ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ ကင်းလွတ်ခွင့်ရနေ

သန့်ရှင်းထွန်း

 စစ်ကောင်စီနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တချို့က ကျူးလွန်ခဲ့တဲ့ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ အရေးယူခံရတာမရှိသလို တစ်စုံတစ်ဦးကမှ တာဝန်ယူ တာဝန်ခံမှုမရှိဘဲ ပြစ်ဒဏ်က ကင်းလွတ်နေကြတယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်(WLB)က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

“အဓိကတော့ တော်လှန်ရေးကာလဆိုပြီး ဖုံးဖိထားကြတယ်။ တချို့ကတော့ အသံထွက်လာပေမယ့် အရေးယူ အပြစ်ပေးမှုတွေက မရှိဘူး။ ကင်းလွတ်နေကြတယ်။ ဒီလို နှုတ်ပိတ်နေမယ်ဆိုရင် နောက်ထပ် ပိုဆိုးတဲ့အခြေနေကို ရောက်အောင် တွန်းပို့ပေးတာနဲ့ တူတူပါပဲ။ တော်လှန်ရေးကာလဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ် အကြမ်းဖက်မှုက အကြမ်းဖက်မှုပါပဲ”လို့ ရခိုင်အခြေစိုက် အမျိုးသမီး အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုက တာဝန်ရှိသူတဦးက ပြောပါတယ်။

 လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအားလုံးကို  အလေးအနက်ထား ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းမှုတွေကို စနစ်တကျရှိလာအောင် တိကျရှင်းလင်းသော ကျင့်ဝတ်စည်းကမ်းများနှင့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲအကောင်အထည်ဖော်ဖို့နှင့် တင်းတင်းကြပ်ကြပ် ပြဌာန်းမှုပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းချိန်ကစလို့ ၄ နှစ်ကျော်အတွင်း ဂျန်ဒါအခြေပြုဖြစ်ပွားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စုစုပေါင်း ၉၆၃ မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်(WLB)က ထုတ်ပြန်တဲ့ အစီရင်ခံစာကို ကိုးကားပြီး ဂျန်ဒါ-ဂျာဒန် အဖွဲ့က ထုတ်ပြန်ထားပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာ မြန်မာနိုင်ငံက တိုင်းဒေသကြီးနှင့် ပြည်နယ် ၉ နေရာနှင့် အိန္ဒိယနိုင်ငံ မဏိပူမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အချက်အလက်တွေ စုဆောင်းတဲ့အခါ တိုက်ပွဲနှင့် တခြားအခက်ခဲပေါင်းစုံရှိနေတာကြောင့် ပကတိမြေပြင်မှာ လက်ရှိအရေအတွက်ထက် ပိုများနိုင်တယ်လို့ အစီရင်ခံစာမှာ ဆက်လက် ဖော်ပြထားပါတယ်။

Author: