ရခိုင်က ကိုယ်ဝန်ဆောင်အမျိုးသမီးတချို့ ကလေးအသေမွေးဖွား
ညီထွေး
လက်နက်ကိုင်ပဋိပက္ခ ဒဏ်ကိုခံနေကြရတဲ့ ရခိုင်က ကိုယ်ဝန် ဆောင် အမျိုးသမီးတချို့ဟာ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းကောင်းမရအကျိုးဆက်အဖြစ် ကလေးအသေမွေးတာများလာပြားလာတယ်လို့ သိရပါတယ်။
” ဒီဖက်မှာက ဆရာ/မ တွေမရှိတော့ လက်သည်တွေနဲ့မွေးရတယ်။ အဲဒီအခါမှာ မွေးဖွားလာတဲ့ ကလေးတွေက သေနေတာကိုတွေ့ရတယ်”ဟု ဘူးသီးတောင်မြို့နယ်က ဒေသခံ အမျိုးသမီး တစ်ယောက်က ပြောပါတယ်။
အရင်စစ်ရေးပဋိပက္ခ မဖြစ်ပွားမီအချိန်ကဆိုရင် ရခိုင်ပြည်အတွင်းက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ကာကွယ်ဆေးတွေကို အခမဲ့ထိုးနိုင်ခဲ့ပေမဲ့ အခုအချိန်မှာတော့ အဲဒီအခွင့်အရေးတွေ ဆုံးရှုံးနေရပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေမှာ သန္ဓေစလွယ်ချိန်မှ စပြီး မိခင်နဲ့ ကလေးကျန်းမာရေးအတွက် ဆေးရုံ၊ ဆေးခန်းတွေမှာ ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုခံယူပြီး ကိုယ်ဝန်ဆောင်ချိန် မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ်ထိုးရပါတယ်။
ဒီကနေ့အချိန်မှာတော့ စစ်ကောင်စီဟာ ဆေးရုံတွေ၊ လူသူထူထပ်တဲ့နေရာတွေကို လေကြောင်းကနေပစ်မှတ်ထား တိုက်ခိုက်လာတော့ ရခိုင်ရှိ ဆေးရုံတွေလည်း ပုံမှန်မလည်ပတ်နေ ဖြစ်နေပါတယ်။
အခုလို အခြေအနေတွေကြောင့် ကိုယ်ဝန်ဆောင်း အမျိုးသမီးတွေမှာ ကာကွယ်ဆေးတွေလည်း ပုံမှန်မထိုးရဘူးလို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဆီက သိရပါတယ်။
” ကိုယ်ဝန်ကတော့ ၅ လရှိနေပြီး။ ကာကွယ်ဆေးက မထိုးရသေးဘူး။ ဆေးရုံတွေကိုလည်း တစ်ခါမှ သွားမပြရသေးဘူး” လို့ ပုဏ္ဍားကျွန်းမြို့နယ်၊ ပန်းနီလာ စစ်ဘေးရှောင် စခန်းက ဒေါ်သန်းခင်ဝင်း ကပြောပါတယ်။
ဘူးသီးတောင်မြို့နယ်က ဝေးလံခေါင်ဖျားတဲ့ စိုင်းဒင်အထက်ပိုင်းရှိ ကျေးရွာတွေမှာ ယခုနှစ်ပထမ၆လအတွင်းမှာ ကလေးအသေမွေးဖွားမှုဖြစ်စဥ် ၅ ကြိမ်ထက် မနည်းရှိကြောင်း ရခိုင်အခြေစိုက် DMG သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဆေးရုံတချို့ လည်ပတ်တာရှိနေပေမဲ့ ကာကွယ်ဆေးတစ်ကြိမ်ထိုးရင် ငွေကျပ် သုံးသောင်းနီးပါးအထိ ကုန်ကျတာကြောင်း စစ်ဘေးရှောင်တွေမှာ ငွေကြေးအဆင်မပြေမှုတွေရှိတယ်လို့ သူမက ဆက်ပြောပါတယ်။
ရခိုင်ဒေသအတွင်း စစ်ရေးပဋိပက္ခ စတင်တဲ့ ၂၀၂၃ ခုနှစ် ကနေ စစ်ကောင်စီက ကုန်းလမ်း၊ရေလမ်းကို ပိတ်ဆို့လိုက်တာကြောင်း ဆေးဝါးတွေပြတ်ပြီး စျေးတဟုန်ထိုး မြင့်တက်နေပါတယ်။
လက်ရှိအာရက္ခတပ်တော် အေအေ အနေနဲ့လည်း ကျန်းမာရေ ကဏ္ဍတွေကို လိုက်ပါဆောင်ရွက်ပေးနေပေမဲ့ လွှမ်းခြုံမှုမရှိ ဖြစ်ရတယ်လို့ သိရပါတယ်။
ဒါတွေကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အသက်အန္တရာယ်နဲ့ ကလေးငယ်တွေရဲ့ အနာဂတ်အတွက်လည်း စိုးရိမ်စရာ ဖြစ်လာနေပါတယ်။
- “တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း” - 14/07/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025