မင်းပြားမြို့နယ် ဖားပြိုရွာက မုဒိမ်းကျင့် သတ်ဖြတ်ခံရမှု အကြီးမားဆုံးပြစ်ဒဏ်ပေးဖို့ အမျိုးသမီးအဖွဲ့တွေနှင့် လူမှုရေးအဖွဲ့တွေက ကြေညာချက်ထုတ်တောင်းဆို
သန့်ရှင်းထွန်း
ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်နေ့က ရခိုင်ပြည် မင်းပြားမြို့နယ် ဖားပြိုကျေးရွာက အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့မှုကို အကြီးမားဆုံးပြစ်ဒဏ်ချမှတ်ပေးဖို့ အမျိုးသမီးအဖွဲ့နှင့် လူမှုရေးအဖွဲ့တွေက ကြေညာချက်ထုတ်ပြန်တောင်းဆိုပါတယ်။
အဲဒီကြေညာချက်ကို မေလ ၁၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုခဲ့တာဖြစ်ပြီး ပြစ်မှုလျော့ပေါ့လွတ်ငြိမ်းခွင့်မရှိဘဲ ဥပဒေအောက်တွင် အကြီးမားဆုံးပြစ်ဒဏ်တွေနဲ့ အရေးယူပေးဖို့၊ ကျူးလွန်ခံရသူနဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေအတွက် လူမှုတရားမျှတရေးကို အာမခံပြီး စီရင်ချက်ချမှတ်ပေးဖို့၊ ရခိုင်ပြည်က အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်ကျူးလွန်မှုတွေ နောက်နောင် မဖြစ်ပွားရအောင် ထိရောက်တဲ့ ကာကွယ်တားဆီး
ပေးတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ပြစ်မှုကျူးလွန်သူဟာ မြေပုံမြို့နယ် ငမန်းရဲကျွန်းကဖြစ်ပြီး ဖားပြိုရွာမှာ ယာယီနေထိုင်နေသူဖြစ်တယ်လို့ ရွာခံတွေက ပြောပါတယ်။
ကျူးလွန်ခံရတဲ့ မိန်းကလေးငယ်ကို ဖားပြိုရွာနဲ့ မနီးမဝေးက သစ်ပင်တစ်ပင်မှာ ကြိုးနဲ့တွဲလောင်းအနေအထားတွေ့ရှိခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေများစွာတွေ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
“ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတဲ့ ပုံစံမျိုးထားခဲ့တာပါ။”လို့ ဖားပြိုရွာခံတစ်ဦးက ပြောပါတယ်။
ပြစ်မှုကျူးလွန်သူကို အာရက္ခတပ်တော်(ULA/AA) က ဖမ်းဆီးရမိထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း ရွာခံတွေက ပြောပါတယ်။
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီရဲ့ စစ်ပွဲတွေကြောင့် ပြည်သူအများစု ဒုက္ခမျိုးစုံကြုံတွေ့နေရချိန် သက်ငယ်မုဒိမ်းမှု၊ မုဒိမ်းမှု၊ လူသတ်မှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတယ်လို့ အမျိုးသမီးတွေက ပြောပါတယ်။
လက်ရှိ ဖားပြိုရွာမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်ဆိုးကို လျစ်လျူမရှု့ဘဲ စစ်မှန်သော တာဝန်ခံမှု၊ တရားစီရင်မှုနှင့် တရားမျှတမှုတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ယူဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ကြေညာချက်မှာ ရေးသားထားပါတယ်။
- မိန်းမယူရင် စဥ်းစားဖို့လိုတယ် – ဖျော်ဖြေရေးကဏ္ဍထဲက ဂျဲန်ဒါ - 12/06/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 31/05/2025
- သားယောက်ျားလေးမလိုချင်တော့တဲ့ ရှမ်းပြည်အရှေ့ပိုင်းက ရန်ရှင်းရွာ - 19/05/2025