တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇွန်လ ၂၂  ရက်ကနေ ၂၈ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေ ကို HI က စုစည်းဖော်ပြပေးလိုက်ပါတယ်။

မော်ကျွန်းမှာ အမှုသည်အမျိုးသမီးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက အဓမ္မပြုကျင့်

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အမှတ် ၈ ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဟာ အမှုသည်အမျိုးသမီးတယောက်ကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

အလိုမတူဘဲ အဓမ္မပြုကျင့်ခံရသူမှာ အသက် ၃၈ နှစ်အရွယ် အမျိုးသမီးတယောက်ဖြစ်ပြီး အဓမ္မပြုကျင့်မှုနဲ့ စွပ်စွဲခံရသူမှာ မော်လမြိုင်ကျွန်းမြို့ အမှတ် ၈ ရပ်ကွက်က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသိန်းရွှေ ဖြစ်ပါတယ်။

 “အမှုကိစ္စပြောဆိုဖို့အတွက် ချိန်းတဲ့နေရာကိုသွားရင်း အဓမ္မပြုကျင့်ခံရတာ။ တကြိမ်ပြုကျင့်ခံရတယ်လို့ ရဲစ ခန်းမှာ တိုင်ကြားပါတယ်။ ကောင်မလေးက လက်ဖက်ရည်ဆိုင်မှာ အမှုကိစ္စပြောမယ်လို့ ပြောတာကို လက်ဖက် ရည်ဆိုင်မှာပြောရင် အုပ်ချုပ်ရေးမှူးသိက္ခာကျတယ်။ ငါခေါ်တဲ့နေရာလာမှ အမှုကိစ္စလုပ်ပေးမယ်လို့ပြောလို့ သွားရင်းဖြစ်သွားတာ။ အခုတော့ ကောင်မလေးကတိုင်လို့ ရဲတွေက အုပ်ကြီးကို ဖမ်းထားပါပြီ။”လို့ ရဲစခန်းနဲ့ နီး စပ်သူက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အဓမ္မပြုကျင့်ခံရသူရဲ့ တိုင်တန်းချက်အရ မော်လမြိုင်ကျွန်းမြို့မရဲစခန်းက အဓမ္မပြုကျင့် သူ အမှတ် ၈ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး သိန်းရွှေကို အမှုကြီး အမှတ်စဉ် ၃/၂၀၂၅၊ (ပ) ၉၇/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ နဲ့ ဇွန် ၂၄ ရက်မှာ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ကျူးလွန်ခံရတဲ့ အမျိုးသမီးနဲ့ နီးစပ်သူတယောက်က “သူက မိသားစုနေအိမ်ပိုင်ဆိုင်မှုကိစ္စနဲ့ အုပ်ချုပ်ရေးမှူးဆီ အမှုတိုင်တာပါ။ ဒါကို အုပ်ချုပ်ရေးမှူးက အခွင့်ရေးယူတာ။ ကျူးလွန်ခံရတဲ့ အစ်မက တည်းခိုခန်းကိုတော့ မလိုက်ရဲဘူး၊ မသင့်လျော်ဘူးပြောတာ။ မလိုက်ရင် အမှုနိုင်မှာမဟုတ်ဘူး၊ နင့်အတွက်ပြောတာ၊ ငါနဲ့ တည်;ခို ခန်းမှာ စကားပြောတာ သိက္ခာတောင်ရှိသေးတယ်ပေါ့ အုပ်ကြီးကပြောတာ”လို့ ပြောပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးဟာ ခင်ပွန်းဖြစ်သူသေဆုံးတာ ၂ နှစ်ဝန်းကျင် ရှိပြီဖြစ်ပြီး ပါးစပ်ကို ခေါင်းအုံးနဲ့ ဖိကာ အဓမ္မ ပြုကျင့်ခံခဲ့ရတာဖြစ်ပါတယ်။

Source – DVB

အသက် ၇၀ အရွယ်အမျိုးသမီးကြီးကို စစ်သားတစ်ဦးက အကြိမ်ကြိမ် အဓမ္မပြုကျင့်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တယောက်က ကညုံကျွန်းရွာခံ အသက် ၇၀ အရွယ် အမျိုးသမီးကြီးတယောက်ကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တယ်လို့ နှင်းဆီရောင်အမျိုးသမီး များသမဂ္ဂ(ထားဝယ်) အဖွဲ့က ဇွန်လ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။

အဓမ္မပြုကျင့်ခဲ့တဲ့စစ်သားက အသက် ၄၀ ကျော်အရွယ်ရှိပြီး အဲဒီစစ်သားအား ‘ဖိုးချေ’ လို့ နာမည်ခေါ်တာ ကြားရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်၊ ဇွန် ၁၄ မှ ၂၄ ရက်အထိ ကညုံကျွန်းရွာကို စစ်ကြောင်းဝင် လာပြီး ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ချိန် ကျန်းမာရေးမကောင်းတဲ့ ခင်ပွန်းဖြစ်သူကို ပြုစုဖို့ နေအိမ်မှာ နေခဲ့တဲ့အမျိုးသမီးကို စစ်သားတွေထဲက တစ်ယောက်က အခုလိုကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဒီအမျိုးသမီးဟာ ခင်ပွန်းရှေ့မှာအပါအဝင် ၂ ရက်ဆက်တိုက် ၅ ကြိမ် အဓမ္မပြုကျင့်ခဲ့ရတာပါ။

သမဂ္ဂအဖွဲ့ဝင် ခရုက “အဲဒီစစ်တပ်ဝင်လာချိန်မှာ သူ့အမျိုးသားကလည်း ဆီးချိုသွေးတိုးကြောင့် ခြေထောက်နှစ် ဖက်စလုံးမကောင်းတော့ မပြေးနိုင်တော့ သူနဲ့ သူ့အမျိုးသားတို့ကကျန်ခဲ့တာ။ စစ်တပ်ကလည်း နေလို့ရတယ်။ ဘာမှမလုပ်ဘူး ဆိုပြီး ပြောတယ်တဲ့၊ အဲဒါ သူ့အမျိုးသားကို သေနတ်နဲ့ ချိန်ပြီးတော့ အမျိုးသားရှေ့မှာပဲ rape လုပ်ခဲ့တာ၊ အရင်တုန်းကတည်း စစ်တပ်ဆိုတာ ဖက်စစ် စစ်တပ်ဆိုတဲ့အတိုင်း ပြည်သူတွေကို အရက်စက်ဆုံး အယုတ်ညံ့ဆုံး လုပ်နေကြတာပဲ” လို့ ပြောပါတယ်၊

 “ဒါ အတော်ရက်စက်လွန်းတယ်၊ အခုဆို အဲဒီအဘွားရဲ့ အမျိုးသမီးကိုယ်က သွေးတွေရွှဲလို့ ခန္ဓာကိုယ်အောက် ပိုင်းက လမ်းတောင်မလျှောက်နိုင်တော့ဘဲ အောက်ပိုင်းသေသလိုဖြစ်နေတယ်၊ အခုဆေးခန်းပြ ပိုးသတ်ဆေးတွေ သောက်ပြီး လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တဲ့အခြေအနေတောင်ဖြစ်နေတယ်။ အရမ်းကိုလည်း ကြောက်နေတယ်။ ထမင်းလည်းမစားနိုင်ဘူး တော်တော်လေးကို ဆိုးပါတယ်။”

ဒီလို ဖြစ်ရပ်တွေကြောင့် စစ်ကောင်စီရဲ့ စစ်ကြောင်းတွေ ဝင်လာချိန်ဆို ကျေးရွာအတွင်းမှာ လူငယ်လူကြီးမကျန် အကုန်လုံးမိုးထဲရေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်၊

Source – DVB

၈၈ မျိုးဆက်တာဝန်ခံ ဒေါ်ရီဆွေနဲ့ ရွှေဘို ပကဖ ခေါင်းဆောင် ၆ ဦးအား TNLA မှ ဖမ်းဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတာဝန်ခံ ဒေါ်ရီ ဆွေနဲ့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က အရေးပါတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ခေါင်းဆောင် ၆ ယောက်ကို  တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က နမ္မတူမြို့မှာ ဇွန် ၁၇ ရက်က ထိန်းသိမ်းထား တယ်လို့  ဒေသခံတွေက  ပြောပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်သူက “ဒေါ်ရီဆွေနဲ့ ရွှေဘိုပကဖ ၆ ယောက်ကို TNLA က ဖမ်းချုပ်ထားတာ ဒီနေ့နဲ့ ဆို  ၁၀ ရက်ရှိပြီ။  ဘာကြောင့်ဖမ်းလဲဆိုတော့ ဒေါ်ရီဆွေတို့ရဲ့ကားပေါ်မှာ ပိုက်ဆံသိန်းရာနဲ့ချီ ပါလာတာကိုတွေ့ တော့ မသင်္ကာလို့ ဖမ်းလိုက်တာပဲ။ အဲ့ဒီငွေတွေက ရွှေဘိုပကဖတွေ Star Link နဲ့ ကားဝယ်ဖို့ ငွေတွေ။ TNLA က ကန့်သတ်ထားတဲ့ပစ္စည်းဆိုလို့ ဘာတခုမှ ကားပေါ်မှာ မပါဘူး”လို့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်ရီဆွေဟာ နိုင်ငံရေးနဲ့ ပြည်သူအကျိုးကို စဉ်ဆက်မပြတ်လုပ်ဆောင်ခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းတာကို ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြရာမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့လို့ စစ်ကောင်စီက သူ့ရဲ့နေအိမ်ကို ချိတ်ပိတ်ခဲ့ ပါတယ်။ လက်ရှိ ကျောက်မဲခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှာလည်း တာဝန်ယူဆောင်ရွက်နေသူဖြစ် ပါတယ်။

Source – DVB

ရွာစဉ်မီးရှို့နေတဲ့စစ်တပ်က အပြစ်မဲ့အမျိုးသမီးတွေအပါအဝင် ပြည်သူ ၁၆ ဦးကို ဖမ်းဆီးခေါ်သွား

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာကို နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်တပ်က ဒေသခံပြည်သူ ၁၆ ဦးကို ဖမ်းဆီး ထားကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၃ ရက်က ငလှစမ်းရွာမှ ကိုရဲမောင်နဲ့ ညီမဖြစ်သူတို့ ထောက်ကြန့်အုပ်စု၊ ဘန့်ဘွေးပင်ရွာဘက်သို့ တိမ်းရှောင်လာ စဉ် စစ်ကြောင်းနဲ့တိုးကာ ရိုက်နှက်ဖမ်းဆီးခံခဲ့ရပါတယ်။

ဇွန် ၂၄ ရက်မှာလည်း မီးရှို့တာမလောင်ဘဲ ကျန်ခဲ့တဲ့အိမ်တွေကို ထပ်မံမီးရှို့ပြီးနောက် အပြစ်မဲ့ ပြည်သူ ၁၄ ဦးကို ဖမ်းဆီး သွားတာဖြစ်ပါတယ်။

စစ်တပ်က ဖမ်းဆီကာ ငလှစမ်းရွာဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းခံရသူတွေထဲ ဦးမြအေး၊ ကိုစိန်မြင့်ထွန်း၊ မခိုင်မိုး၊ ကိုဇော် ဝင်း၊ ဒေါ်ခင်ခင်အပါအဝင် စုစုပေါင်း ၁၄ ဦးပါ။

‎ Source – People’s Spring

ဝါးတရာစက်မှုဇုန်ရှိ True Green City စက်ရုံက ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်ထုတ်ခံရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်ရှိ True Green City စက်ရုံမှာ အလုပ်က အတင်းအကျပ် ထွက်ခိုင်းတဲ့ အပေါ် ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်က  အလုပ်သမားရုံး တိုင်တဲ့အတွက် ထုတ်ပယ်ခံရတယ်လို့ Solidarity of Trade Union Myanmar က ဇွန် ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဇွန် ၁၇ ရက် ညနေ ၃ နာရီလောက်မှာ အလုပ်လုပ်နေချိန် မန်နေဂျာက ရုံးခန်းခေါ်ပြီး ကိုယ်ဝန်ရှိနေတာကြောင့် နုတ်ထွက် စာမှာ လက်မှတ်ထိုးပေးဖို့ အတင်းအကျပ်ခိုင်းစေခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် စက်ရုံမှာရှိတဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းကို သွားရောက်အကူအညီ တောင်းခံခဲ့ပြီး စက်ရုံ မန်နေဂျာနဲ့ ပြန်လည်ဆွေးနွေးရာမှာ မန်နေဂျာက ကိုယ်ဝန်ရှိနေတာကြောင့် သုံးလပဲဆက်လုပ်ခွင့်ပေးတော့ မယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ဇွန် ၂၃ ရက် မနက် ၈ နာရီခွဲလောက်မှာ မန်နေဂျာက ရုံးခန်းကို ထပ်မံခေါ်ပြီး အလုပ်သမားရုံးကို သွားတိုင်ထား တယ်ဆိုတာကြောင့် စက်ရုံဝန်ထမ်း ကိုယ်ဝန်ဆောင် အမျိုးသမီးကို ဆက်လုပ်ခွင့်မပေးတော့ဘဲ အလုပ်ထုတ်ပစ်ခဲ့တာဖြစ် ပါတယ်။

အခုလို အလုပ်ထုတ်ပယ်မှုကြောင့် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းခွင်မှာ ကိုယ်ဝန်ဆောင် အလုပ်သမားတွေရဲ့ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်မှုတွေနဲ့ သက်ဆိုင်တဲ့စိုးရိမ်မှုတွေကို မြင့်မားစေခဲ့ပါတယ်။

‎ Source – DVB

ကမမောင်းမြို့အနီးတဝိုက်မှာ အမျိုးသမီး လေးဦးအပါအဝင် မိုင်းကြောင့် ထိခိုက်သူများလာ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန်ခရိုင် ကမမောင်းမြို့ဝန်းကျင်မှာ မိုင်းကြောင့်ထိခိုက်သူ များလာ တယ်လို့ ကမမောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဇွန်လအတွင်း တောထဲရာသီပေါ်မျှစ်ရှာ၊ အင်ဥကောက်နေတဲ့ ဖားဘောင်ရွာမှ အမျိုးသမီးတစ်ဦးလည်း တိုက်မိုင်း ကြောင့် လက်နဲ့ပေါင်မှာ ကြေမွပျက်စီးသွားခဲ့ရပါတယ်။ နောက် အမျိုးသားနှစ်ဦးကတော့ နင်းမိုင်းထိပြီး ခြေ ထောက်ပြတ်သွားခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီလကလည်း ကမမောင်းမြို့လယ်ခေါင်ရှိ လူအများအပန်းဖြေရာနေရာမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေး ငယ် ၃ ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ထိခိုက် ဒဏ်ရာတွေရရှိခဲ့ပါတယ်။

ကမမောင်းမြို့အနီးဝန်းကျင်ဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်ပေမယ့် နယ်ခြားစောင့်တပ်-BGFနဲ့ စစ်ကောင် စီတွေပါ လှုပ်ရှားနေတဲ့နယ်မြေဖြစ်တာကြောင့် ဘယ်အဖွဲ့က ထောင်ထားတဲ့မိုင်းဆိုတာကို အတည်ပြုလို့မရပါ။

ကေအဲန်ယူ၊ တပ်မဟာ(၅) တာဝန်ရှိသူတွေက ဖာပွန်-ကမမောင်းလမ်းပိုင်းတစ်လျှောက် မြေမြှုပ်မိုင်းတွေရှိတာ ကြောင့် အရပ်သားသွားလာခွင့်ကန့်သတ်ထားပြီး KNLA က မိုင်းရှိတဲ့နေရာတွေကိုလည်း ဒေသခံတွေထံ အသိ ပေးတားမြစ်ထားတာဖြစ်ပါတယ်။

‎Source – ကေအိုင်စီ

တပ်ကြပ်ကြီး အောင်ဝင်းကိုအား လက်နက်တွေနဲ့အတူ တောင်သာ ပကဖ ရဲမေအဖွဲ့က ဖမ်းဆီး

မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ်မှာ သောက်စားမူးယစ်ပြီးထွက်လာတဲ့ တပ်ကြပ်ကြီး အောင်ဝင်းကို (တ-၄၈၃၂၄၃) ဖြစ်ပြီး MA1 လက်နက် ၁ လက်၊ ၅.၅၆ ကျည်အတောင့် ၂၅၀ တို့နဲ့အတူ တောင်သာ ပကဖ ရဲမေအဖွဲ့က အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တောင်သာမြို့နယ်ပကဖ)ထံမှ သိရပါတယ်။

တောင်သာမြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ခံက “ရဲမေအဖွဲ့က လက်နက်ခဲယမ်းတွေနဲ့အတူ အရှင်ဖမ်းမိသူ က တပ်ကြပ်ကြီးအဆင့်ရှိသူဖြစ်ပါတယ်။ မလှိုင်မြို့ပေါ်က စားသောက်ဆိုင်တဆိုင်မှာ သောက်စားမူးယစ်သောင်း ကျန်းပြီး အပြင်ကိုကွမ်းယာထွက်ဝယ်တဲ့အချိန်မှာ ကျနော်တို့ရဲမေအဖွဲ့က သတင်းအရ ပြောက်ကျားအသွင်ယူ ပြီး ကြိုတင်စောင့် ဆိုင်းဖမ်းဆီးနိုင်ခဲ့တာပါ”လို့ ပြောပါတယ်။

Source – DVB

သံသယဖြစ်ဖွယ်သေဆုံးသွားတဲ့ အိုမန်နိုင်ငံရောက် မြန်မာအိမ်အကူအမျိုးသမီး

အိုမန်နိုင်ငံက အိမ်ရှင်တွေနဲ့ ဘီရိုရွေ့ရင်း သေဆုံးခဲ့ရတဲ့မြန်မာအိမ်အကူအမျိုးသမီး Mai Thian Nei Rem (၂၂နှစ်)ရဲ့ သေဆုံးမှုဟာ သံသယဖြစ်ဖွယ်ရှိနေပါတယ်။

အိမ်အကူအမျိုးသမီးဟာ ဧပြီလ ၂၆ ရက်မှာ အိမ်ရှင်နဲ့အတူ ဗီရိုရွှေ့ရင်း ဖိမိကာ အူတွေထွက်သွားတဲ့အတွက် ဆေးရုံကို ရောက်သွားခဲ့ပါတယ်။ ဆေးရုံရောက်တဲ့အချိန်မှာ အသည်းနဲ့ ကျောက်ကပ်ပျက်စီးသွားလို့ သေဆုံး တာဖြစ်ကြောင်း သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဇွန်လ ၂ ရက်က ဖော်ပြထားပါတယ်။

သူသေဆုံးတဲ့ရက်ဟာ ဇွန်လ ၂ ရက်မဟုတ်ဘဲ မေ ၃၀ ရက်လို့သိရပြီး ဗီရိုဖိမိလို့ ချက်ချင်းသေဆုံးတာမဟုတ်ဘဲ ဆေးရုံမှာ တစ်လကျော်ကြာ ဆေးကုသမှုခံယူခဲ့သေးတယ်လို့ ပြန်လည်သိရှိတာဖြစ်ပါတယ်။

Mai Thian Nei Rem နဲ့ဝမ်းကွဲတော်စပ်သူ လက်ရှိအိုမန်နိုင်ငံမှာ အိမ်အကူလုပ်နေသူတစ်ဦးက“တကယ်တမ်း တော့ ဧပြီလ ၂၆ ရက်မှာ သူဆေးရုံရောက်နေပေမယ့် ဘယ်သူမှမသိကြဘူး။ ဆေးရုံရောက်ရောက်ချင်း ICU မှာ ထားတယ်။ မေ ၂၈ ရက်မှာ သူနေမကောင်းဖြစ်တဲ့အကြောင်းကြားတော့ ဘာဖြစ်တာလဲလို့ အိမ်ရှင်နဲ့ အိုမန်က အေဂျင်စီတွေပြန်မေးတဲ့ချိန်မှာ တစ်ယောက်မှ စာမပြန်ကြဘူး။ သူဆုံးတာက မေ ၃၀ ရက်မှာ ကျမတို့သိတာက ဇွန်လ ၂ ရက်နေ့မှသိတာ။ သူ့အိမ်ရှင်အမျိုးသားကိုလည်းပြောတယ်။ တစ်လကျော် ဆေးရုံတက်နေတာတောင် ဘာလို့မပြောတာလဲမေးတော့ ဒါအေဂျင့်တွေရဲ့ တာဝန်လေလို့ပဲ ပြန်ဖြေတယ်။ သူတစ်ယောက်ထဲခံစားနေမှာ မသနားဘူးလား။ ဘာလို့ ကျမကိုမပြောတာလဲ။ အသိပေးတာ အရမ်းခက်လို့လာ။ ခင်ဗျားတို့ဖုန်းနဲ့ပဲ အိမ်က မိဘတွေကိုစကားပြောနေတာပဲလို့ပြောတော့ သူဘာမှပြန်မပြောဘဲ ငြိမ်နေတယ်။ လိုအပ်ရင် ရွာကိုခေါပြီး တတ်နိုင်သလောက်ပြုစုမယ်။ သူဆုံးရင်လည်း စိတ်ကျေနပ်တယ်။ ဘီရိုဖိလို့ ချက်ချင်းသေဆုံးတာမဟုတ်ဘူး။ အလောင်းတောင် အနံ့ထွက်နေပြီ။ သူ့အဖေလည်း စစ်ကောင်စီက ပစ်သတ်လို့ ၈ရက် ကြာမှပြန်တွေ့တော့ ရင် ထုမနာဖြစ်ကြတယ်။ အခုသူ့သမီးလည်း ဒီလိုဖြစ်သွားတော့ ရင်ကွဲတာပေါ့”လို့ ပြောပါတယ်။

Mai Thian Nei Rem (၂၂နှစ်)ဟာ ကလေးမြို့နယ်၊ အနောက်စံသာကျေးရွာကနေ ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် အိုမန်နိုင်ငံသို့ရောက်ရှိခဲ့ပြီး ၎င်းတို့ မွေးချင်း ၄ယောက်အနက် ဒုတိယမြောက်ဖြစ်တယ်လို့သိရတယ်။

‎Source – Zalen

ရခိုင်မှာ တစ်လင် တစ်မယားစနစ် ဥပဒေကို ULA/AA က ဖျက်သိမ်းထားဟုဆို

အာရက္ခတပ်တော် AA ၏ တရားရုံးအချို့တွင် တစ်လင်တစ်မယားစနစ် ဥပဒေအား ကျင့်သုံးခြင်းမရှိကြောင်းနှင့် အိမ်ထောင်ရေး ဖောက်ပြန်မှုများအား တိုင်ကြားလာသော်လည်း လက်ခံဖြေရှင်းပေးခြင်း မရှိကြောင်း AA တရားရုံးနှင့် နီးစပ်သူများနှင့် ဒေသခံ အမျိုးသမီးများက ပြောသည်။

AA တရားရုံးအချို့က တစ်လင်တစ်မယားစနစ် ဥပဒေအား လက်ခံကျင့်သုံးခြင်းရှိမရှိနှင့် ဖျက်သိမ်းထားခြင်း ရှိမရှိကို Western News မှ ၃ ပတ်ကြာ စုံစမ်းခဲ့ပြီးနောက် စစ်ဒေသများဖြစ်သော ဗီတာ – ၁၊ ဗီတာ – ၂၊ အာလဖာ – ၁ နှင့် အာလဖာ – ၃ စစ်ဒေသများတွင် တစ်လင်တစ်မယားစနစ် ဥပဒေအား ဖျက်သိမ်းထားသည်ကို တွေ့ရှိခဲ့ရသည်။

အမျိုးသားတစ်ဦးသည် တရားဝင် အမျိုးသမီး ရှိပါလျှက် အခြားအမျိုးသမီးများကို တရားဝင် ယူခွင့်ရှိပြီး နစ်နာ သူ အမျိုး သမီးဖြစ်သူက ULA/AA တရားရုံးများက တရားစွဲလျှင် အမှုအား လက်ခံခြင်းမပြုကြောင်း နစ်နာသူ အမျိုးသမီးများကို Western News က မေးမြန်းခွင့် ရရှိခဲ့သည်။

AA တရားရုံးနှင့် နီးစပ်သူ ၃ ဦး(ရှေ့နေများပါဝင်)၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၅ ဦးနှင့် အမျိုးသားအိမ်ထောင်ရေး ဖောက်ပြန် မှုကို ရင်ဆိုင်နေရသော အမျိုးသမီး ၃ ဦး၊ ဒေသခံ လူ့အခွင့်အရေးလှုပ်ရှားသူအချို့အား မေးမြန်းခွင့်ရ ခဲ့ပါသည်။

တစ်လင်တစ်မယား ဥပဒေမှာ မြန်မာဥပဒေ (ပြည်မဥပဒေ) တစ်ခုဖြစ်သည့် အကြောင်းပြချက်ဖြင့် AA တရားရုံး များက လက်ခံကျင့်သုံးခြင်း မရှိကြောင်းနှင့် ယင်းဥပဒေအစား နောက်ထပ် အစားထိုး ဥပဒေကိုလည်း ပြဋ္ဌာန်း ထားခြင်းမရှိကြောင်း အမည်မဖော်လိုသည့် AA ရှေ့နေတစ်ဦးက ပြောသည်။

“တစ်လင်တစ်မယား ဥပဒေကို ဖျက်သိမ်းထားတယ်ဆိုတာ ဟုတ်ပါတယ်။ အဓိကတော့ မြန်မာဥပဒေဖြစ်လို့ပေါ့ နော်။ ဒီဥပဒေနေရာမှာ နောက်ထပ် အစားထိုးထားတာမျိုး မရှိသေးပါဘူး။ တစ်လင်တစ်မယား ဥပဒေနဲ့ တရားစွဲ လာရင်းလည်း တရားရုံးက လက်မခံပါဘူး” ဟု ၎င်းက ဆိုသည်။

အိမ်ထောင်ရေး အရှုပ်အရှင်းများမှ ကာကွယ်ရန်နှင့် အမျိုးသမီးများ တရားမဝင် မယားအဖြစ်မှ ကာကွယ်နိုင်ရန် မြန်မာ နိုင်ငံမှာ တစ်လင်တစ်မယားစနစ် သို့မဟုတ် ထိုဥပဒေအား ပြဋ္ဌာန်းထားသည်။

အကယ်၍ တရားဝင် အမျိုးသားက မိန်းမရှိလျှက်နှင့် နောက်ထပ် တိမ်းမြားခြင်း သို့မဟုတ် တိတ်တိတ်ပုန်းများ ထားရှိပါက ထိုသူကို တစ်လင်တစ်မယားဥပဒေအရ ၁၀ နှစ်ထက်မပိုသည့် ထောင်ဒဏ်ကို ချမှတ်နိုင်ခြင်းနှင့် ပိုင်ဆိုင်မှုများလည်း ဆုံးရှုံးရနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

AA ထိန်းချုပ်ထားသည့် ရခိုင်ပြည်ထဲက မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင် စသည့်မြို့ နယ်များတွင် တရားရုံးများ၌ တစ်လင်တစ်မယား ဥပဒေအား လက်ခံကျင့်သုံးခြင်းမရှိသည်ကို စုံစမ်းသိရခြင်းဖြစ်သည်။

ULA/AA က စစ်ရေးနှင့် တိုက်ခိုက်ရေးမှာ အလွန်တော်သော်လည်း ပြည်သူ့အုပ်ချုပ်ရေးပိုင်းတွင် အားမရ ကြောင်း ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောသည်။

“ULA/AA က စစ်ရေး၊ တိုက်ခိုက်ရေးတွေမှာ တော်ပေမယ့် ပြည်သူ့အုပ်ချုပ်ရေးပိုင်းမှာတော့ မတော်ဘူး။ အားမရဘူး။ ပြောရရင် တရားစီရင်ရေးပိုင်းတွေမှာ ငွေမျက်နှာလိုက်တာကို မကြိုက်ဘူး။ အခုလည်း တစ်လင်တစ်မယားဥပဒေကို ဖျက်သိမ်းတယ်လို့ကြားတော့ တော်တော်လေးကို ရင်လေးမိတယ်။ အမှန်တကယ် တစ်လင်တစ်မယားဥပဒေကိုသာ ဖျက်သိမ်းလိုက်တယ်ဆိုရင် အမျိုးသမီးတွေအတွက် မတွေးရဲစရာပဲ။ နောက် ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေ၊ ပဋိပက္ခတွေကို မစဉ်းစားရဲဘူး။ နဂိုကတည်းကမှ အမျိုးသမီးတွေက နစ်နာနေရတာ။ ဒီဥပဒေသာ မရှိလို့ကတော့ အမျိုး သမီးတွေမှာ လင် ၃ ယောက်ဖြစ်လိုက်၊ ၄ ယောက်ဖြစ်လိုက် မတွေးရဲစရာပဲ။ ပြီးတော့ ရခိုင်လူမျိုးတွေရဲ့ တန်ဖိုးထားတဲ့ ဘိုးဘွားစဉ်လာ ထိန်းသိမ်းလာတဲ့ စံနှုန်းတွေကို ချိုးဖောက်သလိုဖြစ်မယ်။ အမျိုးသမီးတွေ အရင်နစ်နာကြမယ်။ ဒီဥပဒေကို ဖျက်ဖို့အတွက် ULA/AA အနေနဲ့ ဥပဒေသစ် ပြဋ္ဌာန်းဖို့လိုတယ်။ နည်းဥပဒေ ပြဌာန်းဖို့တယ်။ ဒါတွေမရှိဘဲ ဖျက်လိုက်တယ် ဆိုတာက တရားစီရင် ရေးက ဘယ်လောက်ဆိုးရွားနေလဲဆိုတာ ပေါ်လွန်သွားတာပေါ့” ဟု ပြောသည်။

ULA/AA အနေဖြင့် တစ်လင်တစ်မယားစနစ် ဥပဒေအား ဖျက်သိမ်းထားခြင်းနှင့် တရားရုံးများက လက်ခံ ကျင့်သုံးခြင်းမရှိ သည်မှာ အချိန်အားဖြင့် ၃ လထက်မနည်း ကြာမြင့်နေပြီဖြစ်ကြောင်း သိရပါသည်။

Source – Western News

နမ့်ဆန်မှာ မိုးရွာမြေပြိုလို့ အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးသေဆုံး

တအာင်းဒေသ နမ့်ဆန်မြို့ ဇယန်းကြီးရပ်ကွက်(၈) ဟိုချောင်းသွားတဲ့ကားလမ်းမှာ မြေပြိုလို့ သားအဖ နှစ်ဦးသေ ဆုံးခဲ့သလို အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးလည်း ထပ်မံသေဆုံးခဲ့ရပါတယ်။ 

‎ဇွန်လ ၂၆ ရက် မနက် ၃ နာရီဝန်းကျင်မှာ ကားလမ်းဘေးရှိ နေအိမ်တစ်ခုအပေါ်ကို မြေပြိုပိတာကြောင့် နေအိမ်ထဲ အိပ်နေတဲ့ ကိုညွှန့်ဝင်းနဲ့ ၂ နှစ်အရွယ်ကလေးငယ်တို့ သေဆုံးခဲ့ရပြီး ပြိုကျမြေပိလို့ အသက် ၆၅ နှစ် အရွယ်အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးသေဆုံးခဲ့ရတာဖြစ်ပါတယ်။

‎မိုးဆက်တိုက်ရွာနေတာကြောင့် နမ့်ဆန်မြို့က လူထုတွေအနေနဲ့ လျှိုမြောင်းနဲ့ မြေနိမ့်ပိုင်းတွေမှာ မနေထိုင်ကြဖို့နဲ့ မြေပျော့ တဲ့ ကမ်းပါးဘေးမှာ ကပ်နေဖို့ မသင့်ဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

‎Source – ရွှေဖီမြေ            

ဘိန်းဖြူတွေသယ်လာတဲ့မြန်မာအမျိုးသမီးတစ်ဦးကို မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၊ တာဟန်းရပ်ကွက်မှာ နေထိုင်တ့ အသက် ၃၇ နှစ်အရွယ် ခရီးသွားအမျိုးသမီးတစ်ဦး ထံမှ ဘိန်းဖြူတွေကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်းမြို့မှာ ရဲတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ် ပြည်က Bengvarna  Media ရဲ့သတင်းဖော်ပြချက်အရ သိရပါတယ်။

အိန္ဒိယ – မြန်မာနယ်စပ်မြို့ ကျန်ဖိုင်းမြို့ကနေ ပြည်နယ်မြို့တော် အိုင်ဇောလ်မြို့သို့ ပြေးဆွဲတဲ့ ကားတစ်စီးကို khankawn စစ်ဆေးရေးဂိတ်မှာ ရှာဖွေစစ်ဆေးရာမှာ အမျိုးသမီးရဲ့ ကိုယ်ခန္ဓာ ချိုင်းနဲ့ ခါးကြားမှာ ဖွက်ထားတဲ့ ဘိန်းဖြူ ဆပ်ပြာခွက် ၄ ခွက်ကို ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဇွန်လ ၂၄ ရက်မှာ ထုတ်ပြန်ထား ပါတယ်။

‎Source – Chin World

မတ္တရာနဲ့ စဉ့်ကူးအစပ် ဆေးရုံဗုံးကြဲခံရလို့ ကိုယ်ဝန်ဆောင်တဦးသေဆုံးပြီး ၁၂ ဦးခန့် ဒဏ်ရာရ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်အစပ်ရှိ မေတ္တာနန္ဒဆေးရုံ (ရက်ကန်းစင်) ဆေးရုံကို တံတားဦး ဘက်မှ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုင် ဗုံးကြဲခဲ့လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ထားပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ မတ္တရာမြို့နယ် ဆည်တော်လမ်းခွဲကျေးရွာမှ ဆေးရုံသို့ မီးဖွားဖို့လာရောက်သူဖြစ် ပြီး ဗုံးကြဲမှုကြောင့် အခြားအမျိုးသမီးတဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဆေးကုသနေသောပြည်သူ ၁၁ ဦး ဒဏ်ရာတွေရရှိခဲ့တာဖြစ်ပါတယ်။ ဗုံးဒဏ်ကြောင့် ဆေးရုံရဲ့သားဖွားမီးယပ်ဆောင်အပါအဝင် အဆောက်အအုံ ၃ လုံးပျက်စီးခဲ့ရပါတယ်။

ဆေးရုံပါမကျန် ဗုံးကြဲတိုက်ခိုက်လာတာကြောင့် ပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ဝေးရာနေထိုင်ကြဖို့နဲ့ လေကြောင်း ရန်ကာကွယ်နိုင်ရေး ဗုံးခိုကျင်းတွေတူးထားကြဖို့ ပြင်ဦးလွင်ခရိုင် ပကဖ က အသိပေးထားပါတယ်။

 Source – ဧရာဝတီ

ကျောက်မဲမှာ ဗုံးကြဲခံရလို့ စစ်ရှောင်အမျိုးသမီးနှစ်ဦးအပါအဝင် လေးဦးသေဆုံး

တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မှု ကြောင့် စစ်ရှောင်အမျိုးသမီးနှစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့ပါတယ်။ 

သေဆုံးသူ ၄ ဦးကို လူမှုကူညီရေးအသင်းတွေက ဒီနေ့ ဇွန်လ ၂၅ ရက်နေ့လည်ပိုင်းမှာ မီးသဂြိုလ်ပေးခဲ့ပြီး သေဆုံးသူတွေ ထဲက ၂ ဦးဟာ ခန္ဓာကိုယ်အပိုင်းအစကို လိုက်ရှာဖွေကောက်ယူခဲ့ရတယ်လို့ လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။

ဇွန်လ ၂၄ ရက်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လူနေထူထပ်တဲ့ ကျောက်မဲမြို့ပေါ် ရပ်ကွက် ၇ နဲ့ ရပ်ကွက် ၃ ကို စစ်တပ်က ဂျက်လေယာဉ်နဲ့ နှစ်ကြိမ်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၄ ဦး သေ ဆုံးပြီး ကလေးငယ် တွေအပါအဝင် ၁၄ ဦးထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

‎ Source – ရွှေဖီမြေ

တီးတိန် ဆင်စခန်း ဗုံးကြဲခံရလို့ ဆင်ထိန်းတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ခိုင်ကမ်းမြို့ နဲ့ ၅ မိုင်ခန့်အကွာရှိ ခိုင်ကမ်းဆင်စခန်းကို စစ်တပ်မှ လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အသက် ၁၆ နှစ် အရွယ် ဆင်ထိန်းလူငယ်တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးလည်း ပြင်း ထန်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

“ကလေးမြို့ သွားဖို့က ဂိတ်ပိတ်မယ့်အချိန် ဖြစ်တော့မှာမို့ အလောင်းနဲ့ လူနာကို ပိမ်းပိရွာဘက် ပို့လာခဲ့တယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးက ခြေထောက်မှာ ကျည်စတွေ ကျန်နေလို့ ကလေးပြည်သူ့ဆေးရုံကို ပို့ဖို့ ရွာသားတွေက ထမ်းစင်နဲ့ ကားလမ်း ကောင်းတဲ့နေရာထိ လိုက်ပို့ပေးနေတယ်” လို့ ဒေသခံရွာသား တစ်ဦးက ပြောပါတယ်။

ချင်းတောင်ခြေရှိ အပန်းဖြေစခန်း တစ်ခု ဖြစ်သည့် ခိုင်ကမ်းဆင်စခန်းဟာ ခိုင်ကမ်းမြို့ ကနေ ၅ မိုင်ခန့် အကွာ ဆည်ကြီး ချောင်း ခေါ် ကွဲချောင်းကူး ကြိုးတံတား အနီးမှာ ရှိပြီး နိုင်ငံရေး ပဋိပက္ခမဖြစ်ခင် အလည်အပတ်များခဲ့ တဲ့အထင်ကရနေရာ တစ်ခုဖြစ်ပါတယ်။

‎ Source – Chin World

မော်ချီးဒေသ ဗုံးကြဲခံရလို့  အမျိုးသမီးတွေအပါအဝင် ပြည်သူ ၂၀ ဦးထက်မနည်းထိခိုက် သေဆုံး

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲရာ အမျိုးသမီးတွေ အပါအဝင် ပြည်သူ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးသူတွေရှိကြောင်း စစ်ရှောင်အရေးကူညီနေသူတချို့ထံမှ သိရပါတယ်။

“ခဲကျင်းနဲ့ ကုန်စုံဆိုင်ပေါ်ကျတော့ အထိအခိုက်များခဲ့တယ်။ တိုက်ပွဲဖြစ်နေတာက ဖားဆောင်းဖက်လာကြဲတာက မော်ချီးခဲကျင်းဝင်နေကြတဲ့အချိန်၊ အလုပ်တွေလုပ်နေကြတဲ့အချိန်ဆိုတော့ အထိအခိုက်များတယ်”လို့ မြို့ခံတစ် ဦးက ပြောပါတယ်။

စစ်တပ်က တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို ဗုံးကြဲတာမဟုတ်ဘဲ ပြည်သူတွေရှိတဲ့နေရာကို အကြောင်းမဲ့တိုက် ခိုက်လာတာဖြစ်တယ်။ ဒီအတွက် ပြည်သူတွေအနေနဲ့ လေယာဉ်သံနားစွင့် ဂရုပြုနေထိုင်ကြဖို့လည်း သတိပေး နေပါ တယ်။

People’s Spring

Author: