စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီးများသေဆုံးမှုမြှင့်တက်လာ
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို ယခင်လများထက် ပိုမိုအသုံးပြုကာ အကြမ်းဖက်လုပ်ရပ်များ တွင်ကျယ်စွာ ပြုလုပ်နေခြင်းကြောင့် မေလအတွင်း အမျိုးသမီး ၉၂ ဦးသေဆုံးခဲ့တယ်လို့ ဇွန်လ ၆ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ မြန်မာ့အမျိုး သမီးသမဂ္ဂ – BWU ရဲ့ အမျိုးသမီး မှတ်တမ်းနှင့် သုတေသနလုပ်ငန်းစဉ်မှ ပုံမှန်ထုတ်ပြန်ပေးနေတဲ့ အမျိုးသမီးဆိုင်ရာ အချက်အလက်၊ မေလ – ၂၀၂၅ မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် မေလ ၁ ရက်နေ့မှ ၃၁ ရက်အတွင်း အမျိုးသမီး ၉၂ ဦး သေဆုံးခဲ့ရာ လေကြောင်းတိုက်ခိုက်မှူကြောင့် ၈၁ ဦးရှိခဲ့ပါတယ်၊ လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် ၄ ဦး၊ သတ်ဖြတ်ခံရမှု ကြောင့် ၄ ဦး၊ အကျဉ်းထောင်တွင်း ဆေးဝါးကုသခံယူခွင့် မရရှိမှုကြောင့် ၁ ဦး နဲ့ လိင်ပိုင်ဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် ၂ ဦး သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။

အသက်ဆုံးရှုံးခဲ့တဲ့ အမျိုးသမီး ၉၂ ဦးအနက် ၂၉ ဦးမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးများဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးမှ ၄၁ ဦးနဲ့ သေဆုံးမှုအများဆုံးဖြစ်ခဲ့ကာ၊ ရခိုင်ပြည်နယ်မှ ၁၆ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၁၄ ဦးတို့ ပါဝင်ကြ ပါတယ်။
ထို့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီး ၇၀ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၇ ဦး၊ မြေမြုပ်မိုင်းကြောင့် ၃ ဦးနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် ၁ ဦး၊ စုစုပေါင်း အမျိုးသမီး ၈၁ ဦးတို့မှာ လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်ဆောင်လာတာကြောင့် အမျိုးသမီးနဲ့ ကလေးငယ် သေဆုံးသူ အရေအတွက်မှာ ပိုမိုတိုးမြှင့်လာနေပြီး၊ အပစ်အခတ်ရပ်စဲထားတဲ့ ဧပြီလမှာလည်း အမျိုးသမီး ၇၁ ဦးသေဆုံးခဲ့ရပါတယ်။
မတ်လ ၂၈ ရက်က ဖြစ်ပွားခဲတဲ့ ငလျင်ဘေးအန္တရာယ်ကြောင့် ပြည်သူလူထုပေါင်းများစွာ အသက်အိုးအိမ်ပျက်စီးပြီး ဘေးဒုက္ခများရင်ဆိုင်နေရချိန်၊ စစ်ကောင်စီမှ အပစ်အခတ်ရပ်စဲတယ်လို့ နိုင်ငံတကာကို ကြေငြာထားတဲ့အချိန်မှာတောင် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။
“အထူးသဖြင့် အပြစ်မဲ့ကလေးငယ်တွေရှိတဲ့ စာသင်ကျောင်းတွေ အရပ်သားပြည်သူတွေနေတဲ့ နေရာတွေအပေါ် ပစ်မှတ် ထားပြီး လေကြောင်းတိုက်ခိုက်တာတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေ သေဆုံးမှုနှုန်းက တလနဲ့ တလစိုးရိမ်ဖွယ် ကောင်းအောင် မြင့်တက်လာတယ်” လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ – BWU က တွဲဘက်အထွေထွေအတွင်းရေးမှုး – ၁ မဝေဝေ က ပြောပါတယ်။
စစ်အုပ်စုမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းရန်ကြိုးပမ်းချိန်မှ စတင်ကာ လေးနှစ်တာကာလအတွင်း စစ် ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှူများကို နည်းမျိုးစုံနဲ့ ကျူးလွန်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ – BWU ကဆိုပါတယ်။
- အကြမ်းဖက်ခံရမှုတွေနဲ့ ပိုမိုနှုတ်ဆိတ်လာတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ - 24/06/2025
- အရွယ်မတိုင်ခင်ရေးခဲ့ကြတဲ့ သေတမ်းစာ - 22/06/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 21/06/2025