စစ်တွေမြို့နယ်က စစ်ဘေးရှောင် အမျိုးသမီး လေးယောက်ရေနစ်သေဆုံး
ညီထွေး
ရခိုင်ပြည်မြောက်ပိုင်း၊ ရသေ့တောင်မြို့နယ်မှာ စစ်ဘေးရှောင်နေတဲ့ စစ်တွေမြို့နယ်က စစ်ဘေးရှောင် အမျိုးသမီး ၄ ယောက် ရေနစ်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သူတို့တွေဟာ ရသေ့တောင်မြို့နယ်၊ ချိန်ခါလီကျေးရွာမှာ စစ်ဘေးရှောင်နေကြတာဖြစ်ပြီး မေလ ၂၁ ရက် ညနေ ၄ နာရီကျော်အချိန် ကျေးရွာအနီး၊ ရေမြောင်းတစ်ခုမှာ ရေချိုးနေချိန် ရေနစ်မြုပ်သေဆုံး သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” အဲဒီမြောင်းထဲ ညီအစ်မလေးယောက် ရေချိုးနေရင်းနဲ့ အခုလိုရေနစ်မြုပ်ပြီး သေဆုံးခဲ့ကြတာပါ” လို့ ရသေ့တောင်မြို့နယ်က အမျိုးသမီးတစ်ယောက်က ပြောပါတယ်။
သေဆုံးသွားသူတွေကတော့ အသက် ၁၅ နှစ်အရွယ် မဌေးဌေးဝင်း၊ အသက် ၁၆ နှစ်အရွယ် မငြိမ်းငြိမ်း လှိုင်၊ အသက် ၂၀ ကျော်အရွယ် မဇိမချေ(ခ)လှလှဝင်း နဲ့ အသက် ၂၃ နှစ်အရွယ် မဌေးဝင်းဦးတို့ ဖြစ်ကြ ပါတယ်။
သေဆုံးသွားသူတွေကို မေလ ၂၂ ရက် ညနေပိုင်းမှာ သင်္ဂြိုလ်သွားမယ်လို့ သိရပါတယ်။
တိုက်ပွဲပြင်းထန်လာတဲ့အချိန်ကစပြီး စစ်တွေမြို့နယ်အတွင်းက ဒေသခံတွေမှာ ပြည်မဖြစ်တဲ့ ရန်ကုန်မြို့ နဲ့ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးရှောင်အမျိုးသမီး ၂ ယောက် ရေနစ်သေဆုံးသွားခဲ့ကြပါသေးတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ဒေသမှာရှိတဲ့ စစ်ဘေးရှောင်အမျိုးသမီးတွေဟာ ကဏ္ဍအသီးအသီးမှာ ထိခိုက်နစ်နာမှုနဲ့ မလုံခြုံမှုတွေရှိနေပါတယ်။
ဓာတ်ပုံ – ABN
ပုံစာ – ရေနစ်မြုပ်သေဆုံးသွားတဲ့ အမျိုးသမီးတွေ။
- “တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း” - 14/07/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025