ဘန်ကောက်ငလျင်ကြောင့် ပျောက်ဆုံးသေဆုံးသူများအရေး မိသားစုဝင်များ အခက်အခဲဖြစ်နေ

နန်းဆိုင်နွမ်

မိမိနေထိုင်တဲ့မြို့ကနေ အခြားနေရာများသို့ တစ်ကြိမ်တခါမျှ မသွားဖူးတဲ့ မပြည့်ပြည့်ဟာ တိုင်းတပါးကို သွားရမှာမို့ ပူပင် သောကတွေ ဖြစ်နေရပါတယ်။  

မပြည့်ပြည့်တစ်ယောက်   စျေးနဲ့အိမ်၊ အိမ်နဲ့စျေးကိုသာ နေ့စဉ်နဲ့အမျှ သွားလာနေရာကနေ တခါမှ မစဉ်းစားဖူးတဲ့ တိုင်းတပါး ခရီးစဉ်ကို ရုတ်တရက်သွားဖို့ ကြုံလာရတာဖြစ်ပါတယ်။

သွားရမယ့်ခရီးစဉ်ကလည်း အပျော်ခရီးမဟုတ်ဘဲ ပူပန်သောကတွေ၊ စိတ်ဒုက္ခတွေပြည့်နှက်နေရတဲ့ ခရီးစဉ်ဖြစ်နေပေမယ့် မပြည့်ပြည့်တစ်ယောက် မသွားမဖြစ် သွားရမှာပါ။

မပြည့်ပြည့်ရဲ့ ညီမဟာ လွန်ခဲ့တဲ့ မတ် ၂၈​ ရက်က လှုပ်ခတ်တဲ့ အင်းအားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Chatuchak  (ချက်တူချက်) နယ်မြေမှာရှိတဲ့ ဆောက်လုပ်နေဆဲ အထပ် (၃၀) တိုက် ပြိုကျတဲ့အထဲမှာ ပါဝင်သွားခဲ့ပါတယ်။

ငလျင်ကြောင့် တိုက်ပြိုကျတဲ့ အဆောက်အဦမှာ  မြန်မာ၊ လာအို၊ ထိုင်း အပါအဝင် အလုပ်သမား ၄၀၀ ထက်မနည်း လုပ်ကိုင် နေပြီး လက်ရှိမှာတော့ အလောင်း ၄၆ ဉီးသာ ပြန်တွေ့ရပြီး အများအပြားပျောက်ဆုံးနေဆဲပါ။

အဲဒီပျောက်ဆုံးနေတဲ့အထဲမှာ မပြည့်ပြည့်ရဲ့ ညီမအရင်းတော်စပ်သူ မဆွေဆွေဝင်းလည်း ပါဝင်နေပါတယ်။

မဆွေဆွေဝင်းဟာ အသက် ၄၃ နှစ်အရွယ်ရှိပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ အုတ်တွင်းမြို့မှာ နေထိုင်သူဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှာဖွေစားသောက်ရတာ ခက်ခဲလာတဲ့အတွက် ခင်ပွန်းဖြစ်သူနဲ့အတူ လွန်ခဲ့တဲ့ ၂ နှစ်က ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့ကို သွားရောက်ခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းမှာ ကော်ဆန့်လို့ခေါ်တဲ့ ပန်းရံအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့အချိန်မှာ မဆွေဆွေဝင်းရဲ့ခင်ပွန်းက အသက်ဘေးကလွှတ်မြောက်လာခဲ့ပေမယ့် သူမကိုတော့ လက်ရှိအချိန်ထိ ရှာဖွေမတွေ့သေးပါဘူး။

ငလျင်ဘေးကြောင့် သေဆုံးသွားခဲ့တဲ့  မည်သည့်အလုပ်သမားကိုမဆို အထောက်အထားနဲ့ အချက်အလက်တွေ ပြည့်စုံရင် နစ်နာကြေးအဖြစ် ထောက်ပံ့ငွေ ဘတ် ၁၇  သိန်း ပေးသွားမယ်လို့ ထိုင်းအစိုးရက ဧပြီလဆန်းပိုင်းမှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် သေဆုံးသွားတဲ့သူရဲ့ ရုပ်အလောင်းနဲ့ ၎င်းရဲ့ဆွေမျိုးတော်စပ်သူ မိဘ (သို့မဟုတ်) မောင်နှမသွေးရင်းသားရင်း တစ်ဉီးဉီးရဲ့ DNA နဲ့ တိုက်စစ်ပြီးမှ ပေးဆောင်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အသက်ဘေးမှ လွှတ်မြောက်ခဲ့တဲ့ မဆွေဆွေဝင်းရဲ့ ခင်ပွန်းသည်က နစ်နာကြေးကို ထုတ်ယူခွင့်မရှိပဲ သူမရဲ့မိဘနှစ်ပါး (သို့) မောင်နှမ သွေးရင်း တစ်ဉီးဉီးက ထိုင်းနိုင်ငံသို့ သွားရောက်ပြီး နစ်နာကြေးကို ထုတ်ယူရမှာဖြစ်ပါတယ်။

ဒ့ါကြောင့် သူမရဲ့ မိဘနှစ်ပါးအနက် အဓိကအားဖြင့် အမေနဲ့ အစ်မဖြစ်သူက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုသွားဖို့ အကြောင်း ဖန်လာခြင်း ဖြစ်ပါတယ်။

“ အစကတော့ ကျမတို့က သူ့အမျိုးသားနဲ့ပဲ လွှဲမလို့၊ ဒါပေမယ့် မိဘနှစ်ပါးနဲ့ မောင်နှမ အရင်းတွေလာရမယ်ဆိုတော့ ကျမနဲ့ အမေသွားရမယ်။ ပတ်ပိုစ့် (နိုင်ငံကူးလက်မှတ်) လည်း လုပ်ရမယ်။ တခါမှ အဝေးကို မသွားဖူးတော့ ခက်ခဲတာပေါ့” လို့ မပြည့်ပြည့်က ပြောပါတယ်။

လက်ရှိမှာ မဆွေဆွေဝင်းရဲ့ မိခင်ဟာ ပတ်ပို့စ်မရှိသေးတဲ့အတွက် ခရီးသွားရန် အချိန်ကြန့်ကြာနိုင်ပြီး၊ မိခင်ဖြစ်သူရဲ့ အသက်ကလည်း  ၇၀ ကျော်ပြီဖြစ်ကာ ကျန်းမာရေး မကောင်းသူဖြစ်လို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှာကိုလည်း စိုးရိမ်နေရ  ကြောင်းလည်း မပြည့်ပြည့်က စိတ်မကောင်းစွာ ပြောပါတယ်။

“ အမေမှာက ဒူးနာ၊ သွေးတိုး၊ ဆီးချိုရှိတယ်။ သွားရလာရတာ ခက်တယ်လေ။ နောက်မဆွေဆွေဝင်းက မိဘတွေ အားထားရတဲ့သမီးဖြစ်တယ်။ အခုက ပျောက်နေတာပဲကြားသေးတာ သတင်းဆိုးထပ်ကြားရင် အ‌မေခံနိုင်ရည်မရှိမှာ ကြောက်တယ်” လို့ သူက ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် ပျောက်ဆုံးနေတဲ့ သမီးအကြောင်းကို ကြားကြားချင်းမှာ မိခင်ဖြစ်သူက စိတ်ထိခိုက်တုန်လှုပ်နေပြီး  အဲဒီအချိန်ကစလို့ ထမင်းမစားနိုင်ဘဲ အားပြတ်နေကြောင်း၊ မဆွေဆွေဝင်းဟာ မိခင်ကို အနည်းဆုံး ကျပ်ငွေ ၅ သိန်းမှ အများ ဆုံး ၈ သိန်းအထိ လစဉ်မပြတ်ထောက်ပံ့နေသူဖြစ်ကြောင်း သူကပြောပြပါတယ်။

မဆွေဆွေဝင်းဟာ မိဘနှစ်ပါးအတွက် အားကိုးရသူ၊ ကျေးရွာအလှူအတန်းတွေမှာလည်း ရက်ရောသူဖြစ်သလို မောင်နှမ သားချင်းတွေကိုလည်း ငဲ့ညှာသူတစ်ဦးဖြစ်ပါတယ်။

အလားတူ မပြည့်ပြည့်လို ရပ်ဝေးရွာဝေး ခရီးမထွက်ဖူးတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့က မနှင်းနှင်းဉီးနဲ့ သူမရဲ့မိခင် တို့ဟာလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကို သွားဖို့အရေး တွေးပူနေကြရပါတယ်။

မနှင်းနှင်းဉီးရဲ့ တဉီးတည်းသော မောင်လေးဖြစ်တဲ့ ကိုချစ်ဉီးလည်း ငလျင်ကြောင့် ဆောက်လက်စတိုက်ပြိုကျတဲ့အထဲက ပျောက်ဆုံးစာရင်းမှာ ပါဝင်နေတာပါ။

ပျောက်ဆုံးမှုသတင်းကြားပြီးနောက်ပိုင်းမှာ မိခင်နဲ့ အစ်မဖြစ်သူ မနှင်းနှင်းဉီးတို့ဟာ အရူးတပိုင်းဖြစ်ခဲ့ပြီး၊ မိခင်ဖြစ်သူဟာ အစာမစားနိုင်ဘဲ နေ့စဉ်နဲ့အမျှ သားရဲ့ဓာတ်ပုံကိုကြည့်ပြီး ငိုကြွေးနေခဲ့ပါတယ်။

“ တိုက်ပြိုတဲ့သတင်းတွေကြားကြားချင်းပဲ ကျမဆိုရင် ဘာလုပ်ရမှန်းမသိ လမ်းထဲမှာ ပြေးလွှားပြီး ငိုယိုနေခဲ့တာ။ အမေ ဆိုရင်လည်း အခုထိ ထမင်းစားမဝင်ဘူး။ သားဇောနဲ့ ဓာတ်ပုံကြည့်လိုက်၊ ငိုလိုက်ပဲ။ ကျမတို့ ရူးသွားသလိုပဲ” လို့ မနှင်း နှင်းဉီးက တုန်ရီတဲ့လေသံနဲ့ ပြောလာပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရန် ပတ်ပိုစ့်မရှိတဲ့အတွက် အခက်အခဲဖြစ်နေကြကြောင်း၊ လက်ရှိမှာ နိုင်ငံရေး၊ စစ်ရေး၊  ငလျင်အရေးတွေကြောင့် ပတ်ပိုစ့်ပြုလုပ်တဲ့ နေရာကို စုံစမ်းရင်း ကြန့်ကြာနေကြောင်းလည်း သူက ပြောပါတယ်။

“အရင်က ကျမတို့ အောက်လမ်းကို တစ်ယောက်ကျပ် ၂၅ သိန်း၊ နှစ်ယောက်ဆိုတော့ သိန်း ၅၀ နဲ့သွားမလို့၊ ဒါပေမယ့် ပတ်ပိုစ့်နဲ့သွားရမယ်ဆိုတော့ ပတ်ပိုစ့်လုပ်ရအုံးမယ်။ လောလောဆယ်ပတ်ပိုစ့်လုပ်ဖို့ စုံစမ်းနေတုန်းပါ။ ပြီးရင် ခရီးသွားဖို့ကအစ ဘယ်လိုသွားရမယ်ဆိုတာ မသိသေးဘူး” လို့ မနှင်းနှင်းဉီးက စိတ်လှုပ်ရှားတဲ့လေသံနဲ့ပြောပါတယ်။

မိခင်ဖြစ်သူဟာ အသက်အရွယ်ကြီးပြီဖြစ်ပြီး သွေးတိုး၊ ဆီးချိုရှိတဲ့အတွက် ခရီးသွားတဲ့အချိန်မှာ ကျန်းမာရေးမထိခိုက်ဖို့ ဆုတောင်းနေရတယ်လို့ သူကဆိုပါတယ်။

တကြိမ်တခါမှ ခရီးဝေးမသွားဖူးသူတွေအနေနဲ့ တိုင်းတစ်ပါးကို အခုလိုသောကစိတ်တွေနဲ့ စွန့်စားပြီးသွားရမှာဖြစ်တဲ့အတွက် မနှင်းနှင်းဉီးတစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတာပါ။

ဒါပေမယ့်လည်း “ အမေနဲ့ကျမ သွားမှဖြစ်မှာမှာဆိုတော့ ကြောက်လည်း သွားရမှာပဲလေ။ မောင်လေးရုပ်ကို တွေ့ဖို့ မြင်ဖို့ သွားရမယ်။ အသက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရောက်အောင်သွားမယ်။ အချိန်ကြာရင်ကြာပါစေ၊ ကျမတို့ ရောက် အောင်သွား မယ်” လို့ မနှင်းနှင်းဉီးက အားတင်းပြီးတော့ ပြောပါတယ်။​

သေဆုံးသွားသူတွေနဲ့ သူတို့ရဲ့မိဘ (ဒါမှမဟုတ် ) မောင်နှမသားချင်းရဲ့ DNA စစ်ဆေးရန်အတွက် ထိုင်းအစိုးရက ရက်ပေါင်း (၁၈၀) ပေးထားတဲ့အတွက် သူတို့အရောက်သွားနိုင်မယ်လို့ ယုံကြည်မျှော်လင့်နေပါတယ်။

ကိုချစ်ဉီးဟာ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် အလုပ်ရှာပေးတဲ့ကုမ္ပဏီတစ်ခုနဲ့ချိတ်ဆက်ပြီး တရားဝင် သွားရောက်အလုပ်လုပ်နေတာ ရှစ်လသာရှိသေးကြောင်းနဲ့ လက်ရှိမှာ ကုမ္ပဏီဘက်မှ  တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့အပြင် ဘန်ကောက်သွားသို့ လိုက်သွားရန်အတွက် ဖုန်းဆက်မေးမြန်းရာမှာလည်း ပြန်လည်ဖြေကြားမှုမရှိဘူးလို့ ပြောပါတယ်။

“ ကျမတို့က ဒီကနေ ဘယ်ကိုမှ မသွားဖူးဘူး။ ဒါကြောင့် ဘန်ကောက်သွားဖို့ လမ်းကြောင်းလေးမေးချင်တာတောင် မဖြေပေးချင်ဘူး” လို့ သူက ဆိုပါတယ်။

မနှင်းနှင်းဉီးဟာ မောင်ဖြစ်သူရဲ့ သတင်းကြောင့် စိုးရိမ်ပူဆွေးနေရသလို ဘေးမှာရှိတဲ့မိခင်ကို ကြည့်ပြီးတော့လည်း ပူပန်သော ကရောက်ရပြန်ပါတယ်။

“ အမေကိုကြည့်ပြီးပူရ၊ လိုင်းပေါ်က ပြိုနေတဲ့တိုက်ပုံတွေကိုကြည့်ပြီး ဝမ်းနည်းရ၊ ပူဆွေးရနဲ့ ဘေးက အမေ့ကိုလည်း ပုံလဲကျ မသွားအောင်လည်း ထိန်းနေရတယ်” လို့ သူက ဆက်ပြောပြန်ပါတယ်။​

တကြိမ်မှ ခရီးမထွက်ဖူးတဲ့ မနှင်းနှင်းဉီးတို့ဟာ လက်ရှိမှာတော့ စိုးရိမ်ပူပန်မှုမျိုးစုံနဲ့ စိတ်ဓာတ်ကျတလှည့်၊ ပျောက်ဆုံးနေ တဲ့မောင်လေးကို ရုပ်အလောင်းဖြစ်ဖြစ် ရှာဖွေတွေ့ရှိဖို့ ဆုတောင်းတလှည့်၊ အားငယ်လိုက်၊ အားတင်းလိုက်နဲ့ နေ့စဉ်ဖြတ် သန်းနေရပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ငလျင်ကြောင့် ဆောက်လက်စတိုက်ပြိုကျမှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရမှ စုံစမ်းစစ်ဆေးမှု ပြုလုပ် ရာမှာ တိုက်ကိုတည်ဆောက်သူတွေထဲမှာ နာမည်ကြီးတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီ ပါဝင်တည်ဆောက်တာကို တွေ့ရှိထား ပါတယ်။

အဲဒီတိုက်ကို တည်ဆောက်ရာမှာ အသုံးပြုတဲ့ စတီးလ်ချောင်း (သံချောင်း) ကို ယူပြီး စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ရာမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မတူညီတဲ့ သံမဏိအမျိုးအစား ၆ မျိုးကို တွေ့ရှိရပြီး၊ အဲ့ဒီသံမဏိအမျိုးအစား အားလုံးက ကုမ္ပဏီတစ်ခုတည်းမှ ထုတ်လုပ်ထားတာကို တွေ့ရတယ်လို့  ထိုင်းစက်မှုလုပ်ငန်းဝန်ကြီးက ဧပြီ ၃ ရက်မှာ ပြောဆိုလာပါ တယ်။

ပြိုကျသွားတဲ့အဆောက်အဦထဲမှာ ဧပြီ ၂၁ ရက်နေ့ မနက်ပိုင်းအထိ ထိခိုက်ဒဏ်ရာရရှိသူ ၁၀၄ ဦးရှိပြီး ထိုထဲမှ သေဆုံးသူ ၄၆ ဦး၊ ဒဏ်ရာရရှိသူ ၉ ဦးနဲ့ ပျောက်ဆုံးနေသူ ၅၀ ဦးအထိရှိကြောင်း၊ ဧပြီ ၂၁ ရက်ထိ စက်ယန္တယားကြီးတွေနဲ့  ၂၄ နာရီ ဆက်လက် ရှာဖွေနေကြောင်း၊ ပြိုကျနေတဲ့အဆောက်အဦမှ ရွှေ့ပြောင်းအလုပ်သမားများကို ကူညီနေသူ မသက်သက်ဉီးက ပြောပြ ပါတယ်။

“ဒီနေ့အထိ အလောင်းတွေကို ဆက်ရှာနေတုန်းပါ။ သေဆုံးသူ၊ ပျောက်ဆုံးသူတွေကတော့ ဘယ်သူတွေဆိုတာ မသိရ သေးဘူး။ ဒါကြောင့် DNA စစ်ဆေးဖို့လိုပါတယ်။ ဒဏ်ရာရတဲ့ ၉ ဦးထဲမှာ ၆ ဦးကတော့ မြန်မာလူမျိုးပါ။ ကျမတို့ ဘာသာပြန်သွား လုပ်ရင်နဲ့ သိခဲ့ရတာပါ” ဟု မသက်သက်ဉီးက ဆိုပါတယ်။​

လက်ရှိမှာ သေဆုံးသူ မည်သူမည်ဝါဆိုတာကို သိရှိရန်အတွက် မိဘနှင့် မောင်နှမရင်းခြာများ ကိုယ်တိုင်လာရောက်ပြီး DNA စစ်ဆေးရန်လိုအပ်ကြောင်း၊ ထိုသို့လာပါက တရားဝင်လမ်းကြောင်းဖြင့်လာမှ ပိုအဆင်ပြေမှာဖြစ်ကြောင်းလည်း မသက် သက်ဉီးက ပြောပါတယ်။

“  အဓိကတော့ တရားဝင်လာစေချင်တယ်။ သူတို့ DNA စစ်မယ်။ ပြီးတော့ ထိုင်းအစိုးရကလည်း သေဆုံးသွားသူတွေအတွက် နစ်နာကြေးကို လွှဲပြောင်းဖို့လည်း ရှိတော့ တရားဝင်လမ်းကြောင်းနဲ့လာတာ ပိုကောင်းပါတယ်။ ကျမ အခုကူညီနေတဲ့သူတွေ၊ ဘာသာပြန်ပေးရတဲ့သူတွေဆိုရင်  ပတ်ပိုစ့်လုပ်ဖို့နဲ အပေါ်လမ်းနဲ့လာဖို့ ပြောထားပါတယ်” သူက ပြောလာပါတယ်။

ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ဆဲ စာရင်းစစ်ရုံးအဆောက်အဦ ပြိုကျမှုနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီမှ တရုတ်နိုင်ငံသားအမှုဆောင်တဦးကို ထိုင်းအစိုးရတွေက ဖမ်းဆီးလိုက်ကြောင်း ဧပြီ ၂၁ ရက် ထိုင်းသတင်းဌာနများက ဖော်ပြထားပါတယ်။

အဆောက်အဦပြိုကျမှုနဲ့ပတ်သက်ပြီး ထိုင်းတရားရေးဝန်ကြီး Tawee Sodsong က နိုင်ငံခြားစီးပွားရေး အက်ဥပဒေ ဖောက်ဖျက်မှုနဲ့ အမှတ် ၁၀ တရုတ်မီးရထားလုပ်ငန်းမှ ထိုင်းနိုင်ငံသား ၃ ဦးအပါအဝင် လူ ၄ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း ဧပြီ ၂၀ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆောက်လက်စ တိုက်ပြိုကျမှုရာမှ လွှတ်မြောက်လာတဲ့ အလုပ်သမားအမျိုးသမီးတစ်ဦးက “ ကျမခုလိုလွှတ်လာမယ်လို့ မထင်ထားဘူး။ လုပ်ဖော်ကိုင်ဖက်တွေ ပျောက်နေတော့ တော်တော်စိတ်မကောင်းဖြစ်တယ်။ ထမင်းအတူစားကြ၊ ဟာသတွေ အတူပြောနေကျဆိုတော့ မျက်လုံးထဲပြန်မြင်ယောင်နေတယ်။ အလောင်းမဖော်နိုင်သေးတဲ့ သူငယ်ချင်းတွေ ကျန်သေးတယ်” လို့ စိတ်မကောင်းစွာနဲ့ပြောပြပါတယ်။

လက်ရှိမှာတော့ သူမအနေဖြင့် အလုပ်မလုပ်နိုင်သေးဘဲ ပြိုကျနေတဲ့အဆောက်အဦနားကို နေ့စဉ်ရောက်လာပြီး၊ ပျောက်ဆုံး နေတဲ့သူငယ်ချင်းတွေကို စောင့်မျှော်နေကြောင်း၊ အလုပ်ပြန်ဝင်ရန်လည်း အားပြန်မွေးနေရကြောင်း ပြောပြပါတယ်။

“တိုက်မြင့်တွေမှာ ကျမ နေတောင်မနေရဲသေးဘူး။ အခုထိလန့်နေတုန်းပဲ။ ငလျင်တွေက ဆက်ပြီးလှုပ်နေသေးတော့ ကြောက် တာပေါ့။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တောင် ပြန်မဝင်ရဲတော့ဘူး” လို့ သူက ဆိုပါတယ်။

ပြိုကျသွားတဲ့တိုက်ကို ဆောက်နေတဲ့ကုမ္ပဏီတွေအနေနဲ့ တာဝန်ယူစေချင်ကြောင်း၊ ထိုင်းအစိုးရအဖွဲ့ကိုလည်း ပျောက်ဆုံးသူတွေ၊ သေဆုံးသွားသူရဲ့ မိသားစုရှေ့ရေးကို သေချာကြည့်ရှုပေးစေလို့ကြောင်း မဆွေဆွေဝင်းရဲ့ အစ်မဖြစ်သူ မပြည့်ပြည့်က ပြောဆိုလိုက်ပါတယ်။

“ အခုက အသက်တစ်ချောင်းအလကားထွက်သွားသလိုပဲ။ တိုက်တွေပိပိပြားပြားပြိုကျနေတာတွေ့ရတော့ တော်တော်ကို လုံခြုံမှု မရှိဘူးလို့ပဲပြောရမယ်” လို့ မပြည့်ပြည့်က ထောက်ပြပါတယ်။

ပျောက်ဆုံးနေတဲ့မောင်ဖြစ်သူကို ပြန်မြင်ဖို့အတွက် ကျန်းမာရေးနလံထူနိုင်အောင်  ကြိုးစားနေပြီး၊ ဘယ်လောက်ပင် ခက်ခဲ နေပါစေ၊ ရောက်အောင်သွားမယ်၊ အသက်မရှင်ရင်တောင် ရုပ်ကလာပ်ကို သွားကြည့်ပြီး ဗုဒ္ဓဘာသာဝင် ဓလေ့ထုံးတမ်းအရ အလှူအတန်းလုပ်ပေးမယ်လို့ မနှင်းနှင်းဉီးကလည်း မျက်ရည်မကျအောင် ထိန်းပြီး ပြောလိုက်ပါတယ်။

လက်ရှိအချိန်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ဆဲ စာရင်းစစ်ရုံးအဆောက်အဦ ငလျင်ကြောင့် ပြိုကျမှု အတွင်း ပျောက်ဆုံး၊ သေဆုံးသွားသည့် ရွှေ့ပြောင်းအလုပ်သမားတွေအရေးကို စစ်ကောင်စီရဲ့ မြန်မာနိုင်ငံသံရုံးနှင့်  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်က တစုံတရာဆက်သွယ်စီစဉ်ဆောင်ရွက်ပေးမှုများ မရှိသေးကြောင်းလည်း သိရှိရပါတယ်။

Author: