လိင်စိတ်ခံယူမှုကွဲပြားသူတွေအပေါ်ခွဲခြားဖိနှိပ်မှုတွေကို တပါတည်းတော်လှန်ပါ။

ရှင်ငြိမ်း

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်နေတဲ့ နွေဦးတော်လှန်ရေးအစပိုင်းမှာ လိင်စိတ်ခံယူမှုကွဲပြားတဲ့ LGBT တွေရဲ့ပါဝင်မှု ကို ပြည်သူတွေက အသိအမှတ်ပြုလာခဲ့ကြပါတယ်။

LGBT တွေ ခေါင်းဆောင်ပြီး ရန်ကုန်မြို့၊ ဆူးလေလမ်းမကြီးအပြည့် ပုံစံမျိုးစုံဝတ်စားဆင်ယဉ်မှုတွေနဲ့ သက်တန့်ရောင်အလံ တွေ လွှမ်းခြုံကာ ဆန္ဒပြရာမှာ အင်နဲ့အားနဲ့ ပါဝင်လာကြတဲ့ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေဟာ ပြည်တွင်း၊ ပြည်ပမီဒီယာတွေက အထင်ကရဖော်ပြခဲ့ရတဲ့အထိ ထင်ရှားခဲ့တာပါ။

ဒါပေမယ့် ဆန္ဒပြပွဲတွေ အကြမ်းဖက်နှိမ်နင်းခံရပြီး လက်နက်ကိုင်တော်လှန်ရေးထဲကို ဝင်ရောက်လာချိန်မှာတော့ LGBT တွေ ဟာ ကြောက်ရွံ့မုန်းတီးမှုကို အခြေခံတဲ့ခွဲခြားဆက်ဆံမှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရတာဖြစ်ပါတယ်။ ဒီထဲမှာ တနသာၤရီ အခြေစိုက် Nonentity coach မှ ထောက်ပို့နဲ့ ဆေးပိုင်းတာဝန်ခံ ရဲဘော် လမင်းလည်းပါဝင်ပါတယ်။

“တောထဲရောက်စက စကားပြောရင် ကြိုက်နေလား၊ အခြောက်ကြီးဆိုပြီး အထင်သေးသလို ဆက်ဆံတာ၊ ခန္ဓာကိုယ်ကို ကြည့်ပြီးသရော်တာတွေ ခဏခဏကြုံရတယ်။ ခေါင်းဆောင်ပိုင်းကအစ တိုက်ခိုက်ရေးသင်တန်းမှာ LGBT က ကိုယ်တစ်ဦးထဲ။ လူအများရှေ့မှာ အမိန့်ပေးခိုင်းရင် ဘန်းစကားတွေနဲ့ ပေးခိုင်းတာ။ ခွဲခြားသလိုပေါ့” လို့ LGBT တစ်ဦးဖြစ်တဲ့ ရဲဘော် လမင်းက ပြောပါတယ်။

အမျိုးသားခန္ဓာကိုယ်ပိုင်ဆိုင်ထားသူက အမျိုးသမီးလိုဝတ်စားနေထိုင်တဲ့ လိင်စိတ်ခံယူမှုကွဲပြားနေသူတွေကို အခြောက်လို့ ခေါ်တာကို LGBT အရေးဆောင်ရွက်သူတွေက ခွဲခြားဆက်ဆံမှုအဖြစ် သတ်မှတ်ထားပါတယ်။

ဒီလိုလူအများရှေ့မှာ လိင်စိတ်ခံယူမှုအပေါ် ခွဲခြားလှောင်ပြောင်တာတွေ၊ အလုပ်မရှိခင်မှာ တစ်ယောက်ထဲ အထီးကျန်သလို ခံစားရတာတွေကြောင့် သူကိုယ်သူ သတ်သေဖို့အထိ လမင်းစဉ်းစားခဲ့တာပါ။

“ကိုယ့်ကို ရွံ့သလို ကြောက်သလိုပုံစံတွေနဲ့ဆက်ဆံတာ၊ အခြောက်မ ဘာလုပ်နိုင်မှာမို့လဲတို့ သေနတ်တောင် မကိုင်နိုင်ဘဲနဲ့ အဲဒီလိုစကားတွေနဲ့ခွဲခြားတာ။ ကြာတော့ လူပဲလေ အဲဒီလိုတွေထဲ မနေချင်တော့ဘူး” လို့ လမင်းက ဆိုပါတယ်။

ပိုဆိုးတာက LGBT တွေကိုယ်တိုင်က အချင်းချင်းခွဲခြားမှုတွေ ရှိနေတာဖြစ်ပါတယ်။ တော်လှန်ရေးမှာ ကျရာကဏ္ဍကနေ တာဝန်ထမ်းဖို့ တောထဲရောက်လာကြသူတွေထဲမှာ LGBTတွေလည်း အများအပြားပါဝင်ခဲ့တယ်။

“သူတို့အလေးပေးခံရအောင် တဖက်လူကို မကောင်းပြောတာပေါ့။ အမှန်က ကျနော်တို့ LGBT အချင်းချင်းစည်းလုံးမှသာ ခွဲခြားမှုက ပျောက်မှာလေ။ သူတို့ကိုယ်တိုင်က ခွဲခြားဆက်ဆံနေသရွေ့တော့ ပျောက်မှာမဟုတ်ဘူး” လို့ လမင်းက ပြောပါတယ်။

အခုလိုခွဲခြားခံရတာတွေရှိပေမယ့် သူဟာ ခံစားချက်နဲ့လာတာမဟုတ်ဘဲ ခံယူချက်နဲ့လာတာဖြစ်တာကြောင့် ရည်ရွယ်ချက်ကို အကောင်းဆုံးလုပ်မယ်ဆိုပြီး အားတင်းကာ ဒီစိန်ခေါ်မှုတွေကို ကျော်ဖြတ်ခဲ့ရတာဖြစ်ပါတယ်။

“သူများတွန်းတိုက်လို့ ဒီတော်လှန်ရေးကနေ ထွက်သွားဖို့ လုံးဝစိတ်ကူးမရှိခဲ့ဘူး။ ဖြစ်အောင်လုပ်ပြမယ်ဆိုတဲ့စိတ်နဲ့ ကြိုး စားတယ်” လို့ ရဲဘော်လမင်းက ပြတ်သားစွာပြောပါတယ်။

သူပြောသလိုပဲ ရဲဘော်လမင်းဟာ တော်လှန်ရေးရဲ့အရေးပါဆုံးနေရာဖြစ်တဲ့ ထောက်ပို့ရေးအပိုင်းကို တာဝန်ယူထားတာ ဖြစ်ပါတယ်။ ထောက်ပို့ပိုင်းမှာ သူတတ်တဲ့အနုပညာနဲ့ ဖျော်ဖြေရင်း ထောက်ပို့ထီရောင်းနေတာပါ။

ရဲဘော်လမင်းဟာ အမျိုးသမီးတစ်ဦးလို ဝတ်စားဆင်ယင်နေထိုင်တဲ့ Gay တစ်ဦးပါ။ အလှအပကြိုက်နှစ်သက်ပြီး မိန်းကလေးလို နေထိုင်လိုတဲ့လမင်းဟာ သူတစ်ခါမှတောင် စဉ်းစားခဲ့ဖူးတာမရှိတဲ့ တိုက်ခိုက်ရေးထဲကို စစ်အာဏာရှင်ကြောင့် ရောက်လာခဲ့သူ ဖြစ်ပါတယ်။

ယခင်ကတော့ မောင်နှမငါးယောက်ရှိတဲ့အထဲ အငယ်ဆုံးဖြစ်တဲ့လမင်းဟာ မိဘတွေနဲ့အတူ နေပြည်တော်မှာ အေးချမ်းစွာ နေထိုင်ခဲ့ပါတယ်။ အများအမြင်မှာတော့ အမျိုးသားတစ်ယောက်ဆိုပေမယ့် ငယ်စဉ်ထဲက မိန်းကလေးလိုနေထိုင်ချင်တာကြောင့် ကျောင်းမှာဆိုရင် သူတပါးရဲ့လှောင်ပြောင်အနိုင်ကျင့်တာကို ခံခဲ့ရပါတယ်။

သူရဲ့လိင်စိတ်ခံယူမှု ကွဲပြားတာကို သိပေမယ့် ပတ်ဝန်းကျင်က လက်မခံတာကြောင့် လွတ်လပ်စွာ နေထိုင်ခွင့်မရခဲ့ပါဘူး။ ဒါ့ အပြင် မိဘတွေဟာ နွမ်းပါးသူတွေဖြစ်တာကြောင့် လမင်းဟာ အသက်ငယ်ငယ်နဲ့ အလုပ်မျိုးစုံလုပ်ကိုင်ကျွေးမွေးခဲ့ရတာ ဖြစ်ပါတယ်။

“ထမီလေးများဝတ်ထားမိရင် စနောက်ပြီး ဆွဲချွတ်တဲ့သူနဲ့ စည်းထားတဲ့ဆံပင်ကို လာလာဆွဲသူနဲ့ ဖင်ပုတ်ခေါင်းပုတ်လုပ်လို လုပ်နဲ့ တချို့ကလည်း ကလေးဆိုပြီး စမ်းချင်သလိုအထာနဲ့ပေါ့။ ကိုယ်က အရမ်းဆင်းရဲတော့ အဲဒါတွေလည်းဂရုမစိုက်ဘူး။ အလုပ်လုပ်ဖို့နဲ့ ပိုက်ဆံရဖို့ပဲသိတယ်” လို့ လမင်းက ပြောပါတယ်။

အရွယ်ရောက်လာတော့ သူဟာ တတ်တဲ့ပညာနဲ့ NGO အဖွဲ့အစည်းတစ်ခုမှာ လေးနှစ်တာဝန်ထမ်းခဲ့ပါတယ်။ နောက်တော့ အလုပ်ထွက်ပြီး ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ခဲ့ပါတယ်။

အဲဒီမှာ ၁ နှစ်လောက်လုပ်ကိုင်ရင်း အနုပညာဝါသနာပါတဲ့ လမင်းဟာ မိန်းကလေးလိုဝတ်စားပြီး ရုပ်သံအတိုလေးတွေ ရိုက်တင်တဲ့အခါ ကြော်ငြာတချို့ရိုက်ဖို့ ကမ်းလှမ်းခံရတဲ့အထိ လူသိများလာခဲ့ပါတယ်။

“အဲဒီမှာ လူသိများလာတော့ ကြော်ငြာတွေလည်းရိုက်လာရတော့ မိန်းကလေးလိုဝတ်တာကို အပြစ်မမြင်ကြတော့ဘူး။ LGBT ဖြစ်လို့ ခွဲခြားတာတွေဘာတွေလည်း လျော့သွားတယ် ” လို့ လမင်းက ရှင်းပြပါတယ်။

လူသိများလာတော့ တိုက်ရိုက်ထုတ်လွှင့်ဈေးရောင်းတဲ့အလုပ်ကို ပြောင်းလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ ကိုဗစ်ရောဂါတွေ ဖြစ် လာတော့ လမင်းဟာ လူနာတွေကို သီးသန့်ထားတဲ့ စင်တာတွေမှာ ဆေးဘက်ဆိုင်ရာကူညီတဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်အနေနဲ့ ပရဟိတဝင်လုပ်ခဲ့ပြန်ပါတယ်။

အာဏာသိမ်းမှုဖြစ်တဲ့အချိန်မှာ ဆန္ဒပြရာမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ လမင်းကို စစ်တပ်က လာရောက်ဖမ်းဆီးတာကြောင့် မိဘ နှစ်ပါးကို ထားခဲ့ပြီး တခါမှမရောက်ဖူးတဲ့ ကရင်ပြည်နယ်က လွတ်မြောက်နယ်မြေတစ်ခုကို ရောက်လာခဲ့ပါတယ်။

လွတ်မြောက်နယ်မြေမရောက်မီမှာ လမင်းဟာ LGBT ဖြစ်တာကြောင့် “လှောင်ပြောင်ခွဲခြားမှု၊ အနိုင်ကျင့်ခံရတာတွေ ရှိမလား” ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

“ငါ့ကို ခွဲခြားမှာလားလို့ သိမ်ငယ်ခဲ့တယ်။ တကယ်လည်း ခွဲခြားခံရတော့ တစ်ယောက်ထဲ အားငယ်တဲ့အချိန်ရှိခဲ့တယ်။ ခွဲခြားခံနေရတဲ့အသိုင်းအဝိုင်းမှာ အဆင်မပြေလာတော့ကိုယ့်ကိုကိုယ်သတ်သေဖို့အထိ စဉ်းစားခဲ့တယ်” လို့ သူက ပြောပါတယ်။

သူစိုးရိမ်သလိုပဲ LGBT အချင်းချင်း ဖေးမကူညီတာ မရှိသလို လိင်စိတ်ခံယူမှုကွဲပြားတဲ့အပေါ်မှာလည်း ခွဲခြားတာ ဖိနှိပ်တာ လှောင်ပြောင်သရော်တာနဲ့ကြုံရတဲ့အခါ ငယ်စဉ်က ရခဲ့တဲ့စိတ်ဒဏ်ရာတွေ ပြန်ပေါ်လာခဲ့တယ်လို့ လမင်းက ဆိုပါတယ်။

LGBT အများစုဟာ ကိုယ်ရဲ့လိင်စိတ်ဖြစ်တည်မှုအပေါ် မူတည်ပြီး ငယ်စဉ်ထဲက မိသားစုနဲ့ ပတ်ဝန်းကျင်က ခွဲခြားဖိနှိပ်တာ အနိုင်ကျင့်ခံရတာတွေကြောင့် သိမ်ငယ်စိတ်တွေကြားထဲကြီးပြင်းခဲ့ရသူတွေဖြစ်ပါတယ်။

အာဏာရှင်ကို တွန်းလှန်ဖို့ တောထဲဝင်လာတဲ့အချိန်မှာ တောထဲက လက်နက်ကိုင်တွေထဲမှာလည်း အာဏာပြပြီး  လိင်စိတ်ခံ ယူမှုကွဲပြားတဲ့အပေါ် ဖိနှိပ်တာ၊ ခွဲခြားတာတွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

“တောထဲမှာ အာဏာပြပြီးတော့ ဖိနှိပ်တယ်။ အခြောက်မတစ်ယောက်ဆို ယောကျာ်းလိုအော်ပြ။ သင်တန်းမှာလည်း ယောကျာ်းလိုနေလို့ပြောပြီး သူ့ကျနွဲ့နေတယ်။ စိတ်ဆင်းရဲခဲ့ရတာတွေ အများကြီး” လို့ ရဲဘော်လမင်းက ပြောပါတယ်။

ဒီခွဲခြားဖိနှိပ်မှုတွေကို သူကရည်ရွယ်ချက်ပန်းတိုင်ကိုသာ အရောက်သွားမယ်ဆိုတဲ့စိတ်နဲ့ ဖြတ်ကျော်ပြီး ဒီနေ့ဒီအချိန်ထိ ရပ် တည်နေနိုင်တာဖြစ်ပါတယ်။

လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့တဲ့ လမင်းက LGBTတွေဟာ ပိုက်ဆံရှိရင်ရှိ၊ မဟုတ်ရင်တော့ နေရာတခုကို ရောက် မလာနိုင်ရင် လူရာသွင်းမခံရဘူးလို့လည်း သူက ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တော်လှန်ရေးဆက်လုပ်ဖို့ ရည်စူးထားတဲ့အတိုင်း လမင်းဟာ အဲဒီအချိန်မှာ ကရင်အမျိုးသားကာကွယ် ရေး (KNDO) တပ်ဖွဲ့မှာ ထောက်လှမ်းရေးသင်တန်းတက်ရောက်ခဲ့တာဖြစ်ပါတယ်။

LGBT အခွင့်အရေးဆိုတာ သေသေချာချာနားမလည်ပေမယ့် ကိုယ်ဖြစ်တည်မှုအတိုင်း ဘဝကိုရုန်းကန်နေတဲ့ လမင်းဆီမှာ မတရားမှုကို ခေါင်းငုံံ့မခံချင်တဲ့စိတ်အားထက်သန်မှုတွေလည်းရှိနေပါတယ်။

ဒါ့ကြောင့် သူတက်ရောက်ပညာသင်ခဲ့တဲ့ စစ်သင်တန်းမှာ တစ်ဦးထဲသော LGBT ဖြစ်သလို သင်တန်းဆင်းနိုင်သူလည်း ဖြစ် လာခဲ့ပါတယ်။ သင်တန်းပြီးတော့ ကျရာကဏ္ဍမှာ တစ်နှစ်တာဝန်ထမ်းခဲ့တာဖြစ်ပါတယ်။

ထောက်လှမ်းရေးတာဝန်ပြီးတော့ သူဝါသနာပါခဲ့တဲ့ ဆေးမှူးတစ်ယောက်ဖြစ်ချင်လာခဲ့ပါတယ်။ ဒီအတွက် သူနာပြုသင်တန်း တစ်လတက်ရောက်ပြီးမှ ဆေးမှူးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။  

“ဆရာဝန်ကြီးရှိတော့ ကျနော်တို့ ကုပေးနိုင်တာရှိရင် ကုတယ်။ အရေးပေါ်ဆိုရင်တော့ လွှဲပေးလိုက်တာရှိတယ်။ ဆေးထိုး ဆေးသွင်းတာ ဆေးစပ်ပေးတာမျိုးတော့လုပ်ပေးနိုင်တယ်” လို့ ရဲဘော် လမင်းက ဆိုပါတယ်။

တပ်ထဲမှာ ရန်ပုံငွေအားနည်းတာကြောင့် ရံဖန်ရံခါ ဆေးလိုအပ်ချက်ရှိရင် ရဲဘော်လမင်းက ကိုယ်ပိုင်ငွေကြေးနဲ့ ဝယ်ပေးတာ တွေလည်း ရှိနေတာဖြစ်ပါတယ်။

ဒီလိုမျိုး သူ့ရဲ့လုပ်ဆောင်ချက်တွေကြောင့် ဆေးမှူးဖြစ်လာပြီးနောက်ပိုင်း သူရဲ့လိင်စိတ်ခံယူမှုအပေါ် ခွဲခြားတာ၊ ကွယ်ရာမှာ လှောင်ပြောင်တာမျိုးတောင် မလုပ်ဘဲ ရိုရိုသေသေခေါ်တာမျိုး ရှိလာတယ်လို့ သူက ပြောပါတယ်။

လမင်းဟာ ရဲဘော်တွေရဲ့ကျန်းမာရေးအပြင် တပ်သားတွေရဲ့လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို့ ရန်ပုံငွေရှာဖွေတဲ့အပိုင်း မှာလည်း တာဝန်ယူခဲ့ပါတယ်။

“တခြားအခက်အခဲတွေကို ရင်ဆိုင်နိုင်တယ်။ ဒါပေမယ့် LGBT အချင်းချင်းနှိမ့်ချဆက်ဆံတာကိုတော့ မဖြစ်စေချင်ဘူး။ နာမည်ကြီး LGBTတစ်ယောက်ဆီမှာ အလှူခံဖူးတယ်။ မလှူဘူးတဲ့။ LGBT ဖြစ်နေလို့တဲ့။ ပြောချင်တာက LGBT အချင်းချင်း ဒီလိုခွဲခြားမှု မရှိဖို့ပေါ့” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ရဲဘော် လမင်းဟာ တနသာၤရီအခြေစိုက် Nonentity coach မှာ ထောက်ပို့ထီရောင်းတာကို တစိုက်မတ် မတ်လုပ်ဆောင်နေတာဖြစ်ပါတယ်။

တော်လှန်ရေးအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်းဝယ်နိုင်ဖို့ ထောက်ပို့ထီရောင်းပြီး ရန်ပုံငွေရှာတာပါ။ အရာရာ ခက်ခဲကြပ် တည်းနေတဲ့ကာလမှာ ထောက်ပို့ထီတစ်စောင်ရောင်းရဖို့က အင်မတန်ခက်ခဲပါတယ်။

ထောက်ပို့ထီ တစ်စောင် နှစ်ထောင်ကျပ်တန်ကို တခါတလေ တစ်လလုံးမှ နှစ်စောင်သာရောင်းရတဲ့အခြေအနေတွေလည်း ရှိနေတာဖြစ်ပါတယ်။ ဒီတော့ ရဲဘော်လမင်းဟာ ထောက်ပို့ထီရောင်းရနိုင်ဖို့ သူတတ်တဲ့ပညာထုတ်သုံးကာ လူသိများအောင် ကြိုးစားခဲ့ပါတယ်။

ဥပမာ သူဟာ အမျိုးသားတစ်ယောက်ခန္ဓာကိုယ် ပိုင်ဆိုင်ထားပြီး စစ်ဝတ်စုံဝတ်ကာ နားတစ်ဖက်မှာ ပန်းပန်ထားကာ ပုခုံး မှာလည်း သေနတ်တစ်လက်ကို ချိတ်ထားက မော်ဒယ်တွေလျှောက်သလို လျှောက်တဲ့ရုပ်သံအတိုတွေ တင်ပါတယ်။

တခါတရံ စစ်ဝတ်စုံအပြည့် သေနတ်ကိုင်ကာ မော်ဒယ်လိုလမ်းလျှောက်တာတွေ၊ တပ်သားတွေနဲ့ ဝိုင်းဖွဲ့ကာ သီဆိုကပြတာ တွေစတဲ့ရုပ်သံအတိုလေးတွေတင်ကာ သူရဲ့ထောက်ပို့ထိကို လူစိတ်ဝင်စားလာအောင် လုပ်ပါတယ်။

“လမင်းကလေ လူသိပ်မသိတဲ့သူဆိုတော့ စိတ်ဝင်စားလာအောင်လုပ်ရတယ်။ ထောက်ပို့ထီရောင်းတာ ခြေသလုံးမဖက်ရုံ တမယ် အောက်ကျို့ရတယ်။ ခက်ခဲတဲ့ကာလဆိုတော့ ငါးစောင်လောက်ရောင်းရဖို့ မနည်းရုန်းရတယ်” လို့ ရဲဘော်လမင်းက ဆိုပါတယ်။

အခုဆိုရင် သူထီရောင်းရတဲ့ငွေနဲ့ ရဲဘော်တွေလိုအပ်တဲ့ ကျည်ကာတွေ၊ ဖိနပ်တွေ၊ ဖုန်းတွေ၊ ပါဝါဘန့်စတာတွေကို ဖြည့် ဆည်းပေးနိုင်တဲ့အတွက် သူက ပျော်နေတာဖြစ်ပါတယ်။

သူ့အနေနဲ့ မိန်းကလေးလိုဝတ်စားနေထိုင်လိုပေမယ့် ရဲဘော်တွေနဲ့အတူနေထိုင်ရာမှာ အထင်သေးစရာမဖြစ်အောင် စည်းနဲ့ ဘောင်နဲ့ နေထိုင်တာကြောင့် သူရဲ့ဖြစ်တည်မှုအပေါ် နားလည်လက်ခံလာတယ်လို့လည်း ရှင်းပြပါတယ်။

ရှေးအယူအဆအစွဲတွေ လွှမ်းမိုးမှုရှိနေသေးတဲ့ လူ့အသိုင်းအဝိုင်းမှာတော့ လိင်စိတ်ခံယူမူကွဲပြားတဲ့ LGBTတွေဟာ လှောင် ပြောင်စရာ၊ အနိုင်အထက်ပြုကျင့်စရာလို့ သဘောထားပြီး ခွဲခြားဆက်ဆံနေတာဖြစ်ပါတယ်။

LGBT တွေအနေနဲ့ ဖိုဝါဒကြီးစိုးတဲ့စစ်တပ်ကို တော်လှန်ခဲ့တာက အခုမှမဟုတ်ပါဘူး။ ၈၈ အရေးအခင်းကာလမှာလည်း စစ် အစိုးရကိုတော်လှန်ရာမှာ LGBT တွေက “အလှဖန်တီးရှင်များ” ဆိုတဲ့ဆိုင်းဘုတ်ကိုင်ပြီး ပါဝင်ခဲ့ကြတာပါ။

လက်ရှိနွေဦးတော်လှန်ရေးမှာတော့ LGBT တွေဟာ မြေပြင်တိုက်ပွဲ၊ CDMတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲအထိ နေရာတိုင်းမှာ ပါဝင်လာတာက ၈၈ အရေးအခင်းနဲ့ မတူတဲ့ထူးခြားချက်ပါ။ အခုလိုတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ LGBT ဆိုတဲ့ သက်တန့်ရောင် အလံက နေရာတိုင်းမှာ လွှမ်းခြုံနိုင်ပြီဖြစ်ပါတယ်။

အခုဆိုရင် နွေဦးတော်လှန်ရေးမှာ LGBT တွေရဲ့ပါဝင်မှုကို ပြည်သူတွေတော်တော်များများက အသိအမှတ်ပြုလာသလို LGBT တွေရဲ့ စွမ်းပကားကို လေးစားတန်ဖိုးထားလာကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မှတ်ချက်ပြုပါတယ်။

ဒါကဘာကြောင့်လဲဆိုတော့ လူသားအားလုံးလိုချင်တဲ့လွတ်လပ်မှုတွေ တရားမျှတမှုတွေကို LGBT တွေ ကိုယ်တိုင်က လေး စားပြီး တောင်းဆိုတိုက်ပွဲဝင်နေလို့ဖြစ်ပါတယ်။

ဝန်ကြီးဦးအောင်မျိုးမင်းကတော့ “ဒါပေမယ့် တချို့နေရာတွေမှာ သူတို့အပေါ်မှာ ကြောက်ရွံ့မုန်းတီးမှုတွေက ရှိနေတုန်းပါပဲ။ အဲဒီအပေါ်မှာ အခြေခံတဲ့ခွဲခြားဆက်ဆံမှုတွေက ကျန်နေတုန်းပါပဲ။ အဲဒီတော့ အာဏာရှင်စနစ်ကို တွန်းလှန်တဲ့အခါမှာ စစ် အာဏာရှင်တစ်ခုတင်မကပဲ LGBT တွေအပေါ်မှာ အထင်အမြင်လွှဲမှားပြီး မုန်းတီးတဲ့စိတ်ထားတွေ ဖုံးလွှမ်းတဲ့အာဏာရှင် စနစ်ကိုလည်း တွန်းလှန်ဖို့ လိုအပ်တယ်။ တိုက်ဖျက်ဖို့လိုအပ်တယ်”လို့ ဆိုပါတယ်။

လက်ရှိမှာ LGBT တွေအတွက် ပြောင်းလဲမှုကို ဦးတည်လာတယ်ဆိုပေမယ့် မပြောင်းလဲသေးတဲ့ ခွဲခြားဆက်ဆံမှုတချို့က တော့ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။

“ဒီနေ့မှာ ဒါကိုဝိုင်းဝန်းပါဝင်ပြီးတော့ ကြောက်ရွံ့မုန်းတီးမှုအစား လေးစားတန်ဖိုးထားမှုတွေ ကိုယ်ချင်းစာတရားတွေ တည် ဆောက်ကြပါ” လို့ ဝန်ကြီးက တိုက်တွန်းထားပါတယ်။

Author: Shin Nyane