ငလျင်ဒဏ်သင့် မသန်စွမ်းအမျိုးသမီးတွေ ဘာတွေလိုအပ်နေသလဲ..

ခင်ဘုန်းမို့

သက်ြန်ပိတ်ရက်နားနီးတော့ အပ်ထည်တွေကို အပြီးချုပ်ပေးဖို့အတွက် မသန်းနွယ်တယောက် မနက်စောစောနိုးနေ ခဲ့ပါတယ်။ လုပ်စရာရှိတဲ့အလုပ်တွေကို လက်စသတ်နေခဲ့တယ်။ နေ့လည်ရောက်တော့ ထမင်းစားပြီး အလုပ် စားပွဲမှာ ပြန်ထိုင်ရင်း မိခင်ဖြစ်သူနဲ့ စကားပြောနေစဉ်မှာ  ငလျင်လှုပ်တာကို ကြုံရတယ်။

ခါတိုင်းတွေလိုပဲ ငလျင်အသေးစားလို့ မှတ်ခဲ့ပေမယ့် မထင်မှတ်ထားပဲ ခပ်ကြမ်းကြမ်းတုန်ခါမှုနဲ့အတူ အိမ်ထဲရှိ ပစ္စည်းတွေ တဝုန်းဝုန်းနဲ့ပြုတ်ကျကွဲထွက်ကုန်တယ်။ ဘီဒီုကြီးတွေပွင့်ပြီး အထဲကအဝတ်တွေပြုတ်ကျ၊ မသန်းနွယ် ရဲ့ အပ်ချုပ်စက်တွေ အတုံးအရုန်းလဲပြိုပြီး စက္ကန့်အနည်းငယ်လေးအတွင်းမှာ ကမ္ဘာပျက်မတတ်ပါပဲ။

အဲဒီအချိန်မှာ မသန်းနွယ်တစ်ယောက် ခုံပေါ်ကနေ အောက်ဆင်းထိုင်ပြီး ထိတ်ထိတ်လန့်လန့်ဖြစ်နေခဲ့ပေမယ့် ထွက်ပြေးဖို့လည်း မလွယ်ကူခဲ့ပါဘူး။

“ပထမအကြိမ် တဝုန်းဝုန်းနဲ့ အသံအကျယ်ကြီးနဲ့ အပြင်းကြီးလှုပ်ပြီးမှ  အစက ထရမလား၊ မထပဲဆက်နေရမလား၊ စဉ်းစားနေတဲ့အချိန် အမေကလည်း အရမ်းအကြောက်ကြီးနေပြီ။ အဲဒီတော့မှ ဂျိုင်းထောက်ယူပြီး မနည်းထွက်ရတယ်”လို့ မသန်းနွယ်က သူ့အတွေ့အကြုံကိုပြောပြပါတယ်။

အပြင်ရောက်တဲ့အချိန်မှာတော့ အိမ်နားနီးချင်းတွေရဲ့အကူအညီနဲ့ ဓာတ်တိုင်နဲ့လွတ်တဲ့နေရာ၊ အဆောက်အဦး ကြီးကြီးမားမားတွေနဲ့လွတ်တဲ့နေရာကို ထွက်ပြေးခဲ့ရတယ်။

“ပထမအကြိမ်လှုပ်ပြီး ထွက်လာတဲ့အချိန်မှာ အိမ်နီးနားဝန်းကျင်က ကူညီတယ်။ ဒါပေမယ့် သူတို့က မသန်စွမ်းရဲ့ သဘောတရားကို မသိတဲ့အခါကျတော့ ကျွန်မရဲ့ဂျိုင်းထောက်ကိုင်တဲ့ဘက်ကိုဆွဲတာ အမှန်တော့ကူညီတာပေါ့၊ သူတို့က ဆွဲပြေးတာ၊ ပြေးတဲ့အချိန်မှာ ဘယ်လိုဖြစ်သလဲဆိုတော့ ကျွန်မကို ချုပ်လိုက်သလိုဖြစ်သွားတာ ကျွန်မ လှမ်းလို့ မရတော့ဘူး။ လှမ်းမယ့်ဘက်ကို လာချုပ်တော့ လဲသွားတာ။  ကိုယ်ကလည်း အသက်အရွယ်ရတာရော ကိုယ့်ရဲ့ခန္ဓာကိုယ်အနေအထားနဲ့ ဘယ်လိုမှပြန်မထနိုင်ဘူးဖြစ်သွားတာ အဲဒီမှာတော်တော်ကြီးကြာတယ်။ ပြီးမှ နည်းနည်းလွတ်တဲ့နေရာကို ရောက်နိုင်တယ်”လို့ မသန်းနွယ်က အဲဒီတုန်းက အဖြစ်အပျက်ကိုပြောပြပါတယ်။

ငလျင်လှုပ်နေတဲ့အချိန် ဘေးပတ်ဝန်းကျင်မှာလည်း လူတွေ၊ အိမ်တွေ အလဲလဲအပြိုပြိုဖြစ်နေတာတွေမြင်တော့ နေလာခဲ့တဲ့တလျှောက် အကောင်းဆုံးနေထိုင်ရှင်သန်ခဲ့ပြီးပြီ၊ ဒီအချိန်မှာတော့ ဘာမှမလုပ်နိုင်တော့ဘူး၊ မလွတ်တော့ဘူးဆိုပြီး ဘုရားတရားကိုသာ အာရုံပြုပြီး ကျော်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား (၇.၇) ရှိငလျင်ကြောင့် မသန်စွမ်းသူအမျိုးသမီးတွေဟာ  သာမန်ပြည်သူတွေထက် နှစ်ဆပိုတဲ့ အခက်အခဲဒုက္ခတွေနဲ့ ရင်ဆိုင်ကြရပါတယ်။

လစဉ်သုံးပစ္စည်းနဲ့ တကိုယ်ရေသန့်ရှင်းမှုအခက်အခဲ

အသက်(၄၂)အရွယ်ရှိတဲ့မသန်းနွယ်ဟာ  မန္တလေးမြို့မှာနေထိုင်ကာ စက်ချုပ်တဲ့အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း  ပြုနေတဲ့ ကိုယ်အဂ်ါမသန်စွမ်းသူတစ်ဦးဖြစ်ပါတယ်။

မသန်းနွယ်တို့အိမ်က နှစ်ထပ်အိမ်ဖြစ်ပြီး ငလျင်ဖြစ်ပြီးတဲ့အခါ လုပ်ငန်းပစ္စည်းတွေ ပျက်စီးတာကလွဲရင် ကြီးကြီး မားမားထိခိုက်တာမရှိပေမယ့် ဘေးနားက အိမ်တွေအခြေအနေဆိုးတာကြောင့် အိမ်မှာမနေရဲတော့ဘဲ အသိ တစ်ဦးရဲ့အိမ်မှာ သွားရောက်နေထိုင်ရပါတယ်။

အိမ်သာနဲ့ရေချိုးတဲ့နေရာတွေဟာ အများသုံးနေရာမှာသုံးရတဲ့အတွက် အခက်အခဲတွေနဲ့ကြုံတွေ့ရပါတယ်။ အမျိုး သမီးတစ်ဦးလည်းဖြစ်တဲ့အတွက် ရေချိုးရတာ စိတ်မလုံခြုံမှုတွေလည်း ခံစားရပါတယ်။ အများနဲ့စုပြီးသုံးရတဲ့ အိမ်သာဖြစ်တဲ့အတွက် မသန်စွမ်းသူတွေအတွက် ပိုအခက်ကြုံရတယ်လို့ မသန်းနွယ်က‌ပြောပါတယ်။

မသန်းနွယ်နည်းတူ ငလျင်ဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရသူကတော့  မန္တလေးမှာနေထိုင်တဲ့ အသက် (၄၀) အရွယ် မစန်းအေးဖြစ်ပါတယ်။

ငလျင်လှုပ်တဲ့နေက မျက်စိမမြင်တဲ့မိခင်ဖြစ်သူနဲ့ ကိုယ်အဂ်ါမသန်စွမ်းသူဖြစ်တဲ့ မစန်းအေးတို့ဟာ ပြေးလည်းမပြေး နိုင်ဘဲ အသက်ရှင်ဖို့တောင် မတွေးဘဲနေခဲ့ပါတယ်။

“ကိုယ်ကလည်း အရေးကြုံရင် ပြေးလို့ကမရ၊  သွားတာလာတာတော့ ချိုင်းထောက်နဲ့ဆိုပေမယ့်လေ၊  တကယ့် တကယ်ဖြစ်ပြီဆို ဂယောင်ခြောက်ခြားဖြစ်သွားပြီ၊ တယောက်ထဲလည်း သွားလို့မရ၊ အမေ့လည်းထားခဲ့လို့မရ၊ ဖြစ်ချင်ရာဖြစ်ဆိုပြီး ဘုရားစာဆိုရင်း အမေ့နားမှာပဲ နေနေလိုက်တယ်”လို့ မစန်းအေးက အဲဒီနေ့က အတွေ့အကြုံ ကို ပြောပြပါတယ်။

မစန်းအေးတို့အိမ်ကတော့ ငလျင်ဒဏ်ကြောင့် မျက်နှာကြက်နဲ့လှေကားယိုင်နဲ့သွားပြီး လူနေလို့မရတော့ဘဲ လမ်း ဘေးမှာပဲ နေလုံမိုးလုံ အမိုးအကာလေးလုပ်ပြီး နေထိုင်နေပါတယ်။

သွေးထွက်သံယိုဒဏ်ရာရပြီး ထိခိုက်တာမျိုးမရှိပေမယ့် လန့်ပြီး ခြေလက်တွေက ကျုံ့နေတာမျိုးတွေဖြစ်တယ်လို့ ဆိုပါတယ်။

သာမာန်အမျိုးသမီးတွေတောင် အပေါ့အပါးသွားဖို့ အဆင်မပြေတာမျိုးရှိတော့ မစန်းအေးတို့လို့ မသန်စွမ်းအမျိုး သမီးတွေအတွက် အများကြီးပိုလို့ ခက်ခဲပါတယ်။

စားရေးသောက်ရေးက အလှူရှင်တွေရှိနေသေးတဲ့အတွက် အဆင်ပြေပေမယ့် တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ ဓမ္မတာ ဖြစ်စဉ်အတွက် အလွန်စိတ်ပူနေပါတယ်။

မစန်း‌အေး အဓိကစိတ်ပူပန်နေတာက လစဉ်သုံးပစ္စည်းရှိပေမယ့် လဲဖယ်ဖို့နဲ့ အဝတ်အထည်ပေခဲ့ရင် လျှော်ဖွတ်လို့ မလွယ်ကူတာကို စိတ်ပူပန်နေတာပါ။ အခုလိုလျှော်ဖွတ်လို့ မလွယ်တဲ့အချိန်မှာ တခါသုံးစွန့်ပစ်လို့ရမယ့် ဒိုင်ဘာလိုမျိုး လိုအပ်တယ်လို့ ဆိုပါတယ်။

“လစဉ်သုံးပစ္စည်းက ရှိပေမယ့် ကိုယ့်အိမ်မှာဆိုရင်တော့ လစဉ်သုံးပစ္စည်းတွေ ခံပြုပြီးနေရင် အဆင်ပြေတယ်။ လျှော်ဖွတ်လို့လည်း လွယ်တယ်။ အခုလို လျှော်ဖွတ်လို့ မလွယ်တဲ့အချိန်မှာ တွဲလျက်သုံးပြီး စွန့်ပစ်လို့ရမယ့် ပစ္စည်းတွေလိုတယ်။ အခုချိန်ဘယ်လိုက်ရှာရမလဲ၊ ရှာဖို့ကခက်တယ်။ လှူတဲ့ဝေတဲ့ခြမ်းတဲ့အထဲမှာလည်း မပါ‌တော့လေ။ အကူအညီတောင်းဖို့ကလည်း ခက်တယ်”လို့ မစန်းအေးကဆိုပါတယ်။

ငလျင်ဒဏ်ခံစားခဲ့ရတဲ့ နေပြည်တော်မှာ နေထိုင်တဲ့ အသက်(၄၃)နှစ်အရွယ် ကိုယ်အဂ်ါမသန်စွမ်းသူဖြစ်တဲ့ မစနိုး ကလည်း ရေချိုးတာနဲ့အိမ်သာသွားရတာ အခက်ခဲဆုံးပဲလို့ ဆိုပါတယ်။

“မသန်စွမ်းတယောက်အနေနဲ့က အိမ်သာတောင် ကိုယ်ကအမြင့်နဲ့ထိုင်မှ အဆင်ပြေတာလေ၊ မြေပြင်မှာကြုံသလို ဆိုတော့ အဆင်မပြေဘူးပေါ့။ တော်တော်လေးအခက်အခဲဖြစ်တယ်”လို့ဆိုပါတယ်။

တခါတရံလည်း စုရပ်နဲ့‌ဝေးတဲ့နေရာက ထိုင်ရထရလွယ်မယ့် ကျောက်တုံးတွေရှိတဲ့နေရာကို သွားပြီး ဖြေရှင်းရတာ၊ ရေချိုးတဲ့အခါလည်း ဘုန်းကြီးကျောင်းတွေကို ဆိုင်ကယ်နဲ့သွားပြီး ချိုးရတာမျိုးလည်း ရှိတယ်လို့ဆိုပါတယ်။

စိတ်ပိုင်းဆိုင်ရာထိခိုက်

မသန်စွမ်းအမျိုးသမီးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်နေတာ၊ အိပ်မပျော်တာ၊ စိတ်ဒဏ်ရာရတာ၊ ငလျင်ထပ် လှုပ်မှာကို ကြောက်ရွံ့တာတွေ ခံစားနေကြရပါတယ်။

အိမ်ထဲမှာမနေရပဲ လမ်းဘေးမှာ အိပ်ရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကိုလည်း ခံစားရပါတယ်။

“စိတ်ပိုင်းဆိုင်ရာဆို အခုချိန်ထိ စိတ်ချလက်ချအိပ်လို့ မရဘူး။  ညတွေဆိုလည်း မိုးချုပ်မှအိပ်ပျော်တယ်။ မနက်ဆို လည်း အစောကြီးနိုးနေတယ်။ ညဆိုလည်း စိတ်ချလက်ချအိပ်ပျော်သွားတာမရှိပဲနဲ့ သူများဘေးပတ်ဝန်းကျင်က ကားစက်နိုးလိုက်ရင်ကို လန့်ပြီးနိုးတာ၊  ကားစက်သံကြားရင် ငလျင်လှုပ်တာလား တထိတ်ထိတ်တလန့်လန့်ဖြစ် တယ်”လို့ မသန်းနွယ်က ပြောပါတယ်။

အိမ်သာသွားတဲ့အချိန်နဲ့ ရေချိုးတဲ့အခါမှာလည်း ရဲရဲတင်းတင်းမဝင်ရဲတာ၊ မြန်မြန်ချိုးရတာ စတဲ့စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းနေကြရပါတယ်။

အမျိုးသမီးတွေအနေနဲ့ ဓမ္မတာလာတဲ့အချိန်နဲ့ တိုက်ဆိုင်စွာ ငလျင်ကြောင့် လမ်းဘေးမှာနေရတဲ့အခါမှာလည်း နာကျင်တာတွေ၊ စိတ်ကစဉ့်ကလျားဖြစ်တာတွေ ကြုံတွေ့ရတယ်လို့ မစနိုးကပြောပြပါတယ်။

“အဆင်မပြေတဲ့အပြင်ကို လစဉ်သုံးကပ်ခွာတွေ လဲဖို့တောင် လုံခြုံတဲ့နေရာရှိမနေဘူး။ လမ်းဘေးမှာအိပ်၊ လမ်းဘေးမှာစား၊ ကြုံသလိုဖျာလေးခင်းပြီး နေရတဲ့အနေအထားဖြစ်တယ်။ အဲဒီလိုဖြစ်တဲအချိန် ကိုယ့်ကိုယ်ကိုလည်း လုံခြုံမှုမရှိသလို စိတ်အခြေအနေအားဖြင့်လည်း အဆင်မပြေဘူး။ တော်တော်လေးတော့ အခက်အခဲတွေရှိနေပါတယ်”လို့ ဆိုပါတယ်။

စားဝတ်နေရေးနဲ့အလုပ်အကိုင်

အများစုက လုပ်ငန်းသုံးပစ္စည်းတွေ ဆုံးရှုံးသွားပြီး လုပ်ငန်းမလည်ပတ်နိုင်တဲ့အတွက် အလုပ်အကိုင်ရပ်နားသွားမှာ ကိုလည်း စိုးရိမ်နေကြပါတယ်။ မိသားစုကို မှီခိုနေရတဲ့ မသန်စွမ်းသူတွေဆိုလည်း မိသားစုဝင်တွေ ဝင်ငွေမရှိတဲ့အခါ အကြပ်အတည်းတွေနဲ့ ကြုံတွေ့လာကြတော့မှာဖြစ်ပါတယ်။

မသန်းနွယ်ရဲ့ အပ်ချုပ်စက်တွေ ပျက်စီးသွားတဲ့အတွက် ပြန်လည်ပြုပြင်ဖို့ ဆိုင်တွေလည်း မဖွင့်သလို အခုလို သဘာဝ‌ဘေးကြုံရချိန်မှာ အဝတ်အစားချုပ်သူတွေ လျော့နည်းသွားမှာဖြစ်တဲ့အတွက် ဝင်ငွေမရှိမှာလည်း စိုးရိမ် နေရပါတယ်။

မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းက ပိုရှားပါးတဲ့အတွက် ရှိတဲ့အလုပ်လေးနဲ့ ပြန်လည်မရပ် တည်နိုင်တော့မှာကို စိတ်အပူဆုံးဖြစ်တယ်လို့ မသန်းနွယ်က ဆိုပါတယ်။

ထောက်ပံ့မှုတွေ ပိုမိုလိုအပ်

သဘာဝဘေးနဲ့ရင်ဆိုင်ရတဲ့အခါ မသန်စွမ်းအမျိုးသမီးတွေဟာ တခြားသူတွေထက် အခက်အခဲတွေပိုမိုကြုံတွေ့ရ တဲ့အပြင် ကူညီထောက်ပံ့မှုတွေလည်း ပိုမိုလျော့နည်းရရှိပါတယ်။

မသန်စွမ်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်၊ စာရင်းဇယားတွေ သေချာမရှိနေတဲ့အတွက် ကူညီတဲ့နေရာမှာ မသန်စွမ်းတွေကို ချန်လှပ်ထားတာမဟုတ်ပေမယ့် အကူအညီပေးတဲ့နေရာကို မသွားနိုင်လို့၊ မသိလိုက်လို့၊ သွားဖို့ အခက်အခဲရှိလို့၊ ကျန်ခဲ့တာမျိုးတွေရှိတယ်လို့ မသန်စွမ်းအရေးလှုပ်ရှားနေတဲ့ အမျိုးသမီးတစ်ဦးကပြောပါတယ်။

အလှူရှင်တွေက များသောအားဖြင့် ရပ်ကွက်ရုံး၊ ဓမ္မာရုံအစရှိတဲ့ စုရပ်တွေမှာ လာရောက်လှူဒါန်းကြတဲ့အခါ မသန် စွမ်းသူတွေအနေနဲ့ သွားရောက်ဖို့ခက်ခဲတာ၊ မသန်စွမ်းသူတွေအတွက် သီးသန့်လိုအပ်တဲ့ ပစ္စည်းတွေမရရှိတာမျိုး လည်း ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မသန်စွမ်းအဖွဲ့အစည်းတွေ အချင်းချင်းချိတ်ဆက် ကူညီဆောင်ရွက်နေတာမျိုးလောက်သာ ရှိပါတယ်။ တခြားအလှူရှင်တွေအနေနဲ့ မသန်စွမ်းသူတွေကို ထည့်သွင်းစဉ်းစားပေးသင့်တယ်လို့ မသန်စွမ်းသူ အမျိုးသမီးတွေ က ပြောပါတယ်။

အလှူရှင်တွေအနေနဲ့ မသန်စွမ်းမှုအမျိုးအစားပေါ်မူတည်ပြီးတော့ အားပြုကိရိယာ၊ ဝှီးချဲ၊ နားကြားကိရိယာ၊ ဂျိုင်း ထောက် စသဖြင့် မသန်စွမ်းသူတွေအတွက် အဓိကလိုအပ်နေတဲ့ အရာတွေကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုတယ်လို့ဆိုပါတယ်။  တချို့က ဆေးကို ရေရှည်စွဲသောက်နေရတဲ့သူတွေရှိနိုင်သလို စားဝတ်နေရေးအတွက် ချက်ချင်းလုပ်ငန်းခွင်ပြန်မဝင်နိုင်သေးတာလည်းရှိတော့ ငွေကြေးလိုအပ်ချက်တွေလည်း ရှိနိုင်တယ်လို့ဆိုပါတယ်။

အသိပညာပေးဖို့လိုအပ်

ဘယ်လိုအရေးပဲကြုံကြုံ မသန်စွမ်းသူတွေကို ကူညီတဲ့အခါ ဘယ်လိုကူညီရင်အဆင်ပြေမလဲဆိုတာမျိုး မေးမြန်းစေ ချင်တယ်လို့ မသန်းနွယ်က ရင်ဖွင့်ပြောဆိုပါတယ်။

မသန်စွမ်းသူတွေအတွက်တင်မကပဲ  သဘာဝဘေးနဲ့ပတ်သက်ပြီး အားလုံးသိသင့်တဲ့ ကြိုတင်လေ့ကျင်တာမျိုးတွေ လည်း ဆောင်ရွက်သင့်ပါတယ်။ နားမကြားတဲ့သူဆို စာနဲ့ရေးပြတာမျိုး၊ တခြားကိုယ်အဂ်ါမသန်စွမ်းသူတွေဆို လည်း စကားနဲ့မေးမြန်းတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

“မသန်စွမ်းသူတွေကို ကူညီမယ်ဆိုရင် စေတနာနဲ့ကူညီတာမှန်းသိတယ်။ ပြောရင်လည်း စိတ်ဆိုးသွားမှာ၊ အထင် အမြင်လွဲသွားမှာ ကြောက်တယ်။ အခုကဟာက သူတို့ကတော့ ကူညီတာဆိုပေမယ့်  တခါတလေကျရင် မသန်စွမ်း တွေအတွက် အခက်အခဲဖြစ်သွားတတ်တယ်။ အဓိကကျတာကတော့ မေးပေးပါ။ ဘယ်လိုကူညီရင် အဆင်ပြေမလဲ ဆိုတာ မေးပေးကြပါ”လို့ မသန်းနွယ်က အကြံပြုပါတယ်။

မသန်စွမ်းသူတွေကို မေ့မထားကြဖို့၊ ချန်လှပ်မထားကြဖို့၊ သူကတိုက်တွန်းပါတယ်။ မသန်စွမ်းသူတွေဟာ ကိုယ် တတ်နိုင်သလောက် ကောင်းကောင်းမွန်မွန်နဲ့ ကြိုးစားရပ်တည်နေကြသလို လူမှုအကျိုးပြုလုပ်ငန်းတွေ လုပ်ကိုင် နေကြသူတွေလည်း ရှိပါတယ်။

ဒါကြောင့် မသန်စွမ်းသူတွေကို လူပိုတွေလို မမြင်ပဲနဲ့ လူသားအချင်းချင်း တန်းတူစိတ်မျိုးထားပြီး ကူညီပေးစေချင် တယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ကို သနားတယ်ဆိုတာထက် လူသားချင်းစာနာတဲ့ လူလူချင်းအမြင်နဲ့ တန်းတူစိတ်လေးထားပြီးတော့ လိုအပ်တာကို ကူညီပေးစေချင်ပါတယ်။ အရာရာတိုင်းကို ကျွန်မတို့မလိုချင်ဘူး။ ကျွန်မတို့ တကယ်လိုအပ်သလောက် လေးပဲ အကူညီတောင်းခံချင်ပါတယ်။ ကျွန်မတို့က လိုအပ်ရင် မှီတော့မှီတယ်။ ဒါပေမယ့်မခိုဘူး။ ကျွန်မတို့အတတ် နိုင်ဆုံးကြိုးစားပြီး ဘဝကို ရပ်တည်နေကြတာဖြစ်တဲ့အတွက် ကျွန်မတို့ကို ခွန်အားပေးကြပါ”လို့သာ မသန်းနွယ် တစ်ယောက် တောင်းဆိုနေပါတယ်။

Author: