ကချင်တကျော့ပြန်စစ် ၁၄ နှစ်ပြည့်အင်တာဗျူး – လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ နန်ပူနှင့်တွေ့ဆုံမေးမြန်းခြင်း
ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီကြား လက်နက်ကိုင် ပဋိပက္ခတွေပြန်လည်ဖြစ်ပွားခဲ့တာဟာ ၁၄ နှစ်ပြည့်ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်စလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဖြစ်ပွားရာကနေ အာဏာသိမ်းဖို့ကြိုးပမ်းမှုကြောင့် ယနေ့ထိ ကချင်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR)ရဲ့ထုတ်ပြန်စာရင်းတွေအရ ကချင်ပြည်နယ်မှာ စစ်ရှောင်ဦးရေ ၉၀,၀၀၀ ဝန်းကျင်ရှိရာကနေ စစ်အာဏာသိမ်းဖို့ကြိုးပမ်းတဲ့ လေးနှစ်ကျော်ကာလမှာတော့ နှစ်သိန်းကျော်ထိ ရှိလာတယ်လို့ သိရပါတယ်။
စစ်ရှောင်ပြည်သူတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အို၊ ကလေးမိခင်၊ မသန်စွမ်း စတာတွေလည်း အများဆုံးပါဝင်နေတာဖြစ်ပါတယ်။
ဒီထဲက မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေ တွေ့ကြုံနေရတဲ့အဓမ္မအိမ်ထောင်ပြုခိုင်းတာ၊ အိမ်တွင်းအကြမ်း ဖက်မှုတွေ၊ မူးယစ်ဆေးဝါးနဲ့ တရုတ်အလုပ်ရှင်တွေရဲ့လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်ခံရမှုအခြေအနေတွေနဲ့ပတ် သက်ပြီး အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်သူ ဆရာမ နန်ပူ(ကချင်)ကို HI က ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး ။ ။ ကချင်ဒေသရဲ့ တကျော့ပြန်စစ်ပွဲက အခုဆို ၁၄ နှစ်ပြည့်သွားပြီပေါ့၊ အရင်က အပစ်ရပ်ထားတဲ့ အခြေ အနေ၊ NCA ကာလတိုက်ပွဲအခြေအနေတွေနဲ့ အခု ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပိုမိုပြင်းထန်လာတဲ့စစ် ရေး အခြေအနေတွေ (ဒီအခြေအနေမှာတော့ အညာဒေသစစ်ရေးလှုပ်ရှားမှုတွေကို တွဲခေါ်ပေးနေတာ၊ တိုးမြှင့် လာတဲ့ စစ်ရှောင်အရေးတွေကိုပါ ရင်ဆိုင်ဆောင်ရွက်နေကြရတဲ့အပေါ်) ကချင်ပြည်နယ်ရဲ့လတ်တလော ရင်ဆိုင် နေရတဲ့အခြေအနေကို ပြောပြပေးစေချင်ပါတယ်။
ဖြေ ။ ။ ကျမတို့ ကချင်ဒေသမှာ တကျော့ပြန် စစ်ဖြစ်တာ ၁၄ နှစ်ရှိပြီ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ် ဆိုရင် လေးနှစ်ပဲရှိသေးတာပေါ့။ အရင်က တစ်နိုင်ငံလုံးအတိုင်းအတာ ငြိမ်းချမ်းရေး conference ညီလာခံလုပ် နေတဲ့အချိန်မှာ NCA ထိုးတဲ့အထဲမှာ ကချင်ဒေသမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် KIA က မထိုးတဲ့အခါကျ တော့ ကျမတို့ကချင်ဒေသမှာ တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုတွေက အများကြီးရှိခဲ့တယ်။
ဒီထိုးစစ်ဆင်မှုကြောင့် ကျမတို့ရဲ့ဒေသမှာ ပြည်သူတွေကလည်း အလွန်ပဲဒုက္ခရောက်ကြပါတယ်။ NCA မှာ ဘာ လို့ မထိုးသလဲဆိုတာကို ကျမတို့ အများကြီး သုံးသပ်ခဲ့တယ်။ အဲ့ဒီ သုံးသပ်ချက်က ဘာလဲဆိုတော့ NCA လို့ ခေါ်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးပွဲလုပ်တဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်တို့ ဖိတ်တဲ့အခါမှာ ဥပမာ MNDAA တို့၊ AA တို့၊ TNLAတို့အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေက KIA ဆီမှာ စစ်ပညာသင်ထားပေမယ့် NCA ထိုးပွဲမှာ သူတို့ကို မဖိတ်ဘူး။ တကယ်လို့ KIA က အပစ်အခတ်ရပ်စဲရေးမှာ ဆိုင်းထိုးထားမယ်။ ဒါပေမဲ့ AA တို့၊ TNLA တို့က မထိုးဘူး။ သူတို့နဲ့ စစ်တပ် တိုက်ပွဲဖြစ်တဲ့အခါမှာ KIA က ငြိမ်နေလို့မရဘူး။ စစ်ကူရမယ့်အခြေအနေတွေ ဖြစ်လာနိုင်ဖွယ်ရာရှိတယ်။ အဲ့ဒီအချိန်မှာ NCA ထိုးထားတဲ့ KIA က ချိုးဖောက်ပါတယ်လို့ အကွက်ဆင်လာနိုင်တဲ့အတွက်ကြောင့် KIA က NCA မှာ ဆိုင်းမထိုးဘူးဆိုတဲ့အခြေ အနေလို့ ကျမတို့ သုံးသပ်ရတာပေါ့။
အဲ့ဒီတော့ ကချင်ဒေသမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် KIA က ဆိုင်းမထိုးတဲ့အခါမှာ တပ်မတော်က ကချင်ဒေသကို ထိုးစစ်ဆင်မှုတွေ ပြင်းပြင်းထန်ထန် လုပ်လာတယ်။ အာဏာမသိမ်းခင်တုန်းက တခြားဒေသမှာ အပစ်အခတ်ရပ်စဲရေးလုပ်ပေမယ့် ကချင်ဒေသမှာတော့မလုပ်တဲ့အခါကျတော့ မလုပ်ရကောင်းလားဆိုတဲ့ပုံစံနဲ့ ကျမတို့ကချင်ဒေသကို ထိုးစစ်ဆင်တယ်။ ပြည်သူတွေရှိတဲ့နေရာလည်း မရှောင်ဘူး။ ရွာတွေ၊ မြို့တွေလည်း မီးရှို့တယ်။ လေယာဉ်နဲ့ ဗုံးကြဲတယ်။ တခါတလေ လေယာဉ်နဲ့ ဗုံးကြဲတာ တစ်ရက်ကို ဗုံးအရေအတွက် သောင်းချီ ပြီးတော့မှ ကြဲတယ်ဆိုတာကို ကျမတို့ စောင့်ကြည့်တဲ့အခါမှာ တွေ့ရှိရတယ်။

မေး ။ ။ မြို့ပေါ်တွေမှာပါ (အခုဆို ဗန်းမော်ဖက်) တိုက်ပွဲတွေပြင်းထန်လာတဲ့အပေါ်မှာ ပြည်သူတွေရဲ့အမြင် သဘောထားတွေက ဘယ်လိုရှိသလဲ၊ အဲဒီစစ်ရှောင်တွေကို ဘယ်လိုစီစဉ်ဆောင်ရွက်ပေးနေပါသလဲ။ အထူး သဖြင့် ကချင်ပြည်က စစ်ရှောင်တွေရဲ့အခြေအနေပေါ့။ သူတို့တွေရဲ့ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး စတဲ့ကူညီစောင့်ရှောက်မှုတွေက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီစကစကို တော်လှန်တဲ့အဖွဲ့အစည်းတွေ ဥပမာ လူငယ်တွေက တော ထဲကိုဝင်ပြီး လက်နက်ကိုင်တယ်။ အဲ့ဒီအခါမှာ KIA နဲ့ PDF လို့ခေါ်တဲ့ လူငယ်တွေ၊ Gen Z တွေက ပူးပေါင်းပြီး တော့ အညာဒေသကို KIA က ဦးဆောင်ထိုးစစ်ဆင်တာတွေလုပ်တဲ့အခါမှာလည်း KIA က ဦးဆောင်ပြီး လုပ် တယ်ဆိုတဲ့အငြိုးနဲ့ ကချင်ဒေသကို ပိုပြီးပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်းလည်း ကျမတို့ကချင်ပြည်နယ် ပြည်သူတွေက စစ်ရဲ့ဆိုးကျိုးကို ပိုပြီးတော့မှ ခံစားနေရတယ်ဆိုတာကို တွေ့ရပါတယ်။ အထူးသဖြင့် ဗန်းမော်ခရိုင်မှာဆိုရင် အားလုံးနီးပါးက စစ်ပြေးနေရတယ်။ စစ်ရှောင်နေရတယ်ဆိုတာကို တွေ့ရ တယ်။
မေး ။ ။ ၂၀၂၁ အာဏာသိမ်းမှုကြောင့် စစ်ပွဲတွေ အကြီးအကျယ်ပြန်ဖြစ်လာတဲ့အချိန်မှာ ကချင်ပြည်က စစ်ရှောင် အမျိုးသမီးတွေ ဘယ်လောက်အထိများပြားလာပါသလဲ။ သူတို့တွေရဲ့နေထိုင်စားသောက်မှု၊ ကိုယ်ဝန်ဆောင်ရ တဲ့အခြေအနေ၊ ကျား၊ မအခြေပြုအကြမ်းဖက်ခံရမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေက ဘယ်လိုရှိပါသလဲ ရှင့်။
ဖြေ ။ ။ ကချင်ဒေသရဲ့ ဒီစစ်ရှောင်အခြေအနေကို ပြောမယ်ဆိုရင် ကျမခန့်မှန်းကြည့်တာက သုံးပုံနှစ်ပုံလောက် က စစ်ရှောင်နေရတယ်။ စစ်ရဲ့ဆိုးကျိုးကို ခံနေရတယ်။ လုံလုံခြုံခြုံမနေရဘူး။ ဒါပေမဲ့ UNHCR ရဲ့ website ပေါ်မှာကတော့ နှစ်သိန်းခွဲပဲရှိတယ်ပေါ့။ ဒီစစ်ရှောင်အမျိုးသမီးတွေရဲ့ကျန်းမာရေး၊ ပညာရေးနဲ့ အခြားလူမှုရေး အခက်အခဲတွေဆိုရင် ကျန်းမာရေးအပိုင်းမှာ KIA ရဲ့ထိန်းချုပ်နယ်မြေတွေက တဖြည်းဖြည်းနဲ့များလာတဲ့အခါမှာ မြို့တွေ၊ ရွာတွေမှာ ကျန်းမာရေးဝန်ဆောင်မှုတွေ အများကြီးလိုအပ်တာကို တွေ့ရတယ်။
အမျိုးသမီးတွေရဲ့ အခက်အခဲတွေလည်း အများကြီးတွေ့ရတယ်။ လိင်ပိုင်းဆိုင်ရာ မျိုးဆက်ပွားကျန်းမာရေး အခက်အခဲတွေ တွေ့ရတယ်။ ပြီးတော့ သားအိမ်လမ်းကြောင်းဆိုင်ရာ ပြဿနာတွေပေါ့။ မသန့်ရှင်းတဲ့နေရာ တွေမှာ နေရတယ်၊ မသန့်ရှင်းတဲ့ရေတွေသုံးစွဲနေရတဲ့အခါမှာ သားအိမ်လမ်းကြောင်းဆိုင်ရာ လက္ခဏာတွေဖြစ် တဲ့ယားယံတာတွေ၊ အဖြူဆင်းတာတွေ၊ ပြည်တည်တာတွေက အမျိုးသမီးတော်တော်များများမှာ တွေ့ရတယ်။ သားအိမ်နဲ့ သားအိမ်ခေါင်းကင်ဆာပြဿနာတွေ အဲ့လိုဝေဒနာတွေကို ခံစားနေရတယ်။
ပြီးတော့ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုကြည့်တဲ့အခါမှာ စစ်ဖြစ်တဲ့အခါကျတော့ ရုတ်တရက်သွေးဆင်းတာတို့၊ နာကျင်မှုဝေဒနာခံစားနေရတာတို့၊ ကိုယ်ဝန်ပျက်ကျတာတို့၊ ထိတ်လန့်ဖွယ်နောက်ဆက်တွဲပြင်းထန်တဲ့ဝေဒနာ တွေကို ခံစားနေရတယ်ဆိုတာ အများကြီးတွေ့ရတယ်။ ဒါ့အပြင် မိခင်တွေ၊ မီးဖွားပြီးခါစအချိန်ကာလမှာ ထိတ် လန့်ပြီးတော့မှ ဒီဗုံးတွေကြဲတာတို့၊ စစ်ဖြစ်လို့ပြေးနေရတာတို့ တစ်ချိန်လုံးသတိနဲ့ပဲ နေရတာတို့ဆိုတဲ့အခါမှာ သူတို့တွေက ထိတ်လန့်မှုတွေဖြစ်တယ်။ တိုက်ပွဲသံတွေကြားတယ်၊ ဗုံးသံတွေကြားတဲ့အခါမှာ မိသားစုတွေ သေကျေပျက်စီးဆုံးရှုံးနေရတာကို ရင်ဆိုင်နေရတယ်။ ပြီးတော့ သွေးသွန်ပြီးတော့မှ စိတ်ပိုင်းဆိုင်ရာမတည်ငြိမ် တာတွေလည်း ဖြစ်ကြတယ်။

နောက် နို့တိုက်မိခင်တွေကလည်းပဲ သွေးအားနည်းပြီးတော့မှ နို့ခမ်းခြောက်တာတွေ၊ ရင်ခွင်ပိုက်ကလေးငယ် တွေရဲ့စိုးရိမ်ဖွယ်ရာအခြေအနေတွေကိုလည်းပဲ ရင်ဆိုင်ခံစားနေရတယ်ဆိုတာကို တွေ့ရတယ်။ အဲ့ဒါအပြင် စစ်ပြေးနေရတဲ့အခါမှာ လုံလုံခြုံခြုံမနေရဘူး။ ဖြစ်သလိုနေရတဲ့အခါကျတော့ အလွန်လွယ်ကူစွာနဲ့ ကူးစက် ရောဂါတွေ ခံစားနေရတယ်ဆိုတာ တွေ့ရတယ်။ တချို့ဆိုရင် ဟောတိုက်ကြီးထဲမှာ လူတွေအများကြီးနေရတဲ့ အခါကျတော့ လေကနေကူးစက်တဲ့ အခုမိုးတွင်းဆိုရင် တစ်ယောက်က ဝမ်းသွားပြီဆိုရင် ကျန်တဲ့လူတွေ အကုန်လုံးဝမ်းသွားတာတို့၊ တစ်ယောက်က ချောင်းဆိုးပြီဆို ကျန်တဲ့လူတွေ အကုန်လုံး ချောင်းဆိုးတာတို့ ဆေးဝါးတွေကလည်း မလုံလောက်ဘူး။
ပြီးတော့ တိုက်နယ်ဆေးပေးခန်း၊ ရွာကဆေးပေးခန်းတွေမှာလည်း ဆေးကမရှိတာတို့၊ ကျန်းမာရေးဝန်ဆောင်မှု တွေကလည်း အကန့် အသတ်နဲ့ဖြစ်နေတယ်။ ကျန်းမာရေးဝန်ထမ်းတွေကလည်း မလုံလောက်ဘူး။ ဆေးကုသ တဲ့ဝန်ဆောင်မှုတွေ လည်း မရှိဘူး။ ဆေးဝါးတွေကလည်း မရဘူး။ ဆေးဝါးတွေဝယ်တဲ့အခါမှာလည်း ဝယ်ဖို့ရန် အတွက် ရရှိဖို့ရန် အတွက် ခက်ခဲတယ်။ နောက် ဆေးဝါးရှိတဲ့နေရာကနေ လွတ်မြောက်နယ်မြေကို ရောက်ဖို့ရန် အတွက် သယ်ယူပို့ဆောင်တဲ့အခါမှာ လမ်းတစ်လျှောက်လုံး ကားသမားတွေက ဂိတ်တွေကို ပိုက်ဆံပေးရတယ် ဆိုတော့ လိုအပ်တာထက် ပိုပြီးတော့မှ သယ်ဆောင်မှုတွေ များတဲ့အခါမှာ ဆေးဝါးတန်ဖိုးတွေကလည်း အင်မတန်မှကြီးတယ်။ ဒါ့အပြင် ဆေးဝါးဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေကလည်း လုံလောက်တဲ့လစာမရတဲ့ အခါကျတော့ ကြာလာတဲ့အခါ သူတို့ရဲ့အရည်အချင်းတွေက ကျန်းမာရေးဝန်ဆောင်မှုအရည်အချင်းတွေက ပြည့်မီတဲ့အရည်အချင်းတွေ မရှိနေတော့ဘူးပေါ့။ မကျန်းမမာနဲ့ရောက်လာတဲ့လူတွေကို သေသေချာချာ စေတနာနဲ့ ကုသပေးမှုတွေမှာ အားနည်းတာတို့၊ ဆူဆူငေါက်ငေါက်နဲ့ကုသပေးတာတို့အစရှိတာတွေကိုလည်း အမျိုးသမီးတွေက ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
ခုနပြောတဲ့တိုက်ပွဲတွေ ပြင်းထန်လာတဲ့အခါမှာ ဒီလေယာဉ်နဲ့ဗုံးကြဲတဲ့အခါမှာ ကျောင်းတွေကပိတ်ထားရတယ်။ စာတွေက ကောင်းကောင်းသင်လို့မရဘူး။ တချို့ NUG တွေရဲ့ ပညာရေးစနစ်က online ကနေ သင်ပေးမယ်ဆို ပေမယ့် ကျမတို့ကချင်ပြည်နယ်မှ အင်တာနက်မရတဲ့အခါကျတော့ online ကနေလည်း စာသင်လို့မရတော့ ကျောင်းတွေ ဆက်ပြီးတော့မှတက်ခွင့်မရတဲ့ ကလေးတွေလည်းအများကြီးဖြစ်လာတယ်။
ပြီးတော့တချို့ မိဘတွေက ကလေးတွေကို KAI ထိန်းချုပ်နယ် မြေဖြစ်တဲ့ လိုင်ဇာတို့ မိုင်ဂျာယန်တို့ဘက်က ကျောင်းတွေမှာသွားထားရတယ်။ ကျောင်းသားတွေအတွက် လိုင်ဇာက KAI အစိုးရကနေ အဆောင်တွေ စီစဉ်ပေးတယ်။ အဲ့ဒါကတော့ ဟိုးအာဏာမသိမ်းခင်ထဲက အစီအစဉ်ဖြစ်တယ်။ ဆိုတော့ ဒီမြို့ပြကကလေးတွေ များလာတဲ့အခါကျတော့ အဆောင်တွေမလုံလောက်ဘူး။ စာသင်ခန်းတွေ နေစားဖို့တွေမလုံလောက်ဘူး။ နောက် အိမ်သာရေချိုးခန်းတွေ မလုံလောက်တော့ မိန်းကလေးတွေအတွက် အရမ်းအခက်အခဲဖြစ်တယ်။
အထူးသဖြင့် မိန်းကလေးတွေက ကျောင်းဆက်တက်ခွင့်မရတဲ့ပြဿနာတွေကို ကျမတို့တော်တော်များများတွေ့ နေရတယ်။ နောက်တစ်ခုက စစ်မှုမထမ်းမနေရ ပြဌာန်းချက်ကြောင့်မို့လို့ ကျောင်းနေတဲ့ကလေးတွေ ကျောင်း ထွက်ပြီးတော့မှ ထွက်ပြေးရတယ်။ ကြုံရာကျပန်းအလုပ်တွေ လုပ်ရတယ်။ မိန်းကလေးတွေဆို ကျောင်းကိုထွက် ပြီးတော့မှ အလုပ်တွေလုပ်ရတယ်။ လူကုန်ကူးခံရတယ်။ အသက်မပြည့်ဘဲနဲ့ အတင်းအဓမ္မအိမ်ထောင်ပြုတာ ကို ခံရတယ်။ နောက် မသန်စွမ်းမိန်းကလေးဆိုလည်း ကျောင်းပို့ဖို့အတွက် မိဘတွေက ငွေမတတ်နိုင်တော့ ကျောင်းတက်ဖို့အခွင့်အရေးတွေဆုံးရှုံးရတယ်။ မသန်စွမ်းမိန်းကလေးတွေက IDP camp မှာ လိင်အကြမ်းဖက် မှုခံရတာတွေက အများကြီးပဲ။ အဲ့ဒီပြဿနာတွေလည်း ကျမတို့ဖြေရှင်းနေရတာတွေရှိပါတယ်။
ပြီးတော့ ပညာရေးနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင် ဒီဗမာဘာသာစကားနဲ့ ဗမာဓလေ့တွေနဲ့ ရေးထားတဲ့ သင်ရိုးညွှန်းတမ်းကိုပဲ သင်နေရတဲ့အခါကျတော့ ပညာရေးက အရည်အချင်းပြည့်မီတဲ့ပညာရေး မဟုတ်နေဘူး။ အဲ့ဒါကလည်း ဟိုးအရင်ထဲက KIA ထိန်းချုပ်နယ်မြေမှာ ကချင်ဘာသာစကားနဲ့ ကချင်အတွေးအခေါ် သက်ဝင် ဓလေ့တွေပါတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ လုပ်ပေးဖို့ ကျမတို့တောက်လျှောက်တောင်းဆိုနေခဲ့တာ။

မေး ။ ။ အမျိုးသမီးတွေအများဆုံးကြုံရတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေကို ဘယ်လိုဖြေရှင်းနေထိုင်ကြပါသလဲ။ အိမ်တွင်းအကြမ်းဖက်မှုအခြေအနေတွေက စစ်ရှောင်စခန်းတွေမှာ ပိုမိုဆိုးရွားလာတယ်လို့လည်း ကြားသိနေ ရလို့ အိမ်တွင်းအကြမ်းဖက်မှုတွေအပေါ် ပညာပေးမှုတွေနဲ့ အရေးယူမှုပုံစံ (ဒေသတွင်းဥပဒေတွေ) ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ အာဏာသိမ်းပြီးနောက်မှာ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ကလေး၊ လူငယ်တွေ ပိုပြီးများလာ တယ်။ အဲ့ဒီထဲမှာ ထူးထူးဆန်းဆန်း အမျိုးသမီး မူးယစ်ဆေးဝါးသုံးစွဲတဲ့ မိန်းကလေးတွေလည်း အများကြီးရှိလာ တယ်ဆိုတာကို တွေ့ရတယ်။ အရင်တုန်းကလည်း မရှိဘူးလားဆို ရှိတော့ရှိတယ်။ ဒါပေမဲ့ KIA ရဲ့ ပတ်ဂျီဆန် (Pat Jasan)ဆိုတဲ့ စီမံကိန်းက အရမ်းအောင်မြင်တဲ့အခါမှာ အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ခဲ့တယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်တာသုံးတာတွေ မြို့ပေါ်မှာ ပေါ်ပေါ်တင်တင်ဖြစ်လာ တယ်။ မြစ်ကြီးနားနဲ့ ဝိုင်းမော်မှာ လောင်းကစားရုံနဲ့ မူးယစ်ဆေးဝါးတွေက ပေါ်ပေါ်တင်တင် ရောင်းစားလာ တယ်။ မိန်းကလေးတွေလည်း မူးယစ်ဆေးဝါးသုံးစွဲလာတယ်။ ဘိန်းဖြတ်စခန်းဆိုပြီးတော့မှ ပြည်သူတွေ ကိုယ်ထူကိုယ်ထနဲ့ လုပ်တာတွေ၊ ခရစ်ယာန်ဘာသာရေးကို အခြေခံပြီးလုပ်တာတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ ဘိန်းဖြတ်ချင်ရင်တော့ လက်မခံဘူး။ ကိုယ်ဝန်နဲ့ နို့တိုက်ကလေးကို ကုန်းပိုးလာတဲ့အမျိုးသမီး တွေအတွက်ကျတော့ သူတို့ကို သီးသန့်ထားပေးဖို့ နေရာမရှိဘူး။
အဲ့လိုမူးယစ်ဆေးတွေပေါများလာတော့ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်မှုခံရတာတွေရှိလာတယ်။ ခိုးဆိုး လုယက်မှုတွေ များလာတယ်။ မိန်းကလေးတွေပစ်မှတ်ထားပြီး ဆိုင်ကယ်တွေလုယက်တာ အမျိုးသမီးတွေကို ဓားနဲ့ထောက်ပြီး လုတာတွေ ပြီးတော့ သတ်လိုက်တာတွေ ဒါတွေက အများကြီးပဲ ဖြစ်လာတာကိုတွေ့ရတယ်။ ကလေးတွေကို ပြန်ပေးဆွဲ၊ ညှင်းပန်းနှိပ်စက်တာစတဲ့မလုံခြုံမှုတွေရှိလာတယ်။ ပြောမယ်ဆိုရင် တင်းမာတဲ့ ဆက်ဆံရေးတွေ၊ စီးပွားရေးမတည်ငြိမ်မှုတွေများလာတဲ့အခါမှာ မူးယစ်ဆေးဝါး သုံးစွဲမှုတွေလည်း အများကြီး ပေါ်လာတယ်။ စာသင်ကျောင်းတွေမှာလည်း ကလေးတွေမူးယစ်ဆေးဝါးသုံးနေတာကို မိဘတွေ ဆရာတွေက မသိကြဘူး။ မူးယစ်ဆေးဝါးသုံးစွဲတဲ့ စက်ဝန်းကို ဖြတ်သောက်ဖို့အတွက် သက်ဆိုင်ရာကလည်း ဘာမှလုပ်ပေး တာမတွေ့ရဘူး။
အမျိုးသမီး မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေကို blame တာရှိတယ်။ ဒီတော့ သူတို့မှာ ထွက်ပေါက်၊ အနာဂတ်ဆို တာမရှိတဲ့အခြေအနေနဲ့ကြုံရတာကိုလည်း ကျမတို့တွေ့ရတယ်။ ပြီးရင်း မူးယစ်ဆေးအစားထိုး အသက်မွေးဝမ်း ကျောင်းလုပ်ငန်း စီမံကိန်းတွေလည်း အရင်လိုလုပ်ပေးတာ ပြောပေးတာမျိုးတစ်ခုမှမရှိတော့ဘူး။
နောက် အာဏာသိမ်းပြီးနောက်ပိုင်းနဲ့ ဒီ ၁၄ နှစ်အကြာမှာ ကျမတို့ကြုံတွေ့ရတဲ့အခက်အခဲတွေက ပိုဆိုးလာ တယ်။ ပြောရရင် ပုံမှန်ဝင်ငွေရတဲ့လုပ်ငန်းတွေက လုံးဝရှားပါးလာတဲ့အခါ အမျိုးသမီးတွေအနေနဲ့ ခက်ခဲစွာ ရုန်း ကန်ရတယ်။ အလုပ်မရှိတော့ မြေရှား rare earth mining လုပ်တဲ့နေရာတွေမှာ သွားလုပ်ရတယ်။ အဲ့မှာ အလုပ်ရှင်တွေက တရုတ်တွေဖြစ်တော့ တရုတ်တွေက သူတို့နဲ့အတူ အိပ်ပေးမှအလုပ်လုပ်ခိုင်းတယ်ဆိုတော့ အိပ်ပေးကြရတယ်။ နောက် သူတို့တွေဟာ ခေါင်းပုံဖြတ်မှုတွေနဲ့ရင်ဆိုင်ရတယ်။ တချို့မိန်းကလေးတွေကိုဆိုရင် ငွေချမ်းသာတဲ့လူတွေက ၁ နှစ်၊ ၂ နှစ်အတူနေဖို့အတွက် ငွေဘယ်လောက်ပေးမယ်ဆိုပြီး စာချုပ်နဲ့နေတာရှိ တယ်။ အတူနေပြီးမှ စာချုပ်အတိုင်းငွေမပေးတာလည်းရှိတယ် အဲ့လိုကိစ္စတွေကို ကျမတို့ဖြေရှင်းပေးနေရတယ်။ အဲ့တော့ ဒီမိန်းကလေးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်တာကို ခံနေရတယ်။ ဒါ့အပြင် ကာမလိမ်လည် မှုဆိုတဲ့ကျူးလွန်မှုတွေလည်း အများကြီးကြုံတွေ့နေရတယ်။ ဒါက အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်ပြီး အလုပ်တွေ ရှားပါးလာလို့ ကြုံတွေ့ရတဲ့ပြဿနာ။
နောက် အိမ်တွင်းအကြမ်းဖက်မှုကလည်း ဝင်ငွေရလုပ်ငန်းမရှိတဲ့အခါမှာ ပိုပြီးတော့ များလာတာတွေ့ရတယ်။ ကချင်ဒေသက တရုတ်ပြည်နဲ့ကပ်နေတော့ နယ်စပ်ဒေသတွေမျာ တရုတ်ယွမ်ငွေဈေးမြင့်လာရင် ကုန်ဈေးနှုန်း က တက်လာတယ်။ အလုပ်တွေကရှားတော့ ငွေရှာရပိုခက်လာတာပေါ့။ အဲ့တော့ရရာအလုပ်တွေမှာ ဝင်လုပ် တဲ့အခါမှာ လစာအပြည့်မရတာ၊ နားရက်ခွင့်တွေမပေးတာတွေ တွေ့ရတယ်။
ကျမတို့ ကချင်ဒေသမှာ ဒီ ၁၄ နှစ်မှာ ၂၀၁၁ ထဲက စစ်ပြေးဒုက္ခသည်တွေနဲ့ စစ်အာဏာသိမ်းပြီးနောက် စစ်ပြေး ဒုက္ခသည်အသစ်တွေဆိုပြီး ရှိတယ်။ အရင်စစ်ပြေးဒုက္ခသည်တွေရဲ့အခြေအနေဟာ အတိုင်းအတာတစ်ခုထိ အရမ်းအဆင်ပြေမနေပေမယ့် အခြေအနေတစ်ခုထိ ရပ်တည်သွားနိုင်တာကို တွေ့ရတယ်။
ဒါပေမဲ့ စစ်ပြေးဒုက္ခသည်အသစ်တွေကျတော့ သူတို့ကို ကူညီတဲ့အဖွဲ့အစည်းတွေကလည်း မရှိဘူး။ UN တွေက လည်း အရင်လိုမစီစဉ်ပေးနိုင်တော့ဘူး။ သူတို့တွေက တိုက်ပွဲတွေ၊ လက်နက်နဲ့ပတ်သက်တာတွေ နောက် တပ် သားမိသားစုဝင်စတဲ့နေရာတွေမှာ သုံးစွဲလာတော့ ဒီစစ်ပြေးဒုက္ခသည်တွေကို ကြည့်ဖို့မတတ်နိုင်တော့ဘူးပေါ့။ အဲ့တော့ ဒုက္ခသည်အဟောင်းနဲ့ အသစ်တွေရဲ့အခြေအနေတွေက ပိုပြီးခက်ခဲလာတာကို တွေ့ရတယ်။
အဲ့ဒီမှာ ပိုဆိုးလာတာက မျက်စိနဲ့မြင်လို့မရတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်လာတယ်။ တချို့အမျိုးသမီးတွေ ဆိုရင် အသက်ရှင်စိတ်မရှိလာတော့ဘူးဆိုတဲ့ အခြေအနေတွေ့ရတယ်။ တချို့အမျိုးသားတွေက သူတို့ရဲ့ အတွင်းစိတ်ထဲမှာ ဒဏ်ရာတွေက ကြီးလာတာ ဆယ်စုနှစ် ၁ ခုကြာလာတော သူ့ကိုယ်သူသတ်သေတာတွေ ရှိ တယ်။ တချို့က ကိုယ့်ကိုကိုယ်သတ်သေတာမဟုတ်ဘဲ တခြားသူကိုသတ်တာမျိုးကျူးလွန်လာတယ်။ အဲ့တော့ လူသတ်မှုများလာတယ်ပေါ့။ လွန်ခဲ့တဲ့ လကဆိုရင် မိန်းကလေးငယ်သုံးယောက်ကို အမျိုးသားတစ်ဦးက သတ် လိုက်တာ၊ သုံးနှစ်အရွယ်ကလေးလေးကို တောထဲကိုခေါ်သွားပြီးမှ သတ်လိုက်တာဆိုတဲ့ အမှုတွေ အများကြီး ရှိလာတာကို တွေ့ရတယ်။ နောက် ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ကုသပေးတဲ့ ဆရာဝန်တွေ၊ ဆေးဝါး ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းတွေ ကလည်း အလွန်ရှားပါးတယ်ဆိုတာ တွေ့ရတယ်။
မေး ။ ။ ကချင်ပြည်ရဲ့ စစ်ပွဲဒေသနဲ့ စစ်ရှောင်ဒေသတွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့လုံခြုံရေးအခြေအနေ က ဘယ်လိုရှိ ပါသလဲ။ ပဋိပကနဲ့ဆက်နွယ်တဲ့ လိင်အကြမ်းဖက်မှု (CRSV) အခြေအနေတွေအပေါ်လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ဖြေရှင်းဆောင်ရွက်ပေးမှု ယန္တယားတွေ ရှိနေပါသလား၊ တရားမျှတမှုအတွက် ဘယ်လိုဖြေ ရှင်းပေးမှုတွေရှိနေပါသလဲ။
တိုက်ပွဲတွေဖြစ်တဲ့အခါ အမြဲတမ်းကျမတို့ ပြောနေတဲ့အရာတစ်ခုက တိုက်ပွဲကို အကြောင်းပြပြီး အမျိုးသမီးတွေ ကို စစ်လက်နက်အဖြစ်နဲ့ အသုံးပြုတာ။ ဒါက ကျမတို့ကချင်ဒေသမှာ ၂၀၁၁ ထဲက ရှိခဲ့တာပေါ့။ အခုလည်း ဆက်ရှိနေတယ်။ အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတယ်၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရ တယ်ဆိုရင် တိုင်ကြားတဲ့ ယန္တရားတွေကလည်း ရှိမနေဘူး။ ပြီးတော့ အခုဆို NUG ရဲ့ PSEA policy ရှိလာ တယ်။ အဲ့ဒီ policy ကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် တကယ့်မြေပြင်အခြေအနေမှာတော့ အများကြီး အခက်အခဲတွေရှိနေတယ်ဆိုတာတွေ့ရပါတယ်။
ကျမတို့ ကချင်ဒေသမှာ KIA ထိန်းချုပ်နယ်မြေဧရိယာကျယ်လာတဲ့အခါ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဖြေရှင်းတဲ့အခါ traditional court လို့ခေါ်တဲ့ ယဉ်ကျေးမှု၊ ရိုးရာယဉ်ကျေးမှုဓလေ့နဲ့ပဲ ဖြေရှင်းတယ်။ အဲ့ဒီအခါ တရားမျှတမှုရဖို့အတွက် အင်မတန်ခက်ခဲပါတယ်။ အခုဆို KIA မှာ တရားရုံးတွေရှိလာပြီ။ ဒီတရားရုံးမှာ ဥပဒေ တွေက အခုမှတည်ဆောက်နေဆဲဆိုတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့၊ ကာအိန္ဒြေပိုင်းဆိုင်ရာ အကြမ်း ဖက်မှုကြုံရတဲ့အခါမှာ ချက်ခြင်းတိုင်ကြားဖို့အတွက် ယန္တရားက ရှိမနေဘူးဆိုတာကို ကျမတို့ကချင်ဒေသမှာ တွေ့ရှိရပါတယ်။











