၅နှစ်တာကာလအတွင်း ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၉၆၃ မှုကောက်ခံရရှိ
စစ်တပ်အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁က နေ ၂၀၂၅ ခုနှစ်ကာလအတွင်း ပဋိပက္ခနဲ့ဆက်နွယ်တဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၉၆၃ မှုကောက်ခံရရှိခဲ့တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ရဲ့ Political Initiative အဖွဲ့ဝင် နော်ဆဲဆဲကပြောပါတယ်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်များမှ ပဋိပက္ခနှင့်ဆက်စပ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ကျူးလွန်နေမှု ရပ်တန့်ရန်” ခေါင်းစဥ်ဖြင့် ဇွန်လ၁၈ရက်နေ့ အွန်လိုင်းကလုပ်တဲ့ ဆွေးနွေးပွဲ စကားဝိုင်းမှာ နော်ဆဲဆဲက အထက်ပါအတိုင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ Speaking Truth To Power: Ending Military Impunity In Burma/Myanmar ဆိုတဲ့ အစီရင်ခံစာကိုလည်းမိတ်ဆက်ခဲ့ပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က စုစည်းထားတဲ့ အချက်အလက်တွေမှာ မုဒိမ်းမှု ၁၈၃၊လိင်ပိုင်းဆိုင်ရာ အကြမ်းမှု ၇၅၈မှု၊ အထွေထွေ ကျား၊မအခြေပြုအကြမ်းဖက်မှု ၈၈)မှုရှိတယ်လို့ အစီရင်ခံစာကို ကိုးကားပြီး အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ရဲ့ Political Initiative အဖွဲ့ဝင် နော်ဆဲဆဲကပြောပါတယ်။

“စစ်တပ်ဟာ မုဒိမ်းကျင့်တာကို စစ်လက်နက်တခုသဖွယ် ပိုမိုကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာပြီး အဲ့ဒီအထဲမှာ လူနည်းစုအမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေ၊ အသက်မပြည့်သေးတဲ့ကလေးတွေ၊ LGBT တွေ၊အသက်(၆၀)အရွယ် သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထားကျူးလွန်နေတာတွေကိုလည်း တွေ့ရတယ်” လို့ နော်ဆဲဆဲက ရှင်းပြပါတယ်။
Speaking Truth To Power: Ending Military Impunity In Burma/Myanmar ဆိုတဲ့ အစီရင်ခံစာမှာ အကြမ်းဖက်စစ်တပ်ကခေတ်အဆက်ဆက်ကျူးလွန်တဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေကိုရပ်တန့်ဖို့ဖော်ပြထားပါတယ်။
လက်ရှိအခြေအနေမှာလည်း တချို့သော တော်လှန်ရေးအင်အားစုတွေကြားထဲမှာဖြစ်ပွားနေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ထည့်သွင်းဖော်ပြထားပါတယ်။
အကြမ်းဖက်ခံရမှုကျူးလွန်ခံရသူတွေ၊ ရှင်သန်လွတ်မြောက်လာသူတွေအနေနဲ့ တရားစီရင်ရေးစနစ်မရှိတဲ့အတွက် တရားမျှတမှုလမ်းကြောင်းမရှိတာ၊ မိသားစုဝင်တွေကို ဖမ်းဆီးချုပ်နှောင်တာ၊ ခြိမ်းခြောက်ခံရတဲ့အခြေအနေတွေကြုံတွေ့ရတဲ့အကြောင်းကိုလည်း အစီရင်ခံစာက မီးမောင်းထိုးပြထားပါတယ်။
ဒါ့အဖြစ် ပဋိပက္ခဆက်နွယ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြုံတွေ့နေရတဲ့ သူတွေကိုကူညီပံ့ပိုးပေးနေတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ ကြုံတွေ့ရတဲ့ အခက်အခဲနဲ့စိန်ခေါ်မှုတွေ၊ ဒီအချက်အလက်တွေကို စုစည်းပြီးတော့တရားမျှတမှုရရှိရေး နိုင်ငံတကာ တာဝန်ယူမှု တာဝန်ခံမှုရရှိရေးကို လုပ်ဆောင်တဲ့အပိုင်းတွေကိုလည်းဖော်ပြထားပါတယ်။
“ပဋိပက္ခဆက်နွယ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကျူးလွန်တဲ့နေရာ မှာrape ပဲဖြစ်ဖြစ် မုဒိမ်းကျင့်ခံရတဲ့သူပဲဖြစ်ဖြစ် တခြားသော လိင်ပိုင်းဆိုင်ရာတွေကြုံတွေ့နေရတဲ့သူပဲဖြစ်ဖြစ် များသောအားဖြင့် လူမှုပတ်ဝန်းကျင်တွေက အယူအဆအရိုးစွဲနေတဲ့ ခွဲခြားဆက်ဆံမှုတွေ၊အကြမ်းဖက်ခံရသူတွေ ကျူးလွန်ခံရသူတွေအပေါ်မှာ ပြစ်တင်ဝေဖန်မှုတွေက အထူးသဖြင့် ရှင်သန်လွတ်မြောက်လာသူတွေအတွက် တကယ့် ဖော်ထုတ်ဖို့ ဖွင့်ပြောဖို့က အဟန့်အတားဖြစ်စေတဲ့ စိန်ခေါ်မှုဖြစ်စေတယ်ဆိုတာ high-light လုပ်ထားတယ်” လို့နော်ဆဲဆဲကပြောပါတယ်။
အစီရင်ခံစာမှာပါဝင်တဲ့ ဒီအချက်အလက်တွေဟာ WLB အဖွဲ့ဝင်အဖွဲ့အစည်းတွေ လက်လှမ်းမီတဲ့နေရာက ကောက်ခံထားတဲ့ အချက်အလက်တွေသာဖြစ်ပြီး တခြားသောအမျိုးသမီးအဖွဲ့တွေ ကောက်ခံထားတဲ့ အဖြစ်အပျက်တွေ ကျူးလွန်မှုတွေလည်းရှိနိုင်သေးတယ်လို့ သိရပါတယ်။
- “တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း” - 14/07/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025