ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး

လူ့အခွင့်အရေးချိုးဖောက်မှုများကိုနည်းမျိုးစုံနဲ့ကျုးလွန်နေတဲစစ်ကောင်စီကြောင့် ဇွန်လအတွင်းမှာ ဆယ်ကျော်သက် ၄ဦးအပါအဝင် အမျိုးသမီး ၃၄ ဦးသေဆုံးခဲ့တယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ – BWU ကဇူလိုင်၁၀ရက်နေ့ကထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ရက်နေ့မှ ၃၀ရက်အထိ အမျိုးသမီး ၃၄ဦးအသက်ဆုံးရှုံးခဲ့ရာ  စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှူကြောင့် ၁၈ဦး၊လက်နက်ကြီးအစထိမှန်မှုကြောင့် ၁၁ဦး၊ ကျည်ထိမှန်မှုကြောင့် ၂ဦး၊ သတ်ဖြတ်ခံရမှုကြောင့် ၁ဦး၊ မြေမြုပ်မိုင်းကြောင့် ၂ဦး သေဆုံးခဲ့တယ်လို ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အသက်ဆုံးရှုံးခဲ့တဲ့အမျိုးသမီး၃၄အနက်၄ဦးမှာ အသက်၁၈နှစ်အောက်အရွယ်များဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးက ၇ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ခဲ့ကာ၊ မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှ ၅ဦးစီပါဝင် ခဲ့ပါတယ်လို့ဆိုပါတယ်။ 

 “စစ်ကိုင်းတိုင်းကအရပ်သားပြည်သူသေဆုံးတာအများဆုံးဆိုတာဖြစ်နိုင်ပါတယ်။လက်နက်ကြီးနဲ့ပစ်တာတွေရွာကို စစ်ကြောင်း ဝင်တာတွေလည်းရှိတော့ လူဦးရေကတော့ ဒီထက်ပိုနိုင်တယ်၊ အခုလက်တလောမှာတင် စစ်ကြောင်းထိုးနေတာ တွေရှိတယ်”လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ချင်းတွင်းအနောက်ဖက်ကမ်းမှ PDF ရဲဘော်တဦးကပြောပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီး၃၀ဦး၊လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၄ဦး၊ကျည်ထိမှန်မှုကြောင့် ၂ဦး၊မြေမြုပ်မိုင်းကြောင့် ၁ဦး၊ ရိုက်နှက်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် ၁ဦးစီနဲ့ စုစုပေါင်း အမျိုးသမီး၄၉ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

 ဇွန်လအတွင်း လေကြောင်းတိုက်ခိုက်ခြင်းကို ယခင်လတွေထက် တွင်ကျယ်စွာ စစ်ကောင်စီက ပြုလုပ်နေတယ်လို့ BWUက ဆိုပါတယ်။

 ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းချိန်မှစ၍ လေးနှစ်တာ ကာလအတွင်း စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်များ အပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ ၊လူ့အခွင့်အရေးချိုးဖောက်မှူများကို နည်းလမ်းမျိုးစုံနဲ့စစ်ကောင်စီကဆက်ကျူးလွန်နေပါတယ်။

Author: