“ကိုယ်ဝန်ဆောင်အမျိုးသမီးများ၏ အလုပ်သမား အခွင့်အရေးတန်းတူရေး” နှင့် “လုံခြုံသောလုပ်ငန်းခွင်ဖန်တီးရေး”တို့သည် ယခုနှစ်မေဒေးတောင်းဆိုချက်ဖြစ်လာ

ရှင်ငြိမ်း     

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ တာ့ခ်ခရိုင်မှာရှိသော အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများကွန်ရက်ဖြစ်သော ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး မြှင့်တင်ရေးကွန်ယက်အဖွဲ့ (MRPWG) က ထိုင်းစံတော်ချိန် ညနေ ၄ နာရီမှာ ကျင်းပခဲ့ သည့် မေလ ၁ ရက် (အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့) အခမ်းအနားကို ထိုင်းအလုပ်သမားများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တက်ရောက်ခဲ့ပါသည်။

တက်ရောက်လာကြသော အလုပ်သမားများက “ကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ်သမားများ တန်းတူအခွင့်အရေးရဖို့” နဲ့ “လုံခြုံသောလုပ်ငန်းခွင်ဖန်တီးဖို့” တောင်းဆိုချက်များ ပါဝင်သည့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။

လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံခြင်းခံရတဲ့ ရွှေ့ပြောင်းအလုပ်သမား ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်သန်း သန်းမြင့်က “ဒီမေဒေးနေ့မှာတော့ မီးဖွားပြီးတဲ့အမျိုးသမီးတွေလည်း လုပ်ငန်းခွင်ပြန်ဝင်နိုင်ဖို့ လုပ်ပေးပါလို့ တောင်းဆိုချင်တယ်။ အခုက အသက် ၃၀ ကျော်တာနဲ့ အလုပ်က မခန့်ချင်တော့ဘူး။ အိမ်ထောင်သည်ဆို ပိုဆိုးတယ်။ မီးဖွားပြီးစ အမျိုးသမီးတွေအတွက် နောက်ပိုင်းအလုပ်အရမ်းရှားလာတယ်”ဟု ပြောပါသည်။

အခုလို အလုပ်အကိုင်ရှားပါးလာတာကြောင့် မီးဖွားပြီးစ အမျိုးသမီးများသည်  တခြားသူများ မလုပ်လိုသည့် ကျန်းမာရေးနှင့် မညီညွတ်သော လုပ်ငန်းများမှာ ဝင်ရောက်လုပ်ကိုင်နေကြရသည်။

ယနေ့ကာလ မိသားစုအတွင်း ငွေကြေးလိုအပ်ချက်ကလည်း အရေးကြီးနေပြီး လက်ရှိကုန်ဈေးနှုန်းက လူတစ်ယောက် ဝင်ငွေနှင့် ရပ်တည်၍ မရခြင်းကြောင့် မီးဖွားပြီးစမိခင်များမှာ မဖြစ်မနေ အလုပ်ပြန်ရရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

လုပ်ငန်းရှင်အများစုအနေဖြင့်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မီးဖွားပြီးခါစ အမျိုးသမီးများအပြင်  အိမ်ထောင်ပြုခါစ အမျိုးသမီးများသည် ကလေးငယ်ရှိပြီး လုပ်ငန်းပိုင်းဆိုင်ရာကို ထိခိုက်နိုင်သည့်အတွက် အလုပ်ခန့်ဖို့ ဝန်လေးကြောင်း ရန်ကုန်မြို့က အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအောင်လေးက ပြောပါသည်။

ထိုအခြေအနေများကြောင့် အမျိုးသမီးအလုပ်သမားများသည် မီးဖွားခွင့် မယူရဲကြပေ။ မီးဖွားခွင့်အခွင့်အရေး အသုံးမပြုကြ သည့်အကြောင်းအရင်းမှာ ထိုအလုပ်သမားသည် ကိုယ်ဝန်ရှိသည်ဟု အလုပ်ရှင်မှ သိရှိပါက အလုပ်ထွက်ရန် ဖိအားပေးခံ ရခြင်းများကြောင့် ဖြစ်ကြောင်း MRPWG ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

ထို့အပြင် ရွှေ့ပြောင်းအလုပ်သမားအများစုသည် ဥပဒေအတိုင်း သတ်မှတ်ထားသည့် လုပ်ခကြေးငွေထက် နိမ့်ကျသည့် လုပ် အားခသာ ရရှိနေရုံသာမက အပတ်စဉ်အလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရခြင်း၊ ရိုးရာအလုပ်ပိတ်ရက်တွင် အလုပ်လုပ်ရခြင်း၊ အချိန်ပိုအလုပ်လုပ်ခြင်း စသည့် ဥပဒေသတ်မှတ်ချက်နှင့် မကိုက်ညီသည့် ဆက်ဆံခံရခြင်းများအပြင် နေ့စဉ်နေ့တိုင်း နာရီပေါင်းများစွာ လုပ်ကိုင်နေရကြောင်းလည်း ဖော်ထုတ်ထားပါသည်။

လုပ်ငန်းခွင်အတွင်း လုံလောက်သော လေဝင်လေထွက် မရှိခြင်း၊ အလုပ်ရှင်သည် အလုပ်သမားများအား တစ်ကိုယ်ရေ လုံခြုံ ရေးအကာအကွယ်ပစ္စည်းများ စီစဉ်ဆောင်ရွက်ပေးမှုမရှိခြင်း၊ သောက်သုံးရေနှင့် သန့်ရှင်းသောရေကို မရရှိခြင်းတို့ကြောင့် လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာပြဿနာများရှိနေသည်။

“လုပ်ငန်းခွင်များအတွင်း အမျိုးသမီးများ၏ ဘေးကင်းလုံခြုံရေး” သည် အမျိုးသမီးများအတွက် လွန်စွာမှအရေးပါသည့် လိုအပ်ချက်ဖြစ်သော်လည်း အမျိုးသမီးအလုပ်သမားများအတွက် ဘေးကင်းလုံခြုံသောလုပ်ငန်းခွင်ဖြစ်ရေးအတွက် စီစဉ်ဆောင်ရွက်နိုင်ခြင်းမရှိပေ။

အလုပ်သမားအရေးဆောင်ရွက်နေသည့် ရန်ကုန်မြို့မှ အနာဂတ် အလင်းတန်းဆုံမှတ် ဒါရိုက်တာ ဒေါ်သက်သက်အောင်က “တရားဥပဒေစိုးမိုးမှု မရှိတဲ့အချိန်မှာ အမျိုးသမီးလုပ်သားတွေဟာ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်။ လုံခြုံမှုလည်း မရှိကြဘူး။ စက်ရုံပိုင်ရှင်တရုတ်တွေရဲ့ခြိမ်းခြောက်မှုတွေကြောင့် မယားငယ်ဘဝနဲ့ နေရတာရှိတယ်။ လုပ်ငန်းခွင်မှာဆိုလည်း ခေါင်းဆောင်တွေ၊ မန်နေဂျာတွေ၊ ကြီးကြပ်သူတွေက လူကြားမှာ အရှက်ရစေတဲ့ဆဲနည်းတွေနဲ့ ဆဲဆိုတာတွေ ရှိတယ်။ ဒါတွေကို မကျေနပ်ပေမဲ့ ငွေကြောင့် သည်းခံနေရတယ်” ဟု ပြောပါသည်။

အထူးသဖြင့် စက်ရုံအလုပ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ရော်ဘာနှင့် ဆီအုန်းခြံများနှင့် အိမ် အကူအမျိုးသမီးများ၏ ဘဝသည် အလုပ်သမားခေါင်း၊ လုပ်ဖော်ကိုင်ဖက်အမျိုးသားများ၊ မကောင်းသည့်အိမ်ရှင်အမျိုးသား များနှင့် ဆုံရသည့်အခါ လိင်အကြမ်းဖက်ခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်းများနှင့် ကြုံရနိုင်ပါသည်။

ကြုံခဲ့ရသည့်သာဓကများ၊ မှုခင်းပေါင်း မြောက်များစွာရှိပြီး တချို့အမှုများဆိုလျှင် ဘယ်သူမှမသိလိုက်ဘဲ လျှော်ကြေးလည်း မရ၊ တရားလည်းမစွဲရဲ၊ ကျူးလွန်သူကို ကြောက်ရတာကြောင့် ကလေးပိုက်ပြီး ပြေးနေရသည့်အမျိုးသမီးများလည်း ရှိကြောင်း ၎င်းက ရှင်းပြသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့ကျစေရန်ရည်ရွယ်ပြီး လုံခြုံသောလုပ်ငန်းခွင်ဖန်တီးဖို့၊ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှု ရပ်တန့်စို့ဆိုသည့်ဆောင်ပုဒ်သည် အမျိုးသမီးအရေးဆောင်ရွက်နေသည့် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ ယခုနှစ် မေဒေးနေ့အတွက် ဆောင်ပုဒ်ဖြစ်ပါသည်။

မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)၏ တွဲဘက်အထွေထွေအတွင်းရေးမှူး ၂ မယဉ်မျိုးလှိုင်က “ဂျန်ဒါအခြေပြု အကြမ်းဖက်မှုလို့ ပြောလိုက်ရင် အလုပ်သမားထုကြားမှာတင် မဟုတ်ဘဲနဲ့ လူထုကြားမှာလည်း တွေ့ရတယ်။ ဒါ့ကြောင့် လုပ်ငန်းခွင်မှာလည်း ဒီလိုအကြမ်းဖက်မှုတွေ ရပ်တန့်မှသာလျှင် လုံခြုံတဲ့လုပ်ငန်းခွင်ဖြစ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ မေဒေးနေ့မှာ ဒီဆောင်ပုဒ်ကို ရွေးချယ်ရတာဖြစ်ပါတယ်”ဟု ပြောပါသည်။

MRPWG ရဲ့ ထုတ်ပြန်ချက်မှာလည်း ရွှေ့ပြောင်းအလုပ်သမားအများစုသည် လူမှုဖူလုံရေးစနစ်ထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိ သည့်အကြောင်းအရင်းမှာ အလုပ်ရှင်များသည် ၎င်းတို့၏အလုပ်သမားများအား လူမှုဖူလုံရေးစနစ်ထဲ မှတ်ပုံတင်ခြင်း မပြု လုပ်ပေးသောကြောင့် ဖြစ်ပါသည်။

အလုပ်သမားများသည် အလုပ်လုပ်ခွင့်ပါမစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းခများကို ဈေးကြီးကြီးဖြင့် ကိုယ်တိုင်ပေးချေ ရပြီး လက်ရှိအချိန်တွင် အလုပ်သမားများ နှစ်စဉ်လက်မှတ်ခ ကုန်ကျစရိတ်သည် ၁၂၀၀၀ ဘတ်ထက် ပိုပေးနေရသည်ဟု လည်း ထုတ်ပြန်ချက်အရ သိရပါသည်။

ယနေ့ မေလ (၁)ရက်သည် “အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့” ဖြစ်ပြီး ကမ္ဘာတဝှမ်းတွင် အလုပ်လုပ်သူတိုင်းအတွက် တိုက်ပွဲဝင်သည့် အလုပ်သမားများအားလုံး တရားမျှတမှုရရှိရေးအတွက် ဂုဏ်ပြုသည့်နေ့ဖြစ်ပါသည်။

ယခုနှစ် မေဒေးနေ့အတွက် MRPWG ၏ဆောင်ပုဒ်ကတော့ “တရားမျှတသောလုပ်ခလစာ၊ ဘေးကင်းလုံခြုံသောလုပ်ငန်းခွင် အခြေအနေနှင့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးများရရှိဖို့ စည်းရုံးလှုံ့ဆော်တောင်းဆိုစို့” ဟူ၍ဖြစ်ပြီး ရွှေ့ပြောင်းအလုပ် သမားအခွင့်အရေးမြှင့်တင်ရေးကွန်ယက်အဖွဲ့ (MRPWG) က အလုပ်သမားများ၏ ပံ့ပိုးကူညီမှုများကို ဂုဏ်ပြုရန်နှင့် တရားမျှတသော အလုပ်သမားအခွင့်အရေး၊ ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်များနှင့် လူတိုင်း လူမှုတရားမျှတမှုအတွက် ထောက်ခံအားပေးရန် ရည်ရွယ်ပြီး ဤအခမ်းအနားကို ပြုလုပ်ခဲ့သည်။

ထိုအခမ်းအနားကို မေဒေးနေ့ဖြစ်ပေါ်လာပုံ၊ မြန်မာ့ရိုးရာအကနှင့်ဖျော်ဖြေခြင်း၊ ထိုင်းနှင့် မြန်မာနိုင်ငံ ငလျင်ဘေးသင့်သူများ အတွက် ဆုတောင်းမေတ္တာပို့သခြင်းနှင့် အလုပ်သမားသံချပ်တင်ဆက်ဖျော်ဖြေခြင်း စသည့်အစီအစဉ် ၁၁ ခုဖြင့် ကျင်းပခဲ့ပါ သည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးအခွင့်အရေးများ တိတိကျကျရစေသား။ အမျိုးသမီးလုပ်သား တန်းတူထား၊ ခွဲခြားဆက်ဆံမှု တို့မပြု။ ရွေ့ပြောင်းလုပ်သား ချွေးထုတ်စက်များ၊ ငွေလုပ်ပင်နီယံသွားမဟုတ်။ လုပ်သားထုရုန်းထ သွေးစည်းပြ၊ မေဒေးစိတ်ဓါတ်နဲ့ အောင်ပွဲယူကြ။ ရွှေ့ပြောင်းလုပ်သား ပြည့်စွမ်းအား ခွင့်တူညီမျှရစေသား။ ၈ နာရီအိပ်၊ ၈ နာရီလုပ်၊ ၈ နာရီနား။ အလုပ်သမား ထုရဲ့သွေးစည်းသံ၊ ညီညာရုန်းပြီး အောင်ပွဲခံ။ သွေးစည်းရုန်းထ ညီညွတ်ကြ။ လူ့အခွင့်အရေး တို့အရေး အလုပ်သမားအခွင့်အရေး တို့အခွင့်အရေးစသည့် သံချပ်ကြွေးကျော်သံဖြင့် တက်ရောက်လာသူများကို ဖျော်ဖြေခဲ့ ကြပါသည်။

Author: Shin Nyane