ကျောက်တော်တွင် အမျိုးသမီးတဦး ဓါးပြအသတ်ခံရ ‎

‎ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေး ဓားပြတိုက်မှုတွင် အသက်၆၀အရွယ် အမျိုးသမီးတစ်ယောက်ကို ဓားနဲ့ထိုးသတ် သွားခဲ့ကြောင်း စုံစမ်းသိရပါတယ်။‎

‎ဒေါ်ဝင်းနုယီ ၆၀နှစ်ဟာ ဘယ်ဖက်ရင်အုံထိုးသွင်းဒဏ်ရာ လည်ပင်းပြတ်ရှဒဏ်ရာဖြင့်ဇူလိုင် ၂၄ ရက်၊ ညက သေဆုံးသွားခဲ့တာလို့ ရွာသားတွေကဆိုပါတယ်။ ‎ ‎ အဲဒါအပြင် ရွှေလေးကျပ်သားနဲ့ ငွေကျပ်ဆယ်သိန်းကျော်ယူသွားခဲ့ကြောင်း ရွာသားများထံမှသိရပါတယ်။ ‎ ‎အခုလိုလူသတ်ဓါးပြတိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်းမှာ ရခိုင်ပြည်အတွင်း အေအေ အပေါ် အမျိုးသမီးတွေရဲ့ ဝေဖန်သံတွေ အနည်းငယ်ရှိလာပါတယ်။ ‎ ‎ကျောက်တော်မြို့နယ်က အသက်၂၆နှစ်အရွယ် အမျိုးသမီးတစ်ယောက်ကအာရက္ခတပ်တော် အေအေ ထိန်းချုပ်ထားတဲ့ ဒေသမှာ ဖြစ်နေတာဆိုတော့ အေအေ မှာ ပိုတာဝန်ရှိတယ်။ သူတို့က သေချာကိုင်တွယ်ဖို့လိုအပ်တယ်။ မဟုတ်ရင်ဒုစရိုက်မှုတွေက ပို ဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။ ‎ ‎လေကြောင်းတိုက်ခိုက်မှုအပါအဝင် တိုက်ပွဲတွေကြားမှာ လူတချို့ဟာ စားဝတ်နေရေး၊ အလုပ်အကိုင်အဆင်မပြေမှုတွေရှိနေတော့ AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ခိုးမှု၊ ဓားပြတိုက်မှု၊လူသတ်မှု စတဲ့ ဒုစရိုက်မှုတွေ ပိုတွေ့လာရတယ်လို့ အမျိုးသမီတချို့က ပြောဆိုကြပါတယ်။ ‎ ‎လူသတ်လုယက်မှုကြောင့် ဒေသခံအမျိုးသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေရှိလာတယ်လို့ ကျောက်တော်မြိုခံ အမျိုးသမီးတစ်ယောက်က ပြောပါတယ်။ ‎” လမ်းတွေမှာ ရွှေတွေဝတ်လို့ မသွားရဲတော့ဘူး။ ဓားပြတိုက်ခိုက်ရမှာလား။ လုယက်ခံရမှာလား စိတ်ထဲမလုံမလဲ ဖြစ်မိတယ်။ ဘယ်သူတွေနဲ့တွေ့ပြီး ဘယ်လိုပုံစံမျိုးခံရမလဲဆိုတဲ့ စိတ်တွေဖြစ်တယ်” လို့ ဆိုပါတယ်။ ‎ ‎မြို့နယ် ၁၇ ခုနဲ့ ဖွဲ့စည်းထားတဲ့ ရခိုင်ပြည်နယ်မှာ ၁၄မြို့နယ်ကို အာရက္ခတပ်တော် AA ထိန်းချုပ်ထားပါတယ်။ သိမ်းပိုက်ထားတဲ့ မြို့တွေမှာ တော်လှန်ရေးအစိုးရတစ်ရပ်အနေနဲ့ တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနဲ့ ဒေသဖွံ့ဖြိုးရေးစတဲ့အုပ်ချုပ်ရေး ယန္တယားတွေကို ပြန်လည်တည်ဆောက်နေပြီးလို့ ဆိုပါတယ်။ ‎ ‎ဒါပေမဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေး ယန္တယားတွေမှာအားနည်းချက်တွေရှိနေသေးတယ်လို့ဒေသခံတွေက ထောက်ပြပြောဆိုကြပါတယ်။ ‎ ‎

Author: