သင့်မိသားစုဘဝသာယာစေဖို့ ဓမ္မတာကျန်းမာရေးစောင့်ရှောက်မှုကို အလေးထားစို့။

ဒေဝီ

       မေလ(၂၈)ရက်နေ့ဟာ Menstrual Hygiene Day – ဓမ္မတာကျန်းမာရေးစောင့်ရှောက်မှု အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့  ရာသီစက်ဝန်း ၂၈ ရက်တာကို ရည်ညွှန်းပြီး ဓမ္မတာလာစဉ်မှာ ကျန်းမာသန့်ရှင်းတဲ့အလေ့အထ ဖြစ်စေဖို့၊ ဓမ္မတာအပေါ် ရှေးရိုးစွဲလွဲမှားတဲ့ အယူအဆတွေ လျော့ကျပြီး ဘေးကင်းစိတ်ချရတဲ့ စီမံမှုတွေ ရရှိစေဖို့၊ ရည်ရွယ်ပြီး ဒီနေ့မှာ အသိပညာပေးလှုပ်ရှားမှုတွေ ပြုလုပ်လေ့ရှိကြပါတယ်။

       အမျိုးသမီးတွေရဲ့ ဓမ္မတာ (သို့မဟုတ်) ရာသီသွေးနဲ့ ပတ်သက်လို့ နိုင်ငံတကာမှာ အယူအဆတွေ၊ အသိအမြင်တွေ တိုးတက်ပြောင်းလဲပြီး ဓမ္မတာလာစဉ် အမျိုးသမီးတွေအတွက် အခွင့်အရေးတွေ ရရှိနေပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ လူမှုစီးပွားအကြပ်အတည်းတွေနဲ့ စစ်ပဋိပက္ခတွေကြောင့်  ဓမ္မတာနဲ့ပါတ်သက်တဲ့  ရှေးရိုးစွဲအယူအဆတွေကို အမျိုးသမီး တွေဟာ ရင်ဆိုင်နေရဆဲ၊ ဓမ္မတာသုံးပစ္စည်းတွေကို လက်လှမ်းမမှီဆဲ ဖြစ်နေရပါတယ်။

      ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာရွှေ့ပြောင်းလုပ်သားတွေ အများစုရှိရာ ထိုင်းနိုင်ငံမှာ အမျိုးသမီးလုပ်သားတွေ ဓမ္မတာလာ တဲ့ရက်၊ ခွင့်ယူရာမှာ လုပ်အားခဖြတ်တောက်ခြင်းမရှိဘဲ အလုပ်နားခွင့်ပေးဖို့၊ ဓမ္မတာသုံးပစ္စည်းများ လုပ်ငန်းခွင်အတွင်း ပံ့ပိုး ပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

      ဒီလိုအမျိုးသမီးလုပ်သားတွေအတွက် ဓမ္မတာလာချိန် အခွင့်အရေးပံ့ပိုးပေးမှုတွေကို ပြည်တွင်းနဲ့ပြည်ပက အမျိုးသမီး အဖွဲ့အစည်းတွေက အားရဝမ်းသာကြိုဆိုခဲ့ကြပါတယ်။

         “အမျိုးသမီးတွေရဲ့ ရာသီသွေးဖြစ်စဉ်က လူသားတွေရဲ့ အရင်းအမြစ်၊ လူသားတွေရဲ့ခွန်အားဖြစ်တဲ့အတွက် ဒီလိုအသိ အမှတ်ပြုမှုကို ကြိုဆိုတယ်”လို့  Sister 2 Sister ရဲ့ ဦးဆောင်အဖွဲ့ဝင် သဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။ 

    သို့သော်လည်း မြန်မာနိုင်ငံက အမျိုးသမီးလုပ်သားတွေမှာတော့ ဓမ္မတာလာချိန် ဓမ္မတာသုံးပစ္စည်းထောက်ပံ့ဖို့၊ အလုပ်နား ခွင့်ရဖို့ဝေးစွ၊ လစဉ်သုံးပစ္စည်းစွန့်ပစ်မိတဲ့အတွက် အမျိုးသမီးအလုပ်သမားတွေ ဓမ္မတာလာမလာကိုတောင် စက်ရုံတာဝန်ရှိ သူက ထမီလှန်ပြီး တန်းစီစစ်ဆေးတဲ့အခြေအနေတွေ ရင်ဆိုင်နေရပါတယ်။

       “မြန်မာနိုင်ငံမှာတော့ စိတ်မကောင်းဝမ်းနည်းစရာပဲ အမျိုးသမီးတွေက ရာသီသွေးလာလို့ ပြစ်ဒဏ်ပေးခံနေရတယ်”လို့ သဉ္ဇာရွန်းလဲ့ရည်ကပြောပါတယ်။

        ကြပ်တည်းလှတဲ့ခေတ်အခြေအနေကြောင့် အစစအရာရာစျေးနှုန်းတွေ ကြီးမြင့်လို့ ချွေတာနေရချိန်  အမျိုးသမီးလစဉ် သုံး pad တွေ၊ ဝယ်ယူဖို့တောင် မတတ်နိုင်တဲ့အတွက် လုပ်ခလစာနည်း အမျိုးသမီးအလုပ်သမားတွေမှာ ဓမ္မတာချိန်ကို အဆင်ပြေသလို ကျော်ဖြတ်ရပါတယ်။ မသန့်ရှင်းတဲ့အခြေအနေတွေမှာ အမျိုးသမီးတွေဟာ ပိုးဝင်တာမျိုးနောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့လည်း ကြုံတွေ့နေရတယ်လို့ အမျိုးသမီးအလုပ်သမားတွေက ပြောပါတယ်။

    လစဉ်သုံးပစ္စည်းစျေးနှုန်းတွေကလည်း အရင်က တစ်ထုတ်ကို ရာဂဏန်းဝန်းကျင်ကနေ အခုထောင်ဂဏန်းဖြစ်လာတော့ ဝင်ငွေနည်းပါးတဲ့ အမျိုးသမီးတွေအတွက် ဒါကို ဦးစားပေးဝယ်ယူသုံးစွဲဖို့ စဉ်းစားရတဲ့အခြေအနေဖြစ်လာတယ်။

      အမျိုးသမီးလစဉ်သုံးပစ္စည်းတွေက တစ်ခါသုံးဂွမ်းထုတ်၊ တစ်ခါသုံးအတွင်းခံဘောင်းဘီ၊ Tampon (လစဉ်သုံးဂွမ်း တောင့်)၊ Menstrual Cup နဲ့ Menstrual disc (ရာသီခံခွက်) စသဖြင့်ရှိပေမယ့် စျေးနှုန်းအရ‌ရော သုံးစွဲမှုနည်းစနစ်ကြောင့် ရော ပြည်တွင်းနေ အမျိုးသမီးအများစုက တစ်ခါသုံးလစဉ်သုံးပစ္စည်းတွေပဲ သုံးစွဲကြတာများပါတယ်။

     အချို့အလုပ်သမားတွေမှာ လစဉ်သုံးပစ္စည်းတွေကိုတောင် အထုတ်လိုက် မဝယ်သုံးနိုင်ဘဲ တစ်ခုချင်းစီဝယ်သုံးကြသလို အချို့တွေက အဝတ်စတွေချုပ်ပြီး အသုံးပြုကြတာတွေရှိတယ်လို့ ရွှေပြည်သာမြို့နယ်က အထည်ချုပ်ဝန်ထမ်းတစ်ဦးဖြစ်သူ မချိုက ဆိုပါတယ်။

     “အခုရေလျှော့သုံးတာတို့၊ တနေ့ကို သုံးခုလောက်ကုန်တဲ့နေရာမှာ တစ်ခု၊ နှစ်ခုလောက်ပဲသုံးတာ၊ တချို့တွေဆို ပိတ်စ အတိုအပြတ်လေးတွေ ဆက်စပ်ချုပ်ပြီး ခံဝတ်တာတို့ လုပ်ကြတယ်”လို့ မချိုက ပြောပါတယ်။

      ဒီလိုလစဉ်သုံးပစ္စည်းကို တစ်ခုတည်းအချိန်ကြာမြင့်စွာသုံးတာ၊ အဝတ်စအဟောင်းတွေ လျှော်ပြီးသုံးတာတွေက ကျန်း မာရေးနဲ့ မညီညွတ်ဘူးလို့ပြောကြပေမယ့် ဝယ်သုံးဖို့ အဆင်မပြေတော့လည်း ရှိတာနဲ့ပဲ သုံးကြရတာလို့ သူကပြောပါတယ်။

    ဒါတွေကြောင့်လည်း ပြည်တွင်းစက်ရုံအလုပ်ရုံတွေက အမျိုးသမီးအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်မှာ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ထောက်ပံ့ဖို့၊ ဓမ္မတာလာစဉ်ကာလမှာ လစာအပြည့်နဲ့ခွင့်ရက်ပေးဖို့၊ အိမ်သာ၊ သောက်ရေ၊ လက်ဆေး ဆပ်ပြာနဲ့ လစဉ်သုံးစွန့်ပစ်ပစ္စည်းတွေကို စွန့်ပစ်နိုင်တဲ့ လုံခြုံတဲ့အမှိုက်ပုံးတွေ ထားရှိပေးဖို့စတဲ့ ရာသီသွေးနဲ့ပတ်သက်တဲ့ ပံ့ပိုး မှုတွေကို တောင်းဆိုနေကြပါတယ်။

     ပုံမှန်ဘဝမှာတောင် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ဝင်ငွေနည်းတဲ့သူတွေသုံးစွဲဖို့ အခက်အခဲရှိနေလို့ စစ်ပဋိပက္ခ ဒေသတွေက အမျိုးသမီးတွေဆိုရင် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုတွေပါရှိနေလို့ ဝယ်ယူဖို့တောင် ခက်ခဲနေပြီး လစဉ် သုံးပစ္စည်းပုံမှန်အသုံးမပြုနိုင်လို့ ပိုဒုက္ခရောက်နေရပါတယ်။

        “ပုံမှန်အားဖြင့်တော့ ရှိတဲ့သူက မျှသုံးကြတယ်၊ ဒါပေမယ့်လည်းအများစုကတော့ ဒီအတိုင်းထဘီအရောင်ရင့်ရင့်ပဲ ဝတ်ပြီး နေလိုက်ကြတာများတယ်လို့ ကရင်နီပြည်နယ်မှာ ရောက်ရှိနေထိုင်နေတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဆုကပြောပါ တယ်။ 

       အများအားဖြင့် ငွေကြေးပြေလည်သူ၊ မြို့ပြမှာနေခဲ့ဖူးသူတချို့သာ ဝယ်ယူသုံးစွဲနိုင်ကြပြီး၊ ဒေသခံစစ်ရှောင်အများစု ကတော့ စစ်ဘေးရှောင်ကူညီသူတွေရဲ့ လှုဒါန်းမှုတွေကြောင့်သာ အသုံးပြုနိုင်တာလို့ သူကဆိုတယ်။

   “စစ်ရှောင်ချင်းတောင် အခြေအနေမတူကြဘူး၊ တချို့က စစ်ရှောင်နေရပေမယ့် ဆွေမျိုးအနီးအနားဝန်းကျင်ရှိတော့ အဆင် ပြေသူရှိသလို အများစုကတော့ မတတ်နိုင်ကြဘူး၊ အလှုရှင်မရှိရင် အဆင်မပြေကြဘူး” လို့ မဆုက ဆိုပါတယ်။

         ကျေးလက်ဒေသနဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဒဏ်ခံရတဲ့ဒေသတွေမှာ ရာသီလာချိန် သန့်ရှင်းတဲ့ရေနဲ့ တစ် ကိုယ်ရည်အထောက်အကူပစ္စည်းတွေရဖို့ အမျိုးသမီးတွေ ကြိုးပမ်းရုန်းကန်နေရတယ်လို့ ဂျန်ဒါတန်းတူညီမျှမှု၊ ရာသီသွေး ဆိုင်ရာတန်းတူညီမျှမှုနဲ့ အမျိုးသမီးတွေအတွက် အသိပညာပေးလုပ်ဆောင်နေတဲ့ Purple Feminist Group ရဲ့“မြန်မာ့ရာသီ သွေးဆိုင်ရာ အရင်းအမြစ် လက်လှမ်းမှီနိုင်မှု နည်းပါးခြင်း”ဆိုတဲ့ လေ့လာသုံးသပ်မှုစစ်တမ်းမှာ ဖော်ပြထားပါတယ်။

        ဓမ္မတာလာခြင်းက ကမ္ဘာတဝှမ်းသန်းနဲ့ချီတဲ့ အမျိုးသမီးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လစဉ်ရင်ဆိုင်ရ တဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ၊ စီးပွားရေးမတည်ငြိမ်မှု၊ အသိပညာနည်းပါးမှု၊ သန့် ရှင်းပြီး ကျန်းမာတဲ့လစဉ်သုံးပစ္စည်းများ လက်လှမ်းမမီမှု၊ ရှေးရိုးအယူအဆလွဲကျင့်သုံးမှုတွေကြောင့် ရာသီသွေးဆိုင်ရာ ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးမှာ သိသာထင်ရှားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်တမ်းမှာ ဖော်ပြ ထားပါတယ်။

   မြန်မာနိုင်ငံရဲ့  နိုင်ငံရေးနဲ့ စီးပွားရေးအကြပ်အတည်းတွေကြောင့် လစဉ်သုံးပစ္စည်းတွေမှာ စျေးနှုန်းမြင့်တက်လာတဲ့အပြင် ရရှိနိုင်မှုလည်း ပိုခက်ခဲလာပြီး အထူးသဖြင့် ပဋိပက္ခဒေသတွေနဲ့ ဝေးလံခေါင်ဖျားဒေသတွေမှာ လမ်းခရီး ကြန့်ကြာမှုတွေ ကြောင့် သန့်ရှင်းရေး အထောက်အပံ့ပစ္စည်းများ ရရှိဖို့ အခွင့်အလမ်းပိုနည်းနေတယ်လို့ စစ်တမ်းက ဆိုပါတယ်။

     စစ်ပွဲနဲ့ ပဋိပက္ခတွေကြောင့် ဝေးလံခေါင်ဖျားတဲ့ဒေသ၊ စစ်ရှောင်စခန်းတွေမှာ လစဉ်သုံးပစ္စည်းလဲဝတ်ဖို့နဲ့  စွန့်ပစ်ရေးဆိုင် ရာတွေက လက်ရှိချိန်အထိ ပြဿနာတရပ်ဖြစ်နေပြီး သန့်ရှင်းတဲ့ရေ မရတာကြောင့် ရာသီသွေးသန့်ရှင်းရေး လုပ်ဆောင်ရန် အတားအဆီးများရှိတယ်လို့ ဆိုပါတယ်။

     လစဉ်သုံးပစ္စည်းစျေးနှုန်းတွေအနေနဲ့လည်း အမျိုးအစားပေါ်မူတည်ကာ ငွေကျပ် ၁၀၀၀ မှ ၃၀၀၀ ကျပ်ကြားရှိပြီး အခြေခံ လူတန်းစားများက ၁၀၀၀ ကျပ်ထက် သက်သာတဲ့ထုတ်ကုန်တွေကို ကုန်စျေးနှုန်းမြင့်တက်မှုနဲ့ နိုင်ငံရေးပဋိပက္ခကြား ရှာဖွေ ရန် မလွယ်ကူတဲ့အတွက်  ပြန်လည်လျှော်ဖွတ် အသုံးပြုနိုင်တဲ့ နည်းလမ်းကိုရွေးချယ်အသုံးပြုနေရသလို ရာသီကာလ အိမ် အတွင်းမှာသာနေထိုင်ဖို့သာ ပိုမိုလုပ်ဆောင်နေကြရတယ်လို့ ယင်းစစ်တမ်းမှာ ဖော်ပြထားပါတယ်။       

      ဓမ္မတာလာခြင်းက အမျိုးသမီးတွေ အပျိုဖော်ဝင်ချိန်ကနေ သွေးဆုံချိန်အထိ ကြုံရမယ့် ဇီဝကမ္မဖြစ်စဉ်တခုဖြစ်ပြီး၊ ဓမ္မတာသွေးကနေ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအခြေအနေကို သိနိုင်တဲ့အတွက် ဖုံးကွယ်စရာ၊ ရှက်စရာဆိုတဲ့ အမြင်တွေ   ကို ဖယ်ဖို့လိုတယ်လို့ ကြည့်မြင်တိုင်မြို့နယ်က အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမိုးမိုးက ပြောပါတယ်။

       ဓမ္မတာဆိုတာ သွေးပုတ်တွေဆင်းတယ်၊ နံတယ်၊ ညစ်ပတ်တယ်၊ မသန့်ရှင်းတဲ့အရာဖြစ်တယ်၊ ဒါကြောင့် ရှက်စရာ ကိစ္စဖြစ်တယ်ဆိုတဲ့ အယူဆတွေကြောင့် အမျိုးသမီးငယ်တွေမှာ ကိုယ့်ဓမ္မတာအခြေအနေနဲ့ပတ်သက်လို့ မူမမှန်လည်း အခြားသူတွေကို ပြောပြရမှာ၊ တိုင်ပင်ရမှာ ရှက်ရွံ့တဲ့အတွက် ကျန်းမာရေးအရ မလိုလားအပ်တာတွေ ကြုံရတဲ့  ဖြစ်စဉ် တွေလည်း ရှိခဲ့တယ်လို့ သူကဆိုတယ်။

      “ရာသီမမှန်တာ ရာသီသွေးအရောင်ပြောင်းနေတာ၊ ရက်ကြာကြာသွေးဆင်းတာ စသဖြင့်ပေါ့။ ဒါက ရောဂါလက္ခဏာ တွေလည်း ဖြစ်နေတတ်တယ်၊ ရာသီလာလာတာကို နဂိုကတည်းက ရှက်စရာလို့ သတ်မှတ်ထားတော့၊ အထူးသဖြင့် နယ်က တချို့အမျိုးသမီးလေးတွေ မပြောရဲမဆိုရဲ၊ ဆေးခန်းလည်းမပြရဲဘဲ ဆေးမြီးတိုတွေ စမ်းသောက်ရင်းနဲ့ မရှုနိုင်မကယ်နိုင် ဖြစ်ရော” လို့ သူကပြောပါတယ်။

         ဒါ့အပြင် ဓမ္မတာလာစဉ်ကာလက အမျိုးသမီးတွေအတွက် ‌မိန်းမကိုယ်တွင်းနဲ့ ဆီးလမ်းကြောင်းပိုးဝင်ဖို့ အမြင့်ဆုံး အချိန်အခါဖြစ်တာကြောင့် လစဉ်သုံးပစ္စည်းတွေကိုလည်း သွေးဆင်းပမာဏ အနည်းအများပေါ်မူတည်ပြီး လေးနာရီခြား တစ်ခါ လဲလှယ်သင့်ပါတယ်လို့ ဒေါက်တာမိုးမိုးကပြောပါတယ်။

     အမျိုးသမီးတွေရဲ့ ဓမ္မတာဖြစ်စဉ်က လစဉ်ကြုံတွေ့နေရတဲ့အတွက် ပိုးဝင်ရင် ဆီးလမ်းကြောင်းကတဆင့် ဆီးအိတ်ရောင် ယမ်းတာ၊ ကျောက်ကပ်ပြည်တည်တာတွေ ဖြစ်နိုင်သလို မိန်းမကိုယ်တွင်း မကြာခဏပိုးဝင်ပါက pelvic inflammatory disease လို့ခေါ်တဲ့ ကာလရှည်မိန်းမကိုယ်တွင်း ယောင်ယမ်းနာကျင်ခြင်းများ ကြုံရနိုင်တယ်လို့လည်း သူကဆိုပါ တယ်။

     “မိန်းမကိုယ်တဝိုက်က ရောဂါပိုးမွှားပေါက်ဖွားရာနေရာဖြစ်တဲ့အတွက် pad မလဲလှယ်ဘဲ တာရှည်အသုံးပြုရင် ရောဂါပိုး ဝင်ဖို့ အခွင့်အလမ်းပိုမိုများပြားတယ်”လို့ ဒေါက်တာမိုးမိုးက ပြောပါတယ်။

      တိုးတက်တဲ့နိုင်ငံတွေမှာ အမျိုးသမီးဓမ္မတာသုံးပစ္စည်းတွေကို သက်တောင့်သက်သာဖြစ်အောင်၊ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက်လည်း အဆင်ပြေအောင် ရည်ရွယ်ပြီး ရွေးချယ်သုံးစွဲနေကြပေမယ့် မြန်မာနိုင်ငံမှာတော့ စျေးသက်သာတဲ့ လစဉ် သုံးပစ္စည်းတွေ‌ကို ရှာဖွေသုံးစွဲနေရတုန်းပဲလို့ Fashion Designer တစ်ဦးဖြစ်သူ နွယ်ကလည်း ပြောပါတယ်။

     “မြို့ကြီးတွေမှာတောင် pad တစ်ထုတ်နှစ်ထောင်ကျော်သုံးထောင်ကို ဝယ်မသုံးနိုင်တော့သူတွေရှိတယ်၊ တချို့တွေဆို စျေးပေါတဲ့ အပြေထုတ်လေးတွေ တစ်ခု ၁၀၀ ကျော်ပဲပေးရတာ၊ တံဆိပ်လည်းမပါဘူး၊ စျေးသက်သာလို့ သုံးနေကြတာ”လို့ နွယ်က ပြောပြတာပါ။

      တစ်ခါသုံး ဂွမ်းထုတ်တွေအစား Menstrual Cup (ရာသီခံခွက်) တွေက  တကြိမ်ဝယ်ပြီး နှစ်ကာလရှည် အသုံးပြုနိုင်တဲ့ အတွက် ရေရှည်ကုန်ကျစရိတ်အတွက်လည်း သင့်တော်သလို သက်တောင့်သက်သာရှိတာကြောင့် သုံးစွဲဖို့ အမျိုးသမီးအချင်း ချင်း တိုက်တွန်းကြပေမယ့် အများစုက မိန်းမကိုယ်ထဲ ထည့်သွင်းအသုံးပြုရမှာကို ကြောက်ရွံ့ကြတော့ ဒီအတွက်လည်း ပညာပေးမှုတွေ လုပ်ဖို့လိုမယ်လို့ သူကဆက်ပြောပါတယ်။    

    “အသုံးပြုပြီးရင် ရေဆေးပြီး ပိုးသေအောင် အပူပေးပြုတ်ရတာပဲ အချိန်ပေးရတာ၊ ကျန်အချိန်အရမ်း comfort (သက် တောင့်သက်သာ) ဖြစ်တာ၊ သုံးဖို့ကလည်းပထမအကြိမ်ပဲ နည်းနည်းကသီမယ်၊ နောက်ပိုင်းအသားကျသွားမှာ၊ Cup အသုံးပြု တတ်ဖို့ စနစ်တကျဖြစ်အောင် ပြောပြပေးပြီး တခြားနေရာတွေမှာလည်း အမျိုးသမီးတွေအသုံးပြုနိုင်အောင် ပံ့ပိုးပေးရင် တော့ အဆင်ပြေမယ်” လို့  နွယ်ကပြောပါတယ်။

     ဒါ့အပြင် ဓမ္မတာလာခြင်းနဲ့ပတ်သက်လို့ အသိအမြင်၊ အယူအဆအချို့ပွင့်လင်းလာပေမယ့် အများစုကတော့ ရွံ့စရာ၊ မသန့်ရှင်းတဲ့အရာအဖြစ် သတ်မှတ်တာတွေလည်း ရှိသေးတဲ့အတွက် ဓမ္မတာလာခြင်းက အမျိုးသမီးတစ်ဦးအတွက် ပုံမှန် ဖြစ်စဉ်ပဲဆိုတာ နားလည်သဘောပေါက်အောင် အသိပညာပေးတာတွေ ပိုမိုလုပ်ဆောင်ဖို့လိုမယ်လို့ သူကဆိုပါတယ်။

    ငယ်စဉ်ကတည်းက ဓမ္မတာကိစ္စက တိုးတိုးတိတ်တိတ်ပြောရမယ့်ကိစ္စ၊ မိသားစုထဲမှာတောင်မှ ယောကျာ်လေးတွေ မသိ စေရ၊ တခြားသူမပြောရဆိုတာကို လက်ဆင့်ကမ်းလာကြတာကြောင့်လည်း အများအမြင်မှာ ရှက်ရွံ့စရာလို့ သတ်မှတ်နေကြ ဆဲဖြစ်တဲ့အတွက် ဒီအမြင်တွေလည်းပြောင်းလဲဖို့လိုမယ် သူကဆက်ပြောပါတယ်။

     “အခုနောက်ပိုင်းမှသာ ဓမ္မတာကိစ္စကို သဘာဝဖြစ်စဉ်တခု၊ ရှက်စရာမဟုတ်တဲ့အကြောင်း ပြောတဲ့သူတွေများလာလို့ တချို့တွေက လက်ခံလာကြတာ၊ ငလျင်မှာဆို အမျိုးသမီးအတွင်းခံတွေ၊ လစဉ်သုံးပစ္စည်းတွေလှူဖို့ အမျိုးသားတွေကိုယ် တိုင်က နှိုးဆော်လာတာတွေ ရှိလာတော့ ဒါကောင်းတဲ့အပြောင်းအလဲပဲ၊ များများပြောကြရမယ်” လို့ နွယ်က ပြောပါတယ်။

      အမျိုးသမီးတွေ ရာသီသွေးစီးဆင်းမှုကို ပြစ်မှုသဖွယ်ဆက်ဆံမှုက အမျိုးသားတွေတင်မက အမျိုးသမီးတွေကိုယ်တိုင် ကပါ ရွံ့ရှာစက်ဆုတ်ဖွယ်လို တွေးမြင်လုပ်ဆောင်နေတာတွေလည်း ရပ်တန့်ဖို့လိုမယ်လို့ သဉ္ဇာရွှန်းလဲ့ရည်က သူ့အယူအဆ ကို အခုလိုပြောပါတယ်။

    “အမျိုးသမီးတွေရဲ့ ရာသီသွေးကိစ္စကို အမျိုးသမီးတွေမှ အတူတူမရပ်ဘူးဆို ဘယ်သူမှ မရှိပါဘူးဆိုတာ ပြောချင်တယ်”

Author: