ကျားနှင့်မ စံနှုန်းပုံစံခွက်ထဲက ရဲရဲခွဲထွက်သူ ကိုတိုးခန့်

မေ

“ကျွန်တော့်မိန်းမထမင်းဗူးအတွက် ဒီနေ့ဟင်းကတော့…” ဆိုတဲ့နှုတ်ဆက်စကားနဲ့အတူ စားချင်စဖွယ် ဟင်းလျာ တွေ ချက်ပြုတ်ပြင်ဆင်နေတဲ့ ဗွီဒီယိုလေးတွေဟာ ကြည့်ရှုသူကို စိတ်ဝင်စားအောင် ဆွဲဆောင်နေပါတယ်။

သူက ဇနီးဖြစ်သူရဲ့ထမင်းချိုင့်အတွက် ဟင်းလျာတွေ ချက်ပြုတ်ပြင်ဆင်နေတာကို အစအဆုံး ရိုက်ကူးတင်ဆက်ထားတာပါ။ ဒီဗွီဒီယိုတွေထဲမှာ ထမင်းချိုင့်အတွက် တနေ့တမျိုးမရိုးရတဲ့ ဟင်းလျာတွေနဲ့ အချိုပွဲအတွက် အသီး အနှံ၊ ကော်ဖီစတာတွေလည်း ပါဝင်ပါတယ်။

ထမင်းချိုင့်အတွက်တင်မကဘဲ သမီးဖြစ်သူစားဖို့ ဟင်းလျာတွေ၊ ပိတ်ရက်တွေမှာ အဆာပြစားစရာတွေ၊ တကူးတက စီစဉ်တင်ဆက်နေတာကလည်း တကယ့်စားချင်စဖွယ်တွေပါ။

ဒီလို ဟင်းလျာတွေကို ချက်ပြုတ်နေတဲ့ ဗွီဒီယိုတွေကို ရိုက်ကူးတင်ဆက်နေသူကတော့ အသက် (၃၃)နှစ်အရွယ် ကိုတိုးခန့်ဖြစ်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဟင်းလျာချက်ပြုတ်နည်း တင်ဆက်သူတွေ ထောင်သောင်းချီရှိနေပြီး‌တော့ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်တဲ့‌ခေတ်မှာ ဟင်းချက်နည်း၊ မုန့်လုပ်နည်းပေါင်းစုံကို အလွယ်တကူရှာဖွေနိုင်ပါတယ်။

ဒီလိုဟင်းချက်နည်းဗွီဒီယိုတွေ ထောင်ပေါင်းများစွာရှိပေမယ့်  ကိုတိုးခန့်ရဲ့ဟင်းချက်တဲ့ဗွီဒီယိုလေးတွေကို လူအများစုက ပိုမိုစိတ်ဝင်စားကြတဲ့အချက်က ဇနီးဖြစ်သူအတွက် ချက်ပြုတ်ပေးနေတာမို့လို့ပါပဲ။

လူမှုအသိုင်းအဝိုင်းမှာ အရိုးစွဲနေတဲ့ အမျိုးသမီးဆိုရင် အိမ်မှုကိစ္စလုပ်ရမယ်၊ အိမ်ထောင်မှုထိန်းသိမ်းရမယ်၊ မီးဖို ချောင်ဝင်ရမယ်၊ ထမင်းဟင်းချက်ရမယ်ဆိုတဲ့ ပုံစံခွက်တွေကို ဆန့်ကျင်ထိုးဖောက်ပြီး ခင်ပွန်းသည်က အခုလို ဇနီးသည်အတွက် ထမင်းဗူးပြင်ပေးနေတာကို လူသိရှင်ကြား၊ အွန်လိုင်းပေါ်ကနေ ကြော်ငြာပြီး ထမင်းဟင်းချက် ပြနေခြင်းကြောင့် လူအများစုက စိတ်ဝင်တစားရှိလာကြတာ အသေအချာပါ။

ပြင်ပလူမှုအသိုင်းအဝိုင်းမှာလည်း အိမ်မှာထမင်းဟင်းချက်တဲ့ ခင်ပွန်းသည်အမျိုးသားတွေရှိနိုင်ပေမယ့် လူမှုကွန် ရက်ပေါ်မှာတော့ မတွေ့ရသလောက်နည်းပါတယ်။

ကိုတိုးခန့်ဟာ ၂၀၁၇ ခုနှစ်ကတည်းက မန္တလေးမှာ စားသောက်ဆိုင်ဖွင့်ခဲ့တာဖြစ်ပြီး European Food (ဥရောပ အစားအစာ)နဲ့ပတ်သက်တဲ့ သင်တန်းတွေလည်း တက်ရောက်ခဲ့ဖူးသူပါ။

ငယ်ငယ်ကတည်းက အစားအသောက်ချက်ပြုတ်ရတာ ဝါသနာပါပြီး အိမ်မှာလည်း ကိုယ်တိုင်ချက်ပြုတ်လေ့ရှိပါ တယ်။

လူငယ်ဘဝကတည်းက မိခင်နဲ့ အစ်မသုံးယောက်ဆီက ဟင်းချက်နည်းတွေ ပြန်လည်သင်ယူခဲ့ပြီး မိသားစုက လည်း သူ့ဝါသနာကို ပံ့ပိုးပေးခဲ့ပါတယ်။

စားသောက်ဆိုင်ဖွင့်ကာ ကိုယ်တိုင်ဦးစီးခဲ့ပြီး ဟင်းချက်တဲ့ပညာတွေကို You tube နဲ့ လူမှုကွန်ရက် ပလက်ဖောင်း တွေကတဆင့်လည်း ဆက်လေ့လာခဲ့ပါတယ်။

အဲဒီနောက် ဘန်ကောက်ကဆိုင်တစ်ဆိုင်မှာ Head Chef (စားဖိုမှူး)အနေနဲ့ဝင်လုပ်ခဲ့ပြီး စားစရာချက်ပြုတ်ပြင် ဆင်ရတဲ့ ဗွီဒီယိုတွေကို လုပ်ချင်တဲ့အတွက် အလုပ်ကနေ နားခဲ့ပါတယ်။ မန္တလေးဆိုင်ကိုလည်း အဝေးကနေ ဦးစီးလို့ရတဲ့အတွက် ဟင်းချက်ဗွီဒီယိုတွေကို သီးသန့်အချိန်ပေးလုပ်ကိုင်နိုင်ခဲ့တယ်။ ၂၀၂၄ ခုနှစ်ကစပြီး Facebook နဲ့ TikTok ပလက်ဖောင်း တွေမှာ ဟင်းချက်တာ၊ စားစရာပြင်ဆင်တာတွေကို အဓိကတင်ဆက်နေပါတယ်။

ကိုတိုးခန့်ရဲ့ဇနီးဖြစ်သူက ဘန်ကောက်က နိုင်ငံတကာကျောင်းတစ်ခုမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။

ဇနီးဖြစ်သူကလည်း မီးဖိုချောင်အလုပ်ဆိုတာ “ကျား”ဖြစ်မှု၊ “မ”ဖြစ်မှုနဲ့ မသက်ဆိုင်ဘဲ အိမ်မှာနေတဲ့ အိမ်သားတိုင်း နဲ့ သက်ဆိုင်တယ်လို့ ခံယူထားသူဖြစ်ပါတယ်။

အိမ်မှာနေရင်း သမီးလေးနဲ့အတူတူဆော့တာ၊ သမီးလေးကိုထိန်းတာ၊ ဈေးဝယ်တာနဲ့ ဟင်းချက်တာ အများစုကို ကိုတိုးခန့်က လုပ်ကိုင်ပါတယ်။ အခြားအိမ်မှုကိစ္စတွေကိုတော့ share reasonability (တာဝန်ခွဲဝေယူခြင်း) လို့ မှတ်ယူပြီး အတူတူလုပ်ကြတာ များပါတယ်လို့ ကိုတိုးခန့်က ဆိုပါတယ်။

ရှေးရိုးစွဲအယူအဆတွေနဲ့ အသားကျနေတဲ့လူမှုအသိုင်းအဝိုင်းဟာ ဂျဲန်ဒါအရ ခွဲခြားသတ်မှတ်ထားတဲ့ ကျားမစံနှုန်း တွေနဲ့ သွေဖယ်ပြီးနေထိုင်ကြသူတွေကို အကောင်းမြင်စိတ်နည်းပါတယ်။

ကိုတိုးခန့်တင်ဆက်နေတဲ့ ဟင်းချက်ဗွီဒီယိုတွေရဲ့ မှတ်ချက်တွေကိုကြည့်ရင် ချီးကျူးသူတွေရှိသလို ဝေဖန်သူတွေ လည်း ရှိကြပါတယ်။

“ ကော်မန့်တွေမှာ ချီးကျူးကြတာအများစုက မိန်းကလေးအများစုပေါ့။ ကျွန်တော့်မိန်းမကို ကံကောင်းတယ်ပေါ့။ အဲဒီလိုပြောကြတယ်။ တချို့ယောကျာ်းလေးတွေကျတော့လည်း ကျွန်တော့်ကို ယောကျာ်းယူပါလား ဘာညာနဲ့ စနောက်ကြတယ်။ အဲဒီလို ဝေဖန်တာက လူနည်းစုပါပဲ၊ ကျွန်တော့်ကိုအလုပ်မရှိဘူးထင်ပြီး ထဘီနားခိုစားတယ်တို့၊ မယားကြောက်တို့လည်း ပြောကြတယ်”လို့ ကိုတိုးခန့်က ပြန်ပြောပြပါတယ်။

ကိုတိုးခန့်အနေနဲ့ ဒီလိုဝေဖန်မှုတွေကို ဂရုမစိုက်တတ်ပေမယ့် တခါတရံအလုပ်တွေ ရှုပ်နေတဲ့အခါမျိုးမှာတော့ ဒီလိုအဆိုးမြင်ကော်မန့်တွေကြောင့် စိတ်ရှုပ်မိတယ်လို့ဆိုပါတယ်။

လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ ကျား၊မစံနှုန်းသတ်မှတ်ချက်တွေဟာ အမျိုးသားတွေရော၊ အမျိုးသမီးတွေ ရော၊ အားလုံးအပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ ဒီစံနှုန်းပုံစံခွက်အတွင်းမှာ အသားကျအောင် နေထိုင်ရသူ တွေဟာ အသက်ရှူကြပ်ရသလို စံနှုန်းတွေအတွင်းက ဖောက်ထွက်သူတွေဟာလည်း အဆိုးမြင်ခံကြရလေ့ရှိ ပါတယ်။

“ရှေးရိုးစွဲအယူအဆတွေကတော့ တွန်းလှန်နေရတာ အမြဲလိုလိုပါပဲ။ ဘယ် society (လူ့အဖွဲ့အစည်း)  မှာမဆို အရိုးစွဲနေတဲ့ အယူအဆဟောင်းတွေက ရှိတတ်ပါတယ်။ ဒါကို တဖက်ပိတ်ထိုင်ငြင်းနေမယ့်အစား တွေးတတ် ခေါ်တတ်အောင်  အရာရာကို open minded (အမြင်ကျယ်ကျယ်ဖွင့်) ထားပြီး လက်ခံနိုင်အောင် ကြိုးစားကြစေ ချင်ပါတယ်” လို့ ကိုတိုးခန့်က အကြံပြုပါတယ်။

လူမှုအသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ ရှေးရိုးစွဲအယူအဆတွေကို တသမတ်ထဲ မဆုတ်ကိုင်ထားတဲ့ အိမ်ထောင် ရေးတွေ၊ မိသားစုတွေမှာ ကောင်းကျိုးတွေ အများကြီးဖြစ်ထွန်းနိုင်တယ်လို့ ကိုတိုးခန့်က ယုံကြည်ထားပါတယ်။

အိမ်ထောင်ရေးတွေမှာ ခင်ပွန်းနဲ့ဇနီးတွေအနေနဲ့ ပုံစံခွက်စံနှုန်းတွေရဲ့ သတ်မှတ်ချက်မဟုတ်တဲ့ ကိုယ်တကယ် ဝါသနာပါတဲ့အလုပ်တွေကို လုပ်နိုင်တဲ့အတွက် ဘဝမှာ ပိုတိုးတက်ပြီး စိတ်ချမ်းသာစေပါတယ်လို့ သူကပြောပါ တယ်။

“ကျွန်တော်ဆိုလည်း အခုမီးဖိုချောင်အလုပ်တွေကို လုပ်နေတာ ကိုယ်ဝါသနာပါရာကို လုပ်နေတာပဲပေါ့။ ကျွန်တော့် အမျိုးသမီးဆိုလည်း မီးဖိုချောင်အလုပ်တွေ၊ အိမ်အလုပ်တွေ၊ သိပ်ဝါသနာမပါဘူးဆိုတော့ သူက တခြားအလုပ် သူလုပ်ချင်တာ လုပ်နိုင်တယ်။ သူ့ရဲ့ဝါသနာအတိုင်း သူပိုလုပ်နိုင်တယ်။ သူ့အတွက်လည်း ပိုပြီးတိုးတက်နိုင်တယ်။ ကျွန်တော့်အတွက်လည်း ကျနော်ဝါသနာအရလုပ်နေရလို့ ပိုပြီးတိုးတက်နိုင်တယ်၊ ပိုပြီးကောင်းတယ်။ ပြီးတော့ ကိုယ်ဝါသနာပါရာ ကိုယ်လုပ်နေကြရတဲ့အတွက် လူကဦးနှောက်တွေလည်း ဖွံ့ဖြိုးတာပေါ့။ ဝါသနာပါတာ လုပ်နေ ရတာဆိုတော့ စိတ်ပျော်ရွှင်ပြီး တွေးခေါ်စဉ်းစားမှုတွေလည်း ပိုမြင့်လာတာပေါ့”လို့ ကိုတိုးခန့်ကပြောပါတယ်။

ဒါ့အပြင် ရှေးရိုးစွဲအယူအဆတွေနဲ့ မကန့်သတ်ထားတဲ့ မိသားစုတွေက သားသမီးတွေအနေနဲ့လည်း သူတို့ဝါသနာပါ ရာကို သင်ယူခွင့်တွေ၊ လိုက်စားခွင့်တွေ၊ ရနိုင်မယ်လို့ သူကဆိုပါတယ်။

“တချို့တွေဆိုရင် အဲဒီလိုမျိုး သင်ယူခွင့်မရတာတွေ ရှိတာပေါ့။ ကလေးတွေကို ရှေးအယူအဆတွေ စွဲကိုင်ပြီး မိန်းကလေးမို့ ဒါမလုပ်ရဘူး ဟိုဟာမလုပ်ရဘူးဆိုတာမျိုး ရှိတာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ ကျွန်တော်တို့လိုဆိုရင် သူတို့ဝါသနာပါရာ လုပ်ခွင့်တွေ ပေးထားတယ်။ ကလေးတွေက အဲဒီလိုဆိုရင် ပိုပြီးလွတ်လွတ်လပ်လပ်နဲ့ အသိ ပညာလည်း ပိုကြွယ်ဝမယ်”လို့ ကိုတိုးခန့်က ပြောပါတယ်။

‌ရှေ့ဆက်ပြီးတော့လည်း အခုလိုဟင်းချက်နည်းဗွီဒီယိုတွေကို အကောင်းဆုံးဆက်လက်တင်ဆက်သွားဖို့ ကိုတိုးခန့် က ရည်ရွယ်ထားပါတယ်။

“ကျွန်တော်လုပ်ချင်တာတွေကတော့ အများကြီးပါပဲ၊ အဲဒီထဲမှာ လောလောဆယ်ဦးစားပေးကတာ့ ဆိုရှယ်မီဒီယာနဲ့ လုပ်ရင်း စားသောက်ဆိုင်လေးတွေ အများကြီးဖွင့်ချင်တာပေါ့။ တချို့သင်တန်းမတတ်နိုင်တဲ့သူတွေ ဒါမှမဟုတ် ဟင်းချက်ဝါသနာပါတဲ့သူတွေလည်း ကျွန်တော့်ဗွီဒီယိုလေးတွေကနေ ဟင်းချက်နည်းတွေ သင်ယူနိုင်ရင် အကျိုး ရှိမယ်လို့ ကျွန်တော်ယုံကြည်တယ်” လို့ ကိုတိုးခန့်က သူ့ဝါသနာရဲ့အရေးပါမှုကို ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ ပြောပြပါတယ်။