ရေရှားပါးမှုနှင့် အမျိုးသမီးတွေရဲ့ ဒုက္ခ
သန့်ရှင်းထွန်း
မိုးရာသီမှာ မိုးရေချိန်အများကြီးရွာသွန်နေပေမယ့် ရေသိုလှောင်တဲ့ နည်းစနစ်တွေ မကောင်းသေးတာကြောင့် နွေရာသီမှာ ရေရှားပါးမှုဒဏ်ကို ရခိုင်ပြည်မှာ နှစ်စဉ်ကြုံတွေ့နေကြရပါတယ်။
ဒီလို နွေရာသီမှာ ရေရှားပါးတဲ့ ဖြစ်စဉ်ဟာ ဒေသခံအမျိုးသမီးတွေကို ပိုပြီးအကျိုးသက်ရောက်မှုရှိနေပါတယ်။
အထူးသဖြင့် မြို့ပေါ်ဒေသတွေထက် ကျေးလက်ဒေသမှာ နေထိုင်နေကြတဲ့ ဒေသခံတွေဟာ ရေရှားပါးမှုဒဏ်ကို ပိုခံစားနေကြရသလို စစ်ဘေးရှောင်နေရတဲ့ပြည်သူတွေဟာလည်း ရေရှားပါးမှုဒဏ်ကို အကြီးအကျယ်ခံနေရတယ်လို့ ဒေသခံအမျိုးသမီးတွေက ပြောပါတယ်။
ရေရှားပါးမှုပြသနာဟာ မိသားစုတခုမှာ အမျိုးသားတွေထက် အမျိုးသမီးတွေအတွက် ပိုပြီးကြီးမားတဲ့ ဒုက္ခတခုလိုဖြစ်နေပြီး ဒါဟာ ဂျဲန်ဒါမညီမျှမှုကြောင့် ဖြစ်နေတာလို့ ဆိုပါတယ်။
မိသားစုတခုမှာ အမျိုးသမီးတွေဟာ အိမ်မှုကိစ္စတွေဖြစ်တဲ့ အဝတ်လျော်ဖို့၊ အိုးခွက်ပန်းကန် ဆေးကြောဖို့အတွက် ရေကိုပိုလိုအပ်နေသလိုဖြစ်နေပြီး သားသမီးတွေ ရေချိုးဖို့နှင့် သောက်ဖို့အတွက် ရေရဖို့ကလည်း အမျိုးသမီးတွေက ပိုပြီး ပူပင်ကြရတယ်လို့ ရသေ့တောင်မြို့နယ်က အမျိုးသမီးတစ်ဦးကပြောပါတယ်။
“ရေကန်တွေဆားငံရေတွေ၊ ရေကန်တွေမှာ တိရစ္ဆာန်တွေကျသေတာတွေရှိတယ်။ ဆိတ်တွေ၊ နွားတွေ ကျသေပြီးတော့ အကုန်လုံးပျက်စီးနေတယ်။ အဲဒါကြောင့် ကျမတို့ရေအခက်ခဲဖြစ်နေတယ်”
အခုလိုရေရှားပါးနေတာကြောင့် အမျိုးသမီးတွေဟာ ရရှိလာတဲ့ရေတွေကို နည်းမျိုးစုံနဲ့ သန့်စင်အောင်ပြုလုပ်သုံးစွဲနေရသလို သောက်ရေအတွက်တော့ ရေကိုကျိုချက်ပြီးတော့ သောက်သုံးနေရတယ်လို့ အဲဒီအမျိုးသမီးက ဆက်ပြောပါတယ်။
“ကျမတို့ ရေကိုကျိုချက်ပြီးတော့ သောက်ကြတယ်။ ရေကျအေးခံပြီးသောက်ကြတယ်။ သုံးရေကိုလည်း သန့်ရှင်းအောင်တခုခုလုပ်ပြီး သုံးကြတယ်။ ချိုးကြတယ်။”
ရခိုင်ပြည်က တချို့ကျေးရွာတွေမှာဆိုရင် ရေတစ်အိုးခွက်ရဖို့အတွက် နှစ်မိုင်လောက်ဝေးတဲ့နေရာတွေကို သွားရောက်ခပ်ယူနေရပါတယ်။ ဒီလိုရေခပ်ယူရတာ၊ ရေအတွက် စိတ်ပူပင်ရတာတွေဟာလည်း အမျိုးသားတွေထက် အမျိုးသမီးတွေအပေါ်မှာ ပိုမိုသက်ရောက်မှုများနေပါတယ်။
“ရေတွေက အနယ်တွေနဲ့ သောက်လို့မရဘူး။ စမ်းချောင်းတွေကို သွားခပ်ရတယ်။ အခုတော့ ရေတွင်းတွေ ဖော်ပေးကြတယ်။တွင်းရေတွေကလည်း အခက်ခဲ အနယ်တွေကများတယ်။ အချိန်ကလည်းမရှိဘူး ခပ်ရတာ။ မနက်စောစော ကျမတို့ သွားခပ်တဲ့အချိန်မှာ ရေမရှိတော့ဘူး။ ရေကတော်တော်လည်း အခက်ခဲရှိနေတယ်။ သောက်ရေခပ်တွင်းတွေက ခပ်တဲ့အချိန်မှာလည်း လူများသွားရင် မရလိုက်တော့ဘူး။ ရတဲ့အခါလည်းရတယ်။ ရေခပ်ဖို့သွားချိန်မှာ ရေမရဘဲ ပြန်လာရတာလည်းရှိတယ်။”(မောင်တောမြို့နယ်မှ အမျိုးသမီး)
ဒါတွေက မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက်စာရင် အိမ်မှုကိစ္စတွေဆောင်ရွက်ရမယ်၊ သားသမီးဝေရာဝိစ္စတွေ လုပ်ပေးရမယ်ဆိုတဲ့ ဓလေ့ထုံးတမ်း၊ အယူအဆအစွဲတွေကြောင့် ဖြစ်တယ်လို့ အမျိုးသမီးတချို့ကပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတချို့မှာတော့ ရေရရှိဖို့ အဝီစိရေတွင်းတွေကို လူမှုကူညီရေးအဖွဲ့တချို့က တူးဖော်ပေးနေတာ တွေ့ရပါတယ်။