မိသားစုဝင်တွေ မျက်စိတမှိတ်အတွင်း ဆုံးရှုံးခဲ့ရတဲ့ မိတ္ထီလာမြို့ကအိစ္စလာမ်ဘာသာဝင်တွေ
သန့်ရှင်းထွန်း
အသက် ၄၅ နှစ်အရွယ် အန္နာမူလာဟာ သူ့ဇနီးသည်နှင့် သမီးငယ် ငလျင်ကြောင့် သေဆုံးခဲ့ရတာကို ပြောပြဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် စကားသုံးလေးခွန်းပြောပြီးတဲ့အခါမှာ မျက်ရည်တွေစီးကျလာပြီး ငိုပါတော့တယ်။
“သမီးလေးနဲ့ ဇနီးက အိမ်ပြိုပြီး သေကုန်တယ်။ ကျနော်နှင့် ကျနော့်သားလေးက ဗလီတက်ဖို့ ဗလီထဲရောက်နေလို့ လွှတ်သွားပြီး အသက်ရှင်ကျန်ခဲ့တယ်”လို့ အန္နာမူလာက ငိုရှိုက်ရင်း ပြောပါတယ်။
အန္နာမူလာမှာ ဇနီးသည်၊ အသက် ၁၃ နှစ်အရွယ် သားတစ်ယောက်၊ အသက် ၇ နှစ်အရွယ် သမီးတစ်ယောက် စုစုပေါင်း မိသားစုလေးယောက်နဲ့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ နေထိုင်ခဲ့သူဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးက ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် သောကြာနေ့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့် လူအသေအပျောက်အများဆုံးနှင့် ထိခိုက်မှုအများဆုံးဖြစ်ခဲ့တဲ့ နေရာဖြစ်သလို အန္နာမူလာတို့မိသားစုလည်း ငလျင်ဒဏ်ကြောင့် သေကွဲ ကွဲခဲ့ရတာပါ။
အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်ဟာ အန္နာမူလာတို့ အိစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမဇန်ဥပုသ်လရဲ့ နေ့ထူးနေ့မြတ်ဖြစ်တာကြောင့် လူငယ်လူလတ်လူကြီးအားလုံး ဗလီတက် ဝတ်ပြုနေတဲ့နေ့လည်းဖြစ်ပါတယ်။
အဲဒီနေ့ထူးနေ့မြတ်မှာ အန္နာမူလာရဲ့ ဇနီးသည်ဟာ လင်ယောကျ်ားနှင့် သားကြီးအတွက် ဗလီတက်ဝတ်ပြုဖို့ အဝတ် အထည် သန့်သန့်ပြန့်ပြန့် ပြင်ဆင်ပေးခဲ့ပြီး သမီးနှင့်ဇနီးသည်က အိမ်မှာ ဝတ်ပြုဖို့ ကျန်နေခဲ့တယ်လို့ ပြောပါတယ်။
“ဗလီတက်တဲ့သူတွေက အမျိုးသားတွေများတယ်။ အမျိုးသမီးတွေ တော်တော်များများက အိမ်မှာကျန်ခဲ့ပြီး အိမ်မှာပဲ ဝတ်ပြုကြတယ်။ ငလျင်လှုပ်တော့ ကျနော်တို့တက်နေတဲ့ ဗလီကအထိအခိုက်နည်းခဲ့ပြီး ဇနီးနဲ့ သမီး ကျန်ခဲ့တဲ့ အိမ်က ငလျင်ကြောင့်ပြိုကျပြီးတော့ ဆုံးသွားခဲ့တယ်။ တကယ်လို့ ဇနီးသည်နဲ့ သမီးလေးပါ ကျနော်တို့နဲ့အတူ ဗလီ ကိုပါလာခဲ့ရင် အသက်ဘေးက လွှတ်သွားမှာ”လို့ အားမလိုအားမရ ပြောပါတယ်။
ဒါပေမယ့် အန္နာမူလာတို့ အိစ္စလာမ်ဘာသာဝင်တွေအများစုမှာ အမျိုးသမီးတွေဟာ ဗလီတက်ဝတ်ပြုရတာနည်း တာကြောင့် ငလျင်လှုပ်ခတ်ခဲ့ချိန်က အိစ္စလာမ်အမျိုးသမီးအများစုဟာလည်း မိမိရဲ့နေအိမ်တွေမှာ ရှိနေခဲ့ကြတယ် လို့ ဆိုပါတယ်။
ငလျင်ကြောင့် နေအိမ်မှာ ကျန်ခဲ့တဲ့ အန္နာမူလာရဲ့ဇနီးသည်နှင့် သမီးသေဆုံးခဲ့ရသလို ဗလီတက်နေချိန် ဗလီတွေ ပြိုကျပြီး အိစ္စလာမ်ဘာသာဝင် အမျိုးသားတွေလည်း ရာချီသေဆုံးခဲ့ရတာကြောင့် သူတို့ရဲ့ အသက်မသေဘဲ ကျန် နေခဲ့တဲ့ အမျိုးသမီးတွေဟာလည်း ခင်ပွန်းသည်တွေကို ဆုံးရှုူံးခဲ့ရပါတယ်။
“လူတွေရဲ့ အသက်ပေါင်းများစွာကို မိနစ်ပိုင်းအတွင်းမှာ ဆွဲခေါ်သွားသလို အသက်မသေဘဲ ကျန်ခဲ့တဲ့ အမျိုးသမီး တွေဟာလည်း ပြန်လည်ထူထောင်ဖို့၊ ဘဝရှေ့ဆက်ဖို့ မနည်းကြိုးစားရအုံးမှာပါ”လို့ အန္နာမူလာက ဆက်ပြော ပါတယ်။
မတ်လ ၂၈ ရက် သောကြာနေ့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်ကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်းနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ ဗလီ ၁၃၆ လုံး ပျက်စီးခဲ့ပြီး အိစ္စလာမ်ဘာသာဝင် ၆၇၃ ယောက် သေဆုံးခဲ့တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘီဘီစီသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီအထဲမှာမှ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှာ အိစ္စလာမ်ဘာသာဝင် အမျိုးသမီး ၉၀ ကျော် သေဆုံးခဲ့ရ တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အိစ္စလာမ်အဖွဲ့တွေက ပြောပါတယ်။
ငလျင်ကြောင့် အသက်မသေဘဲ ကျန်ခဲ့သူတွေဟာ ဘယ်လိုမှတွေးဝံ့စရာမရှိတဲ့ သူတို့ရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ရင်ဖွင့်ပြကြပါတယ်။
မိသားစုတွေ၊ ဆွေမျိုးသားချင်းတွေ ငလျင်ကြောင့် အဆောက်အဦးတွေ ပြိုကျကာ ပိတ်မိနေတာတွေကို မြင်တွေ့ ခဲ့ရပြီး ချက်ချင်းအိုးမဲ့အိမ်မဲ့တွေအဖြစ် ပြောင်းသွားခဲ့ကြပါတယ်။ တချို့အိမ်တွေ မပြိုဘဲကျန်ခဲ့ပေမယ့် နောက် ဆက်တွဲငလျင်ကို ကြောက်လန့်ပြီး နေအိမ်တွေမှာ ဆက်မနေရဲတော့ဘဲ ကွင်းပြင်တွေဆီကို ရောက်ကုန်ကြပါ တယ်။
“ကျမတို့ ဘေးလွတ်မယ့်နေရာတွေကို ရှာကြတယ်။ အမျိုးသားတွေကတော့ မပြိုဘဲကျန်ခဲ့တဲ့အိမ်မှာ နေစေချင် တယ်။ ယောကျ်ားကတော့ မိန်းကလေးတွေကို လမ်းဘေးမအိပ်စေချင်ဘူး။ ဒါပေမယ့် အသက်အန္တရာယ်က ပိုအရေးကြီးတာကြောင့် လမ်းဘေးကွင်းပြင်မှာပဲ ပြောင်းအိပ်ကြရတယ်”လို့ မန္တလေးမြို့ခံ အိစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် ပြိုကျသွားတဲ့ အဆောက်အဦးတွေကြောင့် နေထိုင်စရာနေရာမရှိတဲ့သူတွေ၊ နေထိုင်စရာ နေရာရှိပေမယ့် နောက်ဆက်တွဲ ငလျင်ကို စိုးရိမ်ကြောက်လန့်နေကြတဲ့ ဒေသခံတွေဟာ အမိုးအကာမရှိ၊ အခင်းမရှိ တဲ့ ကွင်းပြင်တွေမှာ ဖြစ်သလိုနေထိုင်နေရတဲ့ မြင်ကွင်းတွေကို လူမှုကွန်ရက်စာမျက်နှာတွေနှင့် သတင်းဌာနတွေမှာ တွေ့မြင်ခဲ့ရပါတယ်။
ဘယ်လိုဘေးအန္တရာယ်မျိုးပဲ ကျရောက်ရောက် အရေးပေါ်ကယ်ဆယ်ရေးနှင့် တုံ့ပြန်မှုအားနည်းနေတဲ့ မြန်မာနိုင်ငံ မှာ ပြည်သူတွေဟာ ကိုယ့်အားကိုယ်ကိုးပြီး ကယ်ဆယ်ရေးလုပ်တာ၊ ကူညီတာတွေကို ပထမဆုံး ဆောင်ရွက်ကြ ရပါတယ်။ အဲဒီနောက်မှာမှ နိုင်ငံတကာအကူညီတွေ ဝင်လာကြတာတွေ့ရတယ်လို့ စစ်ကိုင်းမြို့ကို ယာယီ ရောက်ရှိ နေသူတစ်ဦးက ပြောပါတယ်။
အခုလို ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်တဲ့အခါမှာလည်း အိစ္စလာမ်ဘာသာဝင်တွေဟာ တခြားသူတွေထက် အမြဲနောက်ကျပြီးမှ ရတတ်ကြတယ်လို့ သူကဆက်ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဘာသာရေးအရ ခွဲခြားမှုတွေက ရှိနေတယ်။ အဲဒီအထဲမှာ အိစ္စလာမ်ဘာသာဝင်တွေက ပိုပြီး ခွဲခြား ခံရတာတွေ မြင်ရတယ်” လို့ အိစ္စလာမ်ဘာသာဝင်တွေအတွက် အကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါ တယ်။
လက်ရှိမှာတော့ ကူညီကယ်ဆယ်ရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေ အလုပ်တွေကို သက်ဆုင်ရာ တာဝန်ရှိသူ တွေက လုပ်ကိုင်နေတာတွေ့ရပေမယ့် အိစ္စလာမ်ဘာသာဝင်တွေအတွက်တော့ နောက်ထပ်စိုးရိမ်ချက်တွေရှိနေပါ သေးတယ်။
အဲဒီစိုးရိမ်ချက်တွေကတော့ ငလျင်ကြောင့် ပြိုကျသွားတဲ့ ဗလီတွေကို ပြန်လည်ပြုပြင်တာ၊ အသစ်တည် ဆောက်ခွင့်မရတာတွေ ဖြစ်လာမှာကို တွေးမိကြလို့ဖြစ်ပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် နိုင်ငံအနှံ့က ဘာသာရေးအဆောက်အဦးပေါင်း ၉၆၀၀ ကျော် ပြိုကျပျက်စီးခဲ့ပြီး အဲဒီအထဲ မှာ ဗလီ ၁၃၅ လုံးပါဝင်တယ်လို့ ထုတ်ပြန်ချက်တွေမှာ ရေးသားထားပါတယ်။
“ကျနော်တို့ ဗလီတွေ ဆောက်ခွင့်မရတာ နှစ်ပေါင်း ၆၀ ကျော်ပြီ တရားဝင်ဆောက်ခွင့်မရဘူး”လို့ အိစ္စလာမ် ဘာသာရေးဆရာ ဦးသိန်းဝင်းအောင် က DVB သတင်းဌာနကို ဖြေကြားထားပါတယ်။ ဒီအချက်တွေကလည်း မြန်မာနိုင်ငံမှာ ဘာသာရေးအရ ခွဲခြားမှုတွေဖြစ်နေတာလို့ ဆိုပါတယ်။
ငလျင်ကြောင့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီး ကြုံတွေ့နေရပေမယ့် တပိုင်တနိုင် ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အိစ္စလာမ်ဘာသာဝင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ မလွင်လွင်နိုင်ကတော့ မြို့တကာပတ်ပြီး မနားတမ်း အလှူငွေတွေ ပေးလှူနေပါတယ်။
ငလျင်ကြောင့် သေဆုံးခဲ့ရသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူ မိသားတွေအတွက် အလှူရှင်တွေ ပေးလှူတဲ့ အလှူငွေတွေကို သွားရောက်လှူဒါန်းပေးနေတာဖြစ်ပါတယ်။
“ကျမကတော့ လူမျိုး၊ ဘာသာမခွဲဘူး။ အကုန်လုံးအတွက် သွားပြီး လှူဒါန်းပေးတယ်။ ဆရာတော်(ဘုန်းကြီး)တွေ၊ ဆရာလေးတွေကိုလည်း လှူပေးတာပဲ”လို့ မလွင်လွင်နိုင်က ပြောပါတယ်။
ငလျင်ကြောင့် တိုက်ပြိုကျပြီး သေဆုံးခဲ့၊ ပျောက်ဆုံးနေတဲ့ လူတွေကို ရှာဖွေရေးတွေ ဆက်လုပ်နေပြီး ပြိုကျပျက် စီးနေတဲ့ အဆောက်အအုံတွေကို ရှင်းလင်းရေးတွေ လုပ်နေကြသလို တချို့နိုင်ငံတကာကလာတဲ့ ကူညီကယ်ဆယ် ရေးအဖွဲ့တွေထဲက တချို့တွေလည်း ပြန်သွားကြပါပြီ။
ငလျင်လှုပ်လို့ အိမ်ပြိုပြီး ဇနီးသည်နှင့် သမီးငယ်ကို ဆုံးရှုံးခဲ့ရလို့ မျှော်လင့်ချက် ကင်းမဲ့နေတဲ့ အန္နာမူလာကတော့ ရှင်းလင်းရေးတွေ၊ ပြန်လည်ပြုပြင်တာတွေကို မပြောနဲ့ သူ့ရဲ့အနာဂတ်ကိုတောင် စိတ်မဝင်စားတော့ပါဘူး။
- အကြမ်းဖက်ခံရမှုတွေနဲ့ ပိုမိုနှုတ်ဆိတ်လာတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ - 24/06/2025
- အရွယ်မတိုင်ခင်ရေးခဲ့ကြတဲ့ သေတမ်းစာ - 22/06/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 21/06/2025