို ကုန်စည်တင်သွင်းမှု ပိတ်ပင်ထားသလို ဆေးဝါးတင်သွင်းခွင့်ပါ လုံးဝ တားမြစ်ထားတာဖြစ်ပါတယ်။
တချို့ မြို့၊ ရွာတွေမှာ အေအေက ဦးစီးဖွင့်လှစ်ထားတဲ့ ဆေးရုံဆေးခန်းတွေရှိကြပါတယ်။ ဒါပေမဲ့ ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အလုံအလောက်မရှိကြသလို ဆေးဝါးခက်ခဲမှုတွေလည်းရှိနေပြန်ပါတယ်။
ကုသရေးအဖွဲ့တွေမှာ ဆေးဝါးမလုံလောက်တဲ့အတွက် လူနာရှင်တွေကိုယ်တိုင်က ဆေးဝါးရှာဖွေနေရတယ်လို့ ဆိုပါတယ်။
” ဆေးတွေကို လိုတဲ့သူကိုယ်တိုင်ရှာပြီး ဈေးကြီးပေးပြီးတော့ ဝယ်ယူကုသနေကြရတာပါ။ ကုသပေးတဲ့အဖွဲ့တွေက ဆေးဝါးထောက်ပံ့ပေးနိုင်တာ၊ အခမဲ့ဆေးကုသပေးနိုင်တဲ့အခြေအနေမျိုးမဟုတ်ဘူး” လို့ မြေပြင်ရင်းမြစ်က ပြောပါတယ်။
ရခိုင်ဒေသတွင်းမှာ တီဘီလို ကူးစက်နိုင်တဲ့ရောဂါတွေလည်း အခုနှစ်ပိုင်းတွေအတွင်းပြန်အဖြစ်များလာပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေအရ ပုံမှန်ကုသနိုင်တဲ့ ဆေးတွေမရရှိတာကြောင့် အသက်မဆုံး သင့်ဘဲသေဆုံးရသူတွေလည်း ရှိနေ တယ်လို့ ပုဏ္ဏားကျွန်းဒေသခံက သူ့မျက်မြင်ကြုံနေရတဲ့အခြေအနေကို ပြောပါတယ်။
တီဘီနဲ့ ကာလသားရောဂါဝေဒနာခံစားနေရသူတွေအတွက် အရင်က နိုင်ငံတကာအဖွဲ့အစည်းတွေကနေ ဆေးဝါးဖြန့်ဖြူး ပေးတာတွေရှိခဲ့ပါတယ်။
လက်ရှိအခြေအနေမှာတော့ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် MSF(နယ်စည်းမခြားဆရာဝန်များအဖွဲ့)အပါအဝင် တခြား အရပ်ဘက်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေလည်း ရုံးတွေပိတ်သိမ်းလိုက်ရတယ်လို့ ပုဏ္ဏားကျွန်းဒေသခံက ပြောပါ တယ်။
ဒါတင်မက ဆီးချို၊ နှလုံး၊ သွေးတိုး၊ ကျောက်ကပ်လိုရောဂါတွေဟာ ဆေးဝါးတွေနဲ့ ထိန်းထားလို့ ရနိုင်တဲ့ရောဂါတွေဖြစ် ပါတယ်။ ဒါပေမဲ့ဆေးဝါးပြတ်လပ်တာနဲ့ ဆေးဝါးဈေးနှုန်း အဆမတန်ဈေးကြီးတာကြောင့် ကုသမှုမရဖြစ်နေကြပါတယ်။
ဒါတင်မက အေအေ ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ လျှပ်စစ်မီးမရရှိတာကြောင့် အအေးခန်းနဲ့ ထားရတဲ့ ဆေးဝါးတွေနဲ့ ကာကွယ်ဆေးလို ဆေးဝါးတွေမရှိဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးလိုအပ်တဲ့ ကိုယ်ဝန်ဆောင်သည်နဲ့ မွေးကင်းစ ကလေးတွေ သုံးစွဲမရဖြစ်နေပါတယ်။
အေအေ ကျန်းမာရေးဌာနရဲ့ ဆေးကုသရေးအဖွဲ့တွေက ကွင်းဆင်းကုသပေးကြတာရှိပေမယ့် အဲဒီအဖွဲ့တွေမှာလည်း ဆေးဝါးပြတ်လပ်မှုတွေဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှာစိုးတာကြောင့် မြို့နယ်အများစုမှာ မူလကရှိခဲ့တဲ့ ဆေးရုံဆေးခန်းတွေကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်တာမရှိသေးတာဖြစ်ပါတယ်။
ဝမ်းလျှောဝမ်းပျက်ရောဂါ၊ ရာသီတုပ်ကွေးရောဂါနဲ့ တခြားကူးစက်ရောဂါတွေလည်း ကပ်ရောဂါအသွင် ကူးစက်မှုမြင့်လာမှာ ကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ရခိုင်ဒေသခံအများစုဟာ စစ်ပွဲတွေနဲ့ နှစ်ဖက်တပ်တွေရဲ့ ဖြတ်လေးဖြတ်ပြဿနာကိုရင်ဆိုင်နေရပါတယ်။ စစ်ကောင်စီက ပြည်နယ်ဝင်ပေါက်/ ထွက်ပေါက် အားလုံးကို ပိတ်ထားပြီး အေအေကလည်း ရခိုင်ဒေသခံတွေကို စစ်မှုထမ်းအကြောင်းပြ ကာ ပြည်နယ်ပြင်ပထွက်ခွာ ခွင့်ပိတ်ထားပါတယ်။
Source – BBC
ရွှေ့ပြောင်းကျောင်းသားတွေကို လိင်အမြတ်ထုတ်မှုနဲ့ မြန်မာကျောင်းဆရာ အမှုဖွင့်ခံရ
ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့က ရွှေ့ပြောင်းမြန်မာကျောင်းတခုမှည အသက် ၇၂ နှစ်အရွယ် မြန်မာကျောင်းဆရာ ဦးဇော်ငြိမ်းလတ်အား ကျောင်းသားတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ မဲဆောက်နယ်မြေရဲစခန်းမှာ အမှုဖွင့်ခံ ထားရကြောင်း သိရပါတယ်။
စွပ်စွဲခံရသူ ဦးဇော်ငြိမ်းလတ်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ‘သွေးသစ်ကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ တဦးဖြစ်ပါတယ်။ ဦးဇော်ငြိမ်းလတ်က ကျောင်းသား ၂၀ ဦးထက်မနည်းကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေ ပြုလုပ်ခဲ့တာ ပါ။
ကျောင်းဆရာက ကျောင်းသားတွေကို ညမှာ ဘတ်ငွေ တစ်ထောင်ပေးကာ နှိပ်နယ်ပေးဖို့ မကြာခဏခေါ်တာရှိသလို ဖျား နာလို့အကြောင်းပြကာ ကလေးငယ်တွေကို အတူအိပ်ဖို့ခေါ်ပြီး လိင်အင်္ဂါတွေကို ပွတ်သပ်တာ လိင်စိတ်ဖြေဖျောက်ခိုင်းတာ နဲ့ မဖွယ်မရာပြုတာတွေ လုပ်ခဲ့တာဖြစ်ပါတယ်။
မကြာခဏကျောင်းဆရာက ခေါ်တာကြောင့် ကလေးငယ်တွေဟာ စိတ်ဖိစီးမှုတွေခံစားနေရပြီး ရှက်ရွံ့လို့ ကျောင်းမတက် တော့တာကနေ အမှုပေါ်ပေါက်ခဲ့တာပါ။
ဒီဖြစ်စဉ်တွေကြောင့် ဦးဇော်ငြိမ်းလတ်ကို သွေးသစ်ကျောင်းမှ ဇူလိုင် ၆ ရက်မှာ ထုတ်ပယ်ခဲ့ပြီး ကျောင်းဘက်က ဇူလိုင် ၁၆ ရက် ညပိုင်းမှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တယ်။ လက်ရှိမှာတော့ မဲဆောက်ရဲစခန်းက ဒီအမှုကို လက်ခံပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
Source – မဇ္ဈိမ
လီဆူအများစုနေတဲ့ကျေးရွာ ဗုံးကြဲခံရလို့ အမျိုးသမီးတစ်ဦးနဲ့ ကလေး ငါးဦးသေဆုံး
စစ်ရေးပြင်းထန်နေတဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ပိုးဇာနွယ်ကျေးရွာကို စစ်တပ်က ဇူလိုင် ၁၄ ရက် ညနေမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး ငါးဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပါတယ်။
ကျေးရွာထဲက ခရစ်ယာန်ဘုရားကျောင်းအနီး နေအိမ်တွေပေါ် ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၅ နှစ်အရွယ် ဒေါ်ဟွမ်မဆီနဲ့ သူရဲ့အသက် ၁၄ နှစ်မှ ၁ နှစ်အရွယ်ကြား သားသမီး သုံးဦးအပြင် အိမ်ကို အလည်ရောက်နေတဲ့ ကလေး နှစ်ဦးပါ သေဆုံးခဲ့ရတာဖြစ်ပါတယ်။
ဗုံးကြဲခံရတဲ့ကျေးရွာဟာ လီဆူတိုင်းရင်းသားအများစုနေထိုင်တဲ့ တော်ပေါ်ဒေသတစ်ခုဖြစ်ပြီး အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ ရွာ တစ်ရွာဖြစ်ပါတယ်။ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်တွေမှာ ရွှေတူးဖော်ရေးကို အများဆုံးလုပ်ကိုင်အသက်မွေးကြပါတယ်။
Source – Myanmar Now
စစ်တပ်ဒေါက်တိုင် ခရိုနီ တေဇရဲ့သမီး ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို ဖြုတ်ချဖယ်ရှား
အကြမ်းဖက်စစ်တပ်ရဲ့ဒေါက်တိုင် ခရိုနီ တေဇရဲ့သမီး ရေချယ်တေဇအကြောင်း ဖော်ပြထားမှုကို အီတလီထိပ်တန်း ဖက်ရှင်မဂ္ဂဇင်း Vogue Italia က ဖြုတ်ချဖယ်ရှားလိုက်ကြောင်း Justice For Myanmar(JFM)က သတင်းထုတ်ပြန်ထား ပါတယ်။
ရေချယ်တေဇအကြောင်း ဖော်ပြထားတဲ့ ထိပ်တန်းဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Vogue Italia ရဲ့မိခင်ကုမ္ပဏီ Condé Nast ထံသို့ Justice For Myanmar စာပို့ပြီးနောက် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားသော မြန်မာခရိုနီ ရေချယ်တေဇ (ထူးထွေး တေဇ) အကြောင်းဖော်ပြထားတဲ့ အွန်လိုင်း စာမျက်နှာကို Vogue Italia website မှ ဖယ်ရှားလိုက်တာဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မူတွေနဲ့ OECD ရဲ့တာဝန်ရှိတဲ့စီးပွားရေးလုပ်ငန်းဆောင်ရွက် မှုဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ ဆောင်ရွက်ခဲ့တဲ့ Vogue Italia မဂ္ဂဇင်းရဲ့လုပ်ဆောင်ချက်ကို JFM က ကြိုဆိုကြောင်း၊ ခရိုနီတေဇရဲ့သမီးဖြစ်သူ ရေချယ်တေဇဟာ ထူးအုပ်စုမျာ တာဝန်ရှိသူဖြစ်တဲ့အပြင်၊ မြန်မာစစ်အုပ်စုရဲ့ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေမျာ ပါဝင်ပတ်သက်နေတဲ့ထူးအုပ်စုမှ အမြတ်အစွန်းများရရှိနေသူဖြစ်ကြောင်း JFM က ဆိုပါတယ်။
Source – Khit Thit
အာဏာသိမ်း ၄ နှစ်ခွဲကျော်အထိ ဒေါ်အောင်ဆန်းစုကြည် လူငယ်ထုထောက်ခံမှုအမြင့်ဆုံးနဲ့ရပ်တည်
စစ်တပ်အာဏာသိမ်းထားတဲ့မြန်မာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်ထုရဲ့ ယုံကြည် ထောက်ခံမှုမှာ ၆၇ ရာခိုင်နှုန်းအထိ ယုံကြည်မှုအမြင့်ဆုံးရရှိထားတယ်လို့ အရပ်ဖက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Blue Shirt Initiative(BSI)က ထုတ်ပြန်လာပါတယ်။
“အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေအပေါ် လူငယ်တွေရဲ့ ယုံကြည်မှု” ဆိုတဲ့ခေါင်းစဉ်နဲ့ လူငယ်တွေကို စစ်တမ်းကောက်ယူထား တဲ့ရလဒ်ကို Blue Shirt Initiative(BSI)က ထုတ်ပြန်ကြေညာလိုက်တာပါ။
ဒီစစ်တမ်းဟာ နွေဦးတော်လှန်ရေး ၄ နှစ်ခွဲကျော်ကာလမှာ လက်ရှိနိုင်ငံရေးရေချိန်နဲ့ အနာဂတ်အတွက် လူငယ်ထုဆီက သဘောထားအမြင်တွေနဲ့ပတ်သက်ပြီး စစ်တမ်းကောက်ယူခဲ့တာလို့ BSI က ပြောပါတယ်။
စစ်တမ်းအရ လူထုဘက်က ယုံကြည်မှုရှိတယ်ဆိုတာနဲ့ မယုံကြည်မှုဆိုပြီး နှစ်ပိုင်းခွဲကာ ရာခိုင်နှုန်းတွေအလိုက် ဖော်ပြထား တာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ ယုံကြည်တဲ့ဘက်မှာရှိပြီး ၄၈ ရာခိုင်နှုန်းရှိပါတယ်။ NUG ရဲ့စီမံမှုအောက် က ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေကတော့ ၅၇ ရာခိုင်နှုန်း ယုံကြည်မှုရရှိထားတယ်လို့ စစ်တမ်းက ဖော်ပြထားတာ ဖြစ်ပါတယ်။
Source – BBC
အမျိုးသမီးနှစ်ဦးပါတဲ့လှတောရွာ ဓားပြတိုက်မှုဖြစ်စဉ်ကို အမှုဖွင့်စစ်ဆေးနေ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊လှတောကျေးရွာမှာ လူသေဆုံးမှုဖြစ်တဲ့ ဓားပြတိုက်မှုဖြစ်စဉ်ပါဝင်သူတွေကို ဖမ်းဆီးပြီး အမှုဖွင့်စစ်ဆေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) ပြောရေးဆိုခွင့်ရှိသူ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက လူထုနွေဦးကို ပြောပါတယ်။
ဓားပြတိုက်မှုမှာ လှတောရွာက ဒေသခံအမျိုးသမီး နှစ်ဦး ၊အရာတော်မှာ အခြေချထားတဲ့အဖွဲ့ထဲက တပ်ဖွဲ့ဝင် နှစ်ဦး၊ ဝက်လက်မြို့နယ် ကျီးကန်ရွာက ပကဖအဖွဲ့ဝင်တစ်ဦး၊ သခွတ္တောကျေးရွာ ရပ်ကွက်တစ်ခုက ပကဖတာဝန်ခံဟောင်း နှစ်ဦးနဲ့ လက်ရှိတာဝန်ခံ တစ်ဦး၊ ရေထွက်ရွာက တစ်ဦးပါဝင်ပြီး စုစုပေါင်း အဖွဲ့ဝင် ၁၁ဦးကို ဇူလိုင် ၁၃ရက် ဖမ်းမိခဲ့တယ် လို့ သိရပါတယ်။
ဇူလိုင် ၁၂ ရက် ည၁၂နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ပူးပေါင်းထားတဲ့ ၁၁ဦးအဖွဲ့ဟာ လှတောကျေးရွာက နေအိမ်တစ်အိမ်ကို ဝင်ရောက်ဓားပြတိုက်ခဲ့တာဖြစ်ပါတယ်။ ဓားပြဝင်တိုက်ချိန်မှာ အိမ်ရှင်အမျိုးသား ဓားနဲ့အထိုးခံရပြီး ဆေးရုံပို့တဲ့အချိန်မှာ သေဆုံးခဲ့ပါတယ်။
Source – People Spring
အာဏာသိမ်းပြီးနောက် ကလေးမွေးဖွားနှုန်း သန်းနဲ့ချီလျော့ကျ
ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်ကောင်စီက အားထုတ်ကောက်ယူခဲ့တဲ့ ၂၀၂၄ သန်းခေါင်စာရင်းမှာတောင် မြန်မာ့လူဦးရေ ဟာ ၅၁ ဒသမ ၃ သန်းကျော်သာရှိပါတယ်။ ဒါဟာ ၅၁ ဒသမ ၄ သန်းကျော်ရှိခဲ့တဲ့ ၂၀၁၄ က ထက်နည်းနေတာ ဖြစ်ပါ တယ်။
၂၀၁၄ သန်းခေါင်စာရင်းနဲ့ မြန်မာ့လူဦးရေ တိုးနှုန်းအရဆိုရင် ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း လူ ၅ သန်းတိုးလာရမှာပါ။
ဒါပေမဲ့ ၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီကောက်ခဲ့တဲ့ သန်းခေါင်စာရင်းအရ မြန်မာ့လူဦးရေ မတိုးလာတဲ့အပြင် လူတစ်သန်း တောင် လျော့နေပါသေးတယ်။
အခုကာလမှာ ကလေးမွေးဖွားနှုန်း ပိုကျဆင်းလာတာ ဖြစ်နိုင်တယ်လို့ပြောတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက “မိခင် တစ်ဦး က ကလေးမွေးဖွားနှုန်း ၂ ယောက်အောက်ကိုကျလာပြီးဆိုရင် နိုင်ငံ့လူဦးရေ သိသိသာသာကျ ဆင်းလာမယ်”လို့ ပြောပါတယ်။
ဒါပေမဲ့ ဘီဘီစီက စကားပြောခဲ့တဲ့ ရန်ကုန်မြို့က အိမ်ထောင်ရှင်အမျိုးသမီး ၃ ဦးကတော့ ကလေးယူဖို့ အစီအစဉ် မရှိသေးဘူးလို့ ဆိုကြပါတယ်။
ကိုဗစ် ကပ်ဘေးအလွန် စစ်အာဏာသိမ်းမှုကြောင့် ပေါ်လာတဲ့ လူမှုစီးပွားအကျပ်အတည်း ဖိအားတွေကြောင့်လို့ သုံးဦး စလုံးက ပြောပါတယ်။
တစ်ဖက်မှာလည်း သူတို့ အမျိုးသား ၃ ဦးစလုံးဟာလည်း စစ်မှုထမ်း ဥပဒေကြောင့် မိသားစုနဲ့အတူမနေနိုင်ဘဲ နိုင်ငံ ပြင်ပကို တိမ်းရှောင်နေကြရသူတွေ ဖြစ်ပါတယ်။
စစ်ကောင်စီက ၂၀၂၄ ခုနှစ်ဆန်းမှာ စတင်အသက်ဝင်ကျင့်သုံးတဲ့ပြည်သူ့ စစ်မှုထမ်း ဥပဒေမှာ အိမ်ထောင်ရှင် အမျိုးသားတွေ စစ်မှုထမ်း ကင်းလွတ်ခွင့်မရှိဘဲ ခြွင်းချက်အနေနဲ့ ရွှေ့ဆိုင်းခွင့်သာ ရရှိထားပါတယ်။
ရန်ကုန်မြို့မှာ အထည်ဆိုင်ဖွင့်ထားတဲ့ မအိက “ဒီနေ့နဲ့ မနက်ဖြန်တောင် ဘာဖြစ်နိုင်မလဲမသိတဲ့ကာလအခြေအနေမှာ ကလေးပိစိလေးနဲ့ဆို မလွယ်ကူဘူး” လို့ ပြောပါတယ်။
သူ့ပတ်ဝန်းကျင်က အိမ်ထောင်ရှင်တွေလည်း ကလေးယူဖို့ကို မတွေးနိုင်ကြဘူးလို့ ဆိုပါတယ်။
“မလိုချင်လို့တော့မဟုတ်ဘူးပေါ့။ တိုင်းပြည်အခြေအနေမကောင်းတာလည်းပါတယ်။ ကလေးမမွေးခင် ဆေးခန်းပြရတဲ့ စားရိတ်က သိန်းချီတာရယ်၊ မွေးပြီး နို့မှုန့်ဖိုး၊ diperဖိုးက စလို့ အကုန်ဈေးကြီးတယ်လေ” လို့ သူက ဆိုပါတယ်။
လွန်ခဲ့တဲ့ ၆ နှစ်အထိ မြန်မာအမျိုးသမီးတစ်ဦးဟာ ကလေး ၂ ဦးမွေးဖွားတယ်လို့ ၂၀၁၉ ကြားဖြတ်သန်းခေါင်စာရင်းက ဖော်ပြပါတယ်။
တကယ်တော့ ဒီအရေအတွက်ဟာလည်း အမျိုးသမီး တစ်ဦးမှာ ကလေး ၄ ဦးယူတဲ့ ၁၉၈၃ ခုနှစ်နဲ့ယှဉ်ရင် ထက်ဝက် လျော့ကျလာတာလည်း ဖြစ်ပါတယ်။
ကိုဗစ်နဲ့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ၊ နောက် သဘာဝဘေးတွေကလည်း မြန်မာ့လူဦးရေ တိုးပွားနှုန်းဖြစ်တဲ့ကလေး မွေးဖွားနှုန်းနဲ့ သေဆုံးနှုန်းတွေပေါ် သက်ရောက်မှုရှိလာတယ်လို့ ဒုစစ်ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်က ဝန်ခံပါတယ်။
Source – BBC
ရေနံမှော်တွေရှိတဲ့နယ်သတ်ရွာ ဗုံးကြဲခံရလို့ အမျိုးသမီး တစ်ဦးသေဆုံး
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ နယ်သတ်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ဇူလိုင် ၁၅ ရက် မနေ့ညနေ ၄ နာရီခန့်မှာ နယ်သတ်ကျေးရွာကို စစ်ကောင်စီရဲ့ဂျက်ဖိုက်တာ တစ်စီးပေါ်ကနေ ဗုံးကြဲချတာ ကြောင့် အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦးသေဆုံးပြီး အသက် ၃၀ အရွယ်အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
နယ်သတ်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ကျေးရွာဖြစ်ပြီး ဒေသခံတွေအနေနဲ့လည်း လေကြောင်းရန်ကို သတိပြုနေထိုင် နေကြရတယ်လို့ ဆိုပါတယ်။
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာကြောင့် ဒေသခံ တွေအနေနဲ့ စိုးရိမ်စိတ်အရမ်းမပြင်းထန်ကြဘဲ သတိထားပုန်းရှောင်ကြဖို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း(မြိုင်)မှထုတ်ပြန် သတိပေးထားပါတယ်။
Source – မြေလတ်အသံ
KWO ဥက္ကဌဟောင်း ပဒိုနော်ဖောဒေးတိုး ကွယ်လွန်
ကရင်အမျိုးသမီးအစည်းအရုံး -KWO လက်ရှိ အကြံပေးပုဂ္ဂိုလ်အဖြစ်တာဝန်ထမ်းဆောင်နေသူ၊ ဥက္ကဌဟောင်း ပဒိုနော် ဖောဒေးတိုးဟာ ဇူလိုင် ၁၅ ရက်မှာ လူကြီးရောဂါဖြင့် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
ပဒိုနော်ဖောဒေးတိုးသည် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ဇာတိဖြစ်ပြီး သူကို ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်မှာမွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် (၇၈) နှစ်ရှိပြီဖြစ်ပါတယ်။ သူဟာ လူငယ်ဘဝ ထဲက ကွယ်လွန်ချိန်ထိ ကရင့်တော်လှန်ရေးမှာ အမျိုးမျိုးသောတာဝန်တွေကို ထမ်းဆောင်ခဲ့သူပါ။
Source – ကေအိုင်စီ
ဆီသယ်ကားတွေဗုံးကြဲခံရလို့ အမျိုးသမီး နှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ဒိုးပင်ကျေးရွာ ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ကောလင်းခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ကို ဇူလိုင် ၁၄ ရက်က တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးသုံးလုံးကြဲချခဲ့ပြီး လမ်းနံဘေးထမင်းဆိုင်နဲ့ ဆိုင်အနီးရပ်နားနေတဲ့ စက်သုံးဆီတင်ကားတွေအနီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ဗုံးကျပေါက်ကွဲတာကြောင့် စစ်ဘေးရှောင်ရင်း ထမင်းဆိုင်ဖွင့်ထားတဲ့ အသက် ၃၀ ကျော် အမျိုးသမီး ၁ ဦး၊ ၎င်းရဲ့သမီး ဖြစ်သူ အသက် ၁၂ နှစ် မိန်းကလေး ၁ ဦး၊ အသက် ၃၀ ကျော် စက်သုံးဆီသယ်တွဲကားမောင်းနှင်သူ ၂ ဦးစုစုပေါင်း ၄ ဦးဒဏ်ရာရရှိခဲ့ပြီး စက်သုံးဆီတင်ကား ၂ စီး မီးလောင်ပျက်စီးခဲ့ကာ ထမင်းဆိုင်နဲ့ အနီးအနားကဆိုင်အချို့လည်း ပျက်စီး သွားခဲ့တာပါ။
Source – Kachin News Group
မော်ချီးဒေသ ဗုံးကြဲခံရလို့ အမျိုးသမီး ၅ ဦးအပါအဝင် ၆ ဦးထက်မနည်းသေဆုံး
ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းသုံးပြီး ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၅ ဦးအအပါအဝင် အရပ်သား ၆ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး (၅) ဦးဖြစ်ကြောင်း ကနဦးသိရပြီး ၁၀ ဦးထက်မနည်း ထိခိုက်သူတွေ လည်းရှိနေတာဖြစ်ပါတယ်။
တိုက်ပွဲ ဖြစ်ပွားခြင်း တစုံတရာမရှိတဲ့ မော်ချီးဒေသမှာ စစ်ကောင်စီတွေဟာ မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ကာ ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
Source – ကန္တာရဝတီတိုင်း(မ်)
ဆီလုပ်ငန်းရှင် ခင်ပွန်းသည်မရှိလို့ ဇနီးဖြစ်သူ ဒေါ်ခင်မာကြည်ကို ပြန်ပေးဆွဲ
လုံခြုံရေးတင်းကြပ်ထားတဲ့ ပုဂံ၊ညောင်ဦးမြို့က KBZဘဏ်ရဲ့ အနောက်ဘက်လမ်းကြားက ဆန်းရွှေဝါဆီဆိုင်ရဲ့နေအိမ်ကို လူတစ်စုက လာရောက်ပြီး ဓားပြတိုက်ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့ပါတယ်။
သေနတ်ကိုင်ဆောင်ထားတဲ့ လူတစ်စုဟာ နေအိမ်မှာ ဆီလုပ်ငန်းရှင် ဦးဆန်းဦးရှိမနေလို့ ဇနီးဖြစ်သူ ဒေါ်ခင်မာကြည်ကို ပြန်ပေးဆွဲသွားပြီး ကျပ်သိန်း ၅၀၀နဲ့ အတူ ကားတစ်စီးလည်း ယူဆောင်သွားကြတယ်လို့ ညောင်ဦးမြို့ခံအချို့က ပြောပါတယ်။
ပုဂံ၊ ညောင်ဦးမြို့နယ်ကို စစ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လာရောက်မှာဖြစ်လို့ မြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်နေပြီး ကျေးရွာတွေကို နေ့တိုင်းစစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
Source – People Spring











