အဓမ္မပြုကျင့်၊သတ်ဖို့ကြံစည်ခံရတဲ့ အမျိုးသမီးနဲ့ပတ်သက်ပြီးအမြန်ဆုံးစုံစမ်းစစ်ဆေးပေးဖို့ GKYA တောင်း ဆို
သန့်ရှင်းထွန်း
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာက ကလေးတစ်ဦးမိခင် အမျိုးသမီးတစ်ဦးကိုအာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင် နှစ်ဦးက အဓမ္မပြုကျင့်ပြီး ရေနစ်သတ်ရန် ကြံစည်မှုနှင့် ပတ်သက်လို့ လျင်မြန်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှုကိုအမြန်ဆုံးဖော်ဆောင်ပေးဖို့ နိုင်ငံတကာခူမီးလူငယ်များအသင်း(GKYA)က ကြေညာချက်ထုတ် ပြန်တောင်းဆိုလိုက်ပါတယ်။
အဲဒီအမျိုးသမီးဟာ ဧပြီ ၅ ရက်နေ့ ညနေပိုင်းကသူနေထိုင်တဲ့ အိမ်ကနေယာခင်းထဲကိုသွားချိန်မှာ အာရက္ခတပ် တော် (AA) တပ်ဖွဲ့ဝင်နှစ်ဦးကအဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး အဲဒီအမျိုးသမီးကိုစိမ်းစင်းချောင်းထဲမှာ ရေနစ်သတ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။
အဲဒီလို ရေနစ်သတ်ဖို့ကြိုးစားနေချိန်မှာ အမျိုးသမီးရဲ့ ယောက္ခမရောက်လာတဲ့အတွက် အသက်ဘေးကနေလွတ် မြောက်ခဲ့တာလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီဖြစ်စဉ်နှင့်ပတ်သက်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ရခိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ နိရဥ္စရာသတင်းဌာနကို ဖြေကြား ထားပါတယ်။
နိုင်ငံတကာခူမီးလူငယ်များအသင်း (GKYA) က ဒီအကြမ်းဖက်မှုဟာ လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာလူ သားချင်းစာနာမှုဥပဒေတွေကိုပေါ်ပေါ်ထင်ထင်ချိုးဖောက်တာဖြစ်ပြီး ဒေသတွင်းအမျိုးသမီးတွေရဲ့ လုံခြုံမှုနှင့်ဂုဏ် သိက္ခာကို ခြိမ်းခြောက်စေတဲ့လုပ်ရပ်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အဲဒီနောက် ကျူးလွန်သူတွေကိုအမည်ဖော်ထုတ်ပြီး ပြည်တွင်း၊နိုင်ငံတကာဥပဒေများ၏ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ပွင့်လင်းမြင်သာစွာတရားစွဲအရေးယူအပြစ်ပေးဖို့၊ ULA/AAအနေနဲ့ နောက်နောင်မှာ အထူးသဖြင့် အမျိုး သမီးတွေ၊ ကလေးသူငယ်တွေနှင့်ပြည်သူလူထုတွေရဲ့ လွတ်လပ်မှု၊ တရားမျှတမှုနှင့်လုံခြုံမှုကိုဆန့်ကျင်တဲ့ အကြမ်းဖက်မှုအားလုံးကို ခြွင်းချက်မရှိရပ်ဆိုင်းပေးဖို့ တောင်းဆိုထားပါတယ်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဟာ အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။
- မီးဖွားပြီးစ စိတ်ကျဝေဒနာ ခံစားရတဲ့ မိခင်တွေကို တာဝန်ခွဲဝေယူပေးဖို့လိုအပ် - 20/05/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 17/05/2025
- ငလျင်အိပ်မက်ဆိုးထဲက အမျိုးသမီး သူရဲကောင်းများ - 16/05/2025