လေကြောင်းတိုက်ခိုက်မှုကြောင့် ရသေ့တောင်မှာ အမျိုးသမီး ၈ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရ
သန့်ရှင်းထွန်း
ရခိုင်ပြည် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေ(ရွာဟောင်း)ကျေးရွာကို ၁၃ရက်နေ့မနက် ၁၀ နာရီလောက်က စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် အမျိုးသမီး ၈ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ အမျိုးသမီးတွေထဲမှာ အသက်နှစ်နှစ်အရွယ် ကလေးတစ်ဦးပါဝင်ခဲ့သလို ဒဏ်ရာရရှိခဲ့သူတွေထဲမှာလည်း အသက် ၁၈ နှစ်အောက် မိန်းကလေးငယ် လေးဦးပါဝင်ခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ်။
“ဘာစစ်ရေးလှုပ်ရှားမှုမှ မရှိပါဘူး။ အရပ်သားတွေ တမင်သေအောင် လာပြီး ဗုံးကြဲတာပါ။ ကျမတို့ ဘယ်လိုနေရမလဲ မသိတော့ပါဘူး။” လို့ သေဆုံးခဲ့တဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ မိခင်က ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီးတွေအပြင် အမျိုးသား နှစ်ဦးသေဆုံးခဲ့ပြီး ခုနစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွာသားတွေ ပေးပို့တဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
အခုလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့အပေါ် မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး မဝေဝေက အခုလိုပြောပါတယ်။
“အရပ်သားများကို တိုက်ရိုက်ပစ်မှတ်ထားတဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး၊ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ပါတယ်။”
ဒီလို ဖြစ်ရပ်ဆိုးတွေ ထပ်မံမဖြစ်ပွားစေဖို့ အတွက်အကြမ်းဖက်စစ်အုပ်စုရဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လူမဆန်စွာ ရက်ရက်စက်စက် နဲ့ လေကြောင်းက တိုက်ခိုက်မှု တွေကို ရပ်တန့်က ရပ်တန့်အောင်နဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာတရားဥပဒေတွေနဲ့အညီ အပြစ်ပေးအရေးယူဆောင်ရွက်နိုင်ဖို့ အင်မတန်အရေးကြီးပါတယ်လို့ ဆက်ပြောပါတယ်။
အဲ့ဒီလိုမဟုတ်ဘဲ အကြမ်းဖက်စစ်အုပ်စုကို လက်ဆွဲနှုတ်ဆက်ပြီး ဆက်သွယ်ပြောဆိုနေမယ်၊ လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကို အကြမ်းဖက်စစ်အုပ်စုကနေတဆင့် ပေးအပ်ကူညီနေတာတွေက မြန်မာပြည်မှာရှိတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ အထူးသဖြင့် အမျိုးသမီးနဲ့ အနာဂတ်ရဲ့ကလေးငယ်တွေကို သတ်ဖြတ်ဖို့အတွက် ဖြစ်စေပြီး အချိန်မတိုင်မီ အခုလို အသက်ဆုံးရှုံးနေကြဦးမှာပဲဖြစ်ပါတယ်လို့ မဝေ ကပြောပါတယ်။
ရခိုင်ပြည်မှာ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပေမယ့် လက်ရှိမှာ ငလျင်အခြေနေကြောင့် AA ဘက်က ထိုးစစ်ကို နှစ်လရပ်ဆိုင်းထားပါတယ်။
ထိုးစစ်တွေ ရပ်ထားပေမယ့် စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေတာ တွေ့ရပါတယ်။
- “တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း” - 14/07/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025