ဒေဝီ
ပြီးခဲ့တဲ့လပိုင်းက စာသင်ကျောင်းမှာ စာသင်ကြားနေတဲ့ ကျောင်းသားလေးတွေကို ဆရာဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ဖြစ်စဉ်ကမိဘတွေအတွက် စိုးရိမ်ပူပန်မှုမြင့်တက်စေခဲ့ပါတယ်။
ပဲခူးတိုင်း မုက္ကလကျေးရွာမှာ ယာယီကျောင်းအုပ်ဆရာက ကျောင်းသား ၁၇ ဦးကိုလိင်ပိုင်းဆိုင်ရာ စော်ကားတာကနေစလို့ ဖမ်းဆီးစစ်ဆေးရာမှာ အသက် ၇ နှစ် ကနေ ၄ နှစ် အတွင်းရှိ နောက်ထပ်ကျောင်းသား ၃၁ ဦး ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန် တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ကရင်နီပြည်နယ်ဖယ်ခုံမြို့မှာလည်း အခြေခံပညာအထက်တန်းကျောင်းဆရာဖြစ်သူက ကျောင်းသားခုနှစ်ဦးကို လိင်ပိုင်း ဆိုင်ရာထိပါး စော်ကားခဲ့ပြီး ကျူးလွန်သူဆရာဖြစ်သူကို ထောင်ဒဏ် ၆ လသာ ချမှတ်ခဲ့တဲ့အတွက်ဝေဖန်သံတွေဆူညံ ခဲ့ပါသေးတယ်။

ကလေးသူငယ်တွေကို ပစ်မှတ်ထားတဲ့ သက်ငယ်မုဒိမ်းကျူးလွန်မှုတွေက လူ့အသိုင်းအဝိုင်းကို နှစ်ပေါင်းများစွာ ခြိမ်းခြောက် နေဆဲ ဖြစ်ရပ်ဖြစ်ပြီး လျော့မသွားဘဲ တိုးလာနေပါတယ်။
လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ သက်ငယ်မုဒိမ်း ကျူးလွန်မှုတွေက အများအားဖြင့်မိန်းကလေးတွေကို အဓိကထားကျူးလွန် ကြပေမယ့်၊ အခုဆိုရင် ယောကျာ်လေးတွေကိုပါ ပစ်မှတ်ထားကျူးလွန်လာတာတွေလည်းအများအပြားပါ။
သမီးမိန်းကလေးကိုသာ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ဆုံးမသွန်သင်ကြပေမယ့် ယောကျာ်းလေးတွေကိုတော့ သင်ကြားဖို့မလို အပ်ဘူးလို့ ယူဆပြီး စိတ်ချလက်ချ လွှတ်ထားတာတွေလည်းရှိပါတယ်။
ဒါပေမယ့် အရွယ်မရောက်သေးတဲ့ သားယောကျာ်းလေးတွေကို လိင်ပိုင်းဆိုင်ရာပြုကျင့်တဲ့ ဖြစ်စဉ်တွေ ခပ်စိတ်စိတ်ဖြစ် လာတော့ သားယောကျာ်းလေးမွေးထားတဲ့ မိဘတွေလည်းစိုးရိမ်ပူပန်လာကြပါတယ်။
ကလေးတွေနဲ့ ထိတွေ့နီးစပ်တဲ့ နေရာအသိုင်းအဝိုင်းမှာ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုတွေက ရှိနေဆဲဖြစ်ပြီး ထိထိ ရောက်ရောက် အကာအကွယ်တွေ မရှိတာကလည်း မိဘတွေအတွက် စိုးရိမ်စရာတခုလို့ အသက် ၆ နှစ် ကျော်အရွယ်သား ဖြစ်သူရဲ့ ဖခင်ကိုစိုင်းကပြောပါတယ်။
“ကလေးတွေနဲ့ထိတွေတဲ့ ဘယ်နေရာမဆို ဒါက ရှိနိုင်တယ်။ ကျွန်တော့်သားကို ရှင်ပြုမလားဆို မပြုရဲဘူး။ အဲဒီအသိုင်း အဝိုင်းမှာလည်း child abuse(ကလေးသူငယ် အကြမ်းဖက်မှု) ကရှိနေတယ်။ မိဘအုပ်ထိန်းမှုနဲ့ လွတ်ကင်းတဲ့ ဘယ်နေရာမှာ မဆို သူများတွေနဲ့ ရောနှော နေတာကို မကြိုက်ဘူး စိတ်လဲမချဘူး”လို့ သူကဆိုပါတယ်။
အထူးသဖြင့် စာသင်ကျောင်းတွေနဲ့ ဘာသာရေးနယ်ပယ်တချို့မှာ ကလေးတွေကိုကျူးလွန်တဲ့ ဖြစ်စဉ်တွေကြောင့်ကပို စိတ်ပူပန်ရတယ်လို့ မိဘတွေကဆိုပါတယ်။
လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့အခါမှာလည်း မိန်းကလေးဖြစ်စေ ယောကျာ်းလေးဖြစ်စေ ထိခိုက်ခံစားရတာက အတူတူ ပဲဖြစ်လို့ သား/သမီးတွေကို ကိုယ်တိုင်အကာအကွယ်မပေးနိုင်တဲ့ ပတ်ဝန်းကျင်မှာ မထားဖို့ လိုတယ်လို့ ကိုစိုင်းကဆက်ပြော ပါတယ်။
“သူတို့က ဘာမှမခုခံမစွမ်းနိုင်တဲ့အချိန်မှာ တခြားသူတွေက လိင်ကိစ္စနဲ့ အမြတ်ထုတ်တယ်ဆို အကာအကွယ်မဲ့ကြတယ်။ ကြီးကြီးမားမားမဖြစ်ဘူးဆိုရင်တောင် သူတို့မှာ နောက်ပိုင်းထရော်မာတွေရမယ် စိတ်ပိုင်းဆိုင်ရာ ထိမှာ” လို့သူကဆိုပါတယ်။
အဲဒီအတွက် သားဖြစ်သူကို ကိုယ့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တခြားသူတွေမထိ မကိုင်စေဖို့၊ သူများခန္ဓာကိုယ် အစိတ် အပိုင်းတွေကိုလည်း မထိမကိုင်စေဖိုနဲ့၊ သူများက ထိမိကိုင်မိရင်လည်း တိုင်ကြားတက်ဖို့တွေကို သင်ကြားပေးထားတယ် လို့ သူကဆက်ပြောပါတယ်။
ကလေးငယ်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်တာ (sesxual abuse) ကနေ မုဒိမ်းမှုကျူးလွန် တာ ( rape case) အထိ ကြုံနေရပြီး၊ အရပ်သားအစိုးရ လက်ထပ်မှာတော့ သက်ငယ်မုဒိမ်းလျော့ကျရေး ကြိုးစားခဲ့သလို လိင်ပိုင်းဆိုင်ရာ အသိပညာပေးတာတွေကိုလည်း အရပ်ဖက်အဖွဲတွေနဲ့ ပြည်သူတွေ ဝိုင်းဝန်းလုပ်ဆောင်ခဲ့ကြပေမယ့် ဒီနောက်ပိုင်းမှာတော့ မရှိသလောက်ဘဲလို့ အထွေထွေရောဂါကု ဆရာဝန်တဦးဖြစ်သလို ဆယ်ကျော်သက်သားယောကျာ်း လေးတစ်ဦးရဲ့ ဖခင် ဖြစ်သူကပြောပါတယ်။
Sex education နဲ့ပတ်သက်လို့ မြန်မာပြည်မှာ ကျယ်ပြန့်မှုအားနည်းပြီး မိဘတွေကလည်း သေချာမသိကြသလို သားသမီး ကိုလည်းသင်ကြားဖို့ မကြိုးစားဘူးလို့ သူကပြောပါတယ်။ ဒါကမိန်းကလေးရော ယောကျာ်းလေးတွေအတွက်ပါ အရေးကြီး တဲ့အတွက် မဖြစ်မနေ သင်ကြားထားသင့်တယ်လို့ ဆိုပါတယ်။
ကလေးသူငယ်တွေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မခံရဖို့အတွက် ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ငယ်စဉ်က တည်းက ကိုယ့်ခန္ဓာအစိတ်အပိုင်းလေးတွေအကြောင်းကစလို့ အသက်အရွယ်အလိုက်သိသင့်တဲ့ လိင်ပညာပေးအကြောင်း တွေကို ပြောပြထားသင့်တယ်လို့ သူကဆက်ပြောပါတယ်။
“တချို့တွေက သားယောကျာ်းလေး ထောင်အပြင်တန်းမရှိဘူးဆိုပြီး ပေါ့ပေါ့လေးပဲ လွှတ်ထားတယ်၊ ဒီလိုခေတ်အချိန် အခါမှာ အန္တရာယ်သိပ်များတယ်။ ကလေးတွေအတွက် save ဖြစ်တဲ့ပတ်ဝန်းကျင်မရှိဘူး။ မိဘတွေဘက်က ဂရုစိုက်ရမယ်။ ကာကွယ်တက်အောင်လည်းသင်ပေးရမယ် “လို့သူကပြောပါတယ်။
ကလေးတွေ သိတက်စအရွယ်ဖြစ်တဲ့ နှစ်နှစ်သုံးနှစ်အရွယ်ကစလို့ ကိုယ့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေအကြောင်း ပြောပြတာ ယောကျာ်းလေးနဲ့ မိန်းကလေး ခန္ဓာကိုယ်ဖွဲ့စည်းပုံမတူတာ၊ပရိုက်ဗိတ်နေရာတွေကို အကိုင်မခံဖို့ သူများကိုလည်း မထိမကိုင်ဖို့ ကိုယ်မနှစ်သက်တဲ့ အပြုအမှုမျိုးကြုံလာရင် ငြင်းဆိုတက်ဖို့၊ လူကြီးမိဘကိုပြန်အသိပေးတက်ဖို့ သင်ပြလို့ရသလို အရွယ် အလိုက်ထုတ်ထားတဲ့ ရုပ်ပုံစာအုပ်တွေ ပြသတာ၊ ဖတ်ရှုတာတွေလုပ်ပေးလို့ ရတယ်လို့ဆိုပါတယ်။
ဒါ့အပြင် ဆယ်ကျော်သက်အရွယ်မှာ ကြုံရမယ့် ဟော်မုန်းအပြောင်းအလဲတွေ၊ ရာသီလာတာ၊ အသံပြောင်းတာ၊ သုတ်လွှတ် တာကစလို့ ခန္ဓာကိုယ်မှာဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေ၊ ယောကျာ်းလေးမိန်းကလေး ကြုံတွေရမယ့် ပြောင်းလဲမှုတွေကိုသိ ရှိအောင်သင်ပေးလို့ ရတယ်လို့ သူကဆက်ပြောပါတယ်။
သားယောကျာ်းလေးဖြစ်တာပဲဆိုပြီး ဆွေမျိုးနီးစပ်သူဖြစ်စေ၊ ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ ဖြစ်စေ ကလေးနဲ့ နှစ်ယောက်ထဲ အပြင် လွှတ်တာ၊ အိမ်မှာထားခဲ့တာမျိုးမလုပ်ဖို့လိုသလို အုပ်ထိမ်းသူမိဘတွေကလည်း ကလေးရှေ့မှာ လိင်ပိုင်းဆိုင်ရာအပြု အမှုတွေကို မဆင်မခြင်မပြုလုပ်မိဖို့ လိုတယ်လို့ဆိုပါတယ်။
ယောကျာ်းလေးတွေကိုလည်း လိင်ပိုင်းဆိုင်ရာ စော်ကားတာကနေ၊ မုဒိမ်းမှုမြောက်တဲ့အထိ ကြုံရတဲ့အခြေအနေတွေလည်း အမြောက်အမြားရှိတဲ့အတွက် သက်ငယ်မုဒိမ်းမှု လျောနည်းပပျောက်စေဖို့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို မရှိအောင် ပညာပေးတာတွေ ပြန်လည်လုပ်ဆောင်သင့်တယ်လို့ သူကပြောပါတယ်။
ကျောင်းတွေမှာဆရာတွေရဲ့ ကျောင်းသားတွေအပေါ်လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ဆိုးဆိုးရွားရွားကြားနေရပေမယ့် ဆရာဆိုတဲ့ဂုဏ်ပုဒ်ထက် လူတစ်ဦးချင်းစီရဲ့ ကျင့်ဝတ်ပိုင်းကိုပဲ မေးခွန်းထုတ်ရမယ်လို့ CDM အထက်တန်းပြဆရာမ ဒေါ်သီသီ ကမှတ်ချက်ပြုပါတယ်။
“လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုက ဆရာတိုင်းတော့မဟုတ်ပါဘူး၊ ဗီဇဆိုးတဲ့ဆရာ ပေါ့၊ ရှားပါတယ်၊ တရာမှာ တယောက်နှစ်ယောက်ပေါ့၊ ဒါက ကျင့်ဝတ်နဲ့ပဲဆိုင်ပါတယ်”လို့ဒေါ်သီသီကပြောတယ်။
ပညာရေးကောလိပ်တွေမှာ ဆရာအရည်အသွေးပြည့်မှီအောင် လေ့ကျင့်သင်ကြားပေးလိုက်ပေမယ့် နဂိုဗီဇမကောင်းတဲ့ သူကတော့ ကျင့်ဝတ်တွေလူ့စည်းကမ်းတွေ မလိုက်နာရာကနေ ဒီလိုကျုးလွန်မှုတွေအထိဖြစ်တာလို့ သူကပြောပါတယ်။
အများအားဖြင့် အခြေခံပညာကျောင်းတွေမှာ ဆရာထက် ဆရာမတွေသာများလေ့ရှိပြီးဒါကလည်း ကျောင်းဆရာ၊ ဆရာမ လစာနည်းပါးတာကြောင့် စာသင်ကြားမှုကို ဝါသနာထုံတဲ့အမျိုးသားတွေသာ ရွေးချယ်လုပ်ကိုင်လေ့ရှိတာကြောင့်လို သူက ဆက်ပြောပါတယ်
“အခြေခံကျောင်းတွေမှာ ဆရာနည်းတာက လစာနည်းလို့ပါ။ အိမ်ထောင်ဦးစီးလုပ်ကြမယ့် အမျိုးသားတွေက ကျောင်းဆရာ အလုပ်ကို အင်မတန်ဝါသနာထုံတဲ့သူလွဲပြီး မရွေးချယ်ကြတော့တာ”လို့သူကပြောပါတယ်။
သူတာဝန်ကျခဲ့တဲ့ဒေသတွေမှာလည်း လူမှုအဖွဲ့အစည်းတွေနဲ့ NGO တွေက သက်ငယ်မုဒိမ်းလို လိင်ပိုင်းဆိုင်ရာကျူးလွန် ခံရတာ၊ အကြမ်းဖက်ခံရတာတွေနဲ့ ပတ်သက်လို့ ပညာပေးဟောပြောမှုတွေ လုပ်လေ့ရှိပေမယ့် မိဘအချို့က စားဖို့သောက်ဖို့ အတွက်ရုန်းကန်နေရတဲ့အတွက် သားသမီးကို ဂရုတစိုက်နဲ့လမ်းညွှန်ပြောပြတာတွေလုပ်ဖို့ ပျက်ကွက်တာတွေလည်းရှိကြ တယ်လို့ဆိုပါတယ်။
“အချို့မိဘတွေကလည်း ကျောင်းသာလွှတ်လိုက်ပေမယ့် ဆရာ၊ဆရာမအပေါ် ယုံကြည်မှုလွန်ကဲတယ်၊ စားဖို့သောက်ဖို့ လည်းလုံးပမ်းနေရတော့ သားသမီးဘာဖြစ်နေလဲ မမေးဘူး၊ သားသမီးရဲ့ အပြုအမှုထူးခြားနေလည်း သတိမထားမိဘူး။ ဒါကြောင့် မဖြစ်သင့်တာတွေဖြစ်တာလို့မြင်တယ်”လို့ ဒေါ်သီသီကပြောပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း၂၀၂၁ ကနေ ၂၀၂၃ အထိ မုဒိမ်းမှုပေါင်းး ၁၂၆၀ မှုဖြစ်ပွားခဲ့ပြီး ဒီအထဲ သက်ငယ်မုဒိမ်းမှုက ၇၂၂ မှုပါဝင်နေတယ်လို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း ပန်းဘဲတန်းမြိုနယ်က ဘာသာရေးကျောင်းတခုမှာ ဘာသာရေးကျောင်းဆရာက ကျောင်းသားကလေး ငယ်အချို့ကို ကျောင်းတွင်းလိင်အကြမ်းဖက်တာ၊ လိင်ပိုင်းဆိုင်ရာ အာသာဖြေတာတွေပြုလုပ်ခဲ့ပေမယ့် ကျောင်းတွင်းမှာ ခံဝန်နဲ့သာပြီးခဲ့ပြီး သတင်းကလူမှုကွန်ယက်မှာ ပျံနှံ့လာပြီးနောက်မှသာ အမှုဖွင့်တိုင်ကြားတာတွေ လုပ်ခဲ့ပါတယ်။
သက်ငယ်မုဒိမ်းမှုက အာဏာသိမ်းပြီးနောက်ပိုင်းမှာ လျော့ကျမသွားဘဲ ပိုတောင်များနေတယ်လို့ ပရဟိအဖွဲ့တခုမှာ ပါဝင် လုပ်ဆောင်နေသူတစ်ဦးကပြောပါတယ်။
လျော့ရဲတဲ့တရားစီရင်ရေးအောက်မှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ၊ သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်တွေက ပိုအတင့်ရဲစွာကျူး လွန်ကြသလို ဒါတွေကဆိုရှယ်မီဒီယာပေါ်ရောက်မှသာ လူအများသတိပြုမိပြီး၊ မသိလိုက်မသိဘာသာနဲ့ လူတွေကြားထဲ ရောက်မလာတဲ့ ဖြစ်စဉ်တွေလည်းအများအပြားလို့သူကဆက်ပြောပါတယ်။
“အရင်ကတည်းက လျော့နည်းဖို့ကြိုးစားခဲ့ကြတာ၊ sex education တွေလည်း လုပ်ခဲ့ကြတာ၊လူတွေကြားထဲလည်း အသိပညာဗဟုသုတတွေ ပျံ့နှံ့ရောက်ခဲ့တယ်၊ အခုကတော့ ဒါတွေက နောက်ရောက်ကုန်ပြီ”လို့ သူကပြောပါတယ်။
သူတို့ဒေသမှာလည်း ပြီးခဲ့တဲ့ နှစ်ပိုင်းကတင် အသက် ၁၅ နှစ် အရွယ် မိန်းကလေးတစ်ဦးကို တခြားဒေသကလာသူတစ်ဦးက မုဒိမ်းကျင့်သတ်ဖြတ်မှုဖြစ်ပွားခဲ့ပြီး မိဘတွေအတွက် သတိထားစရာ ဖြစ်ခဲ့တယ်လို့ သူကဆိုပါတယ်။
ကလေးတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်သူတွေက ရင်းနှီးသူတွေ၊ ဆွေမျိုးတွေ၊ ကလေးနဲ့ နီးစပ်တဲ့ပတ်ဝန်းကျင်အသိုင်း အဝန်းက သူတွေဖြစ်တဲ့အတွက် ဘယ်သူနဲ့မဆို စိတ်ချလက်ချမထားသင့်ဘူးလို့ သူကပြောတယ်။ ဒါ့အပြင် ခေတ်စနစ်ဆိုး အောက်မှာလူတွေစီးပွားကြပ်တည်းပြီး စိတ်ထွက်ပေါက်အဖြစ်ကလေးတွေကို ပစ်မှတ်ထားကျူးလွန်တာတွေလည်းရှိတဲ့ အတွက် ကိုယ်တိုင်ကာကွယ်မှသာ အန္တရာယ်တွေကနေကင်းဝေးမယ်လို့ ဆက်ပြောပါတယ်။
ဒီလိုမှမဟုတ်ရင် ကလေးတွေမှာ ကိုယ်ရောစိတ်ပါ တသက်လုံးဒဏ်ရာရရှိမှာ စိုးရိမ်ရတယ်လို့သူကဆက်ပြောပါတယ်။
ကလေးဘဝမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုလိုမျိုး စိတ်ဒဏ်ရာဖြစ်ရပ်တစ်ခုခုကို ကြုံတွေ့ရတဲ့သူတွေက ရေရှည်မှာ စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါနဲ့ ကိုယ်ရည်ကိုယ်သွေးပုံမမှန်မှုဖြစ်တာတွေလည်းတွေ့ရလေ့ရှိတယ်လို့ CETA Mental Health Counselor မှ Trainer တစ်ဦးဖြစ်တဲ့ မချယ်ရီစိုးမြင့်ကပြောပါတယ်။
ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်ရပ်က ကလေးဘဝမှာရော အရွယ်ရောက်ပြီးတဲ့ အချိန်ထိရော ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေတွေနဲ့ ဆက်စပ်နေပြီး အများအားဖြင့် စိတ်ကျရောဂါ၊ အစားအသောက်ပုံမမှန်တာ၊ အိပ်စက်မှုပြဿနာရှိတာနဲ့ ပေါင်းသင်းဆက်ဆံရေးတို့မှာ သက်ရောက်မှု ဖြစ်စေပါတယ်။
တချို့သူတွေမှာဆိုရင် အထွေထွေကျန်းမာရေးပြဿနာတွေ၊ အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေး၊ မီးယပ်ကျန်းမာရေး(ဒါမှမဟုတ်)မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး၊ နာကျင်မှုဒဏ်ရာ (သို့မဟုတ်)ရေရှည်နာတာရှည်အခြေအနေတွေ အပါအဝင် နှလုံးကျန်းမာရေးနဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုပြသနာတွေလည်း ရှိနိုင်တယ်လို့ သူကပြောပါတယ်။
လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ဖြစ်ရပ်က စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို သက်ရောက်နိုင်ပြီး သူတို့တွေ ဆယ်ကျော် သက်နဲ့ အရွယ်ရောက်လာတဲ့အခါမှာလည်း လိင်ပိုင်းဆိုင်ရာဆက်ဆံရေးတွေမှာ သက်ရောက်မှုရှိလာနိုင်တယ်လို့ဆက် ပြောပါတယ်။
ဒါ့အပြင်အကြမ်းဖက်မှုဖြစ်တဲ့အချိန်၊ ကလေးအသက်အရွယ်၊ ထိခိုက်နစ်နာစေတဲ့ သူနဲ့ ၎င်းတို့ရဲ့ဆက်ဆံရေး၊ အကြမ်း ဖက်ခံရမှုကြာချိန်၊ အခြားကလေးဘဝအတွေ့အကြုံများ (အခြားသောကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုပုံစံများအပါအဝင်)၊ မိဘအုပ်ထိန်းသူတွေရဲ့ ပြုစုစောင့် ရှောက်မှု၊ ပတ်ဝန်းကျင်ရဲ့ အထောက်အပံ့ စတာတွေပေါ် မူတည်ပြီး ကလေးတစ် ယောက်နဲ့ တစ်ယောက် သက်ရောက်မှုကွဲပြားတာတွေ ရှိနိုင်သေးတယ်လို့ မချယ်ရီစိုးမြင့်ကပြောပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကနေ လွတ်မြောက်လာတဲ့ ကလေးတွေအတွက် ရေရှည်အကျိုးရလဒ်တွေ တိုးတက် ကောင်းမွန်လာစေဖို့ လုပ်ဆောင်နိုင်တာတွေကတော့ သူတို့အပေါ်မှာလုံခြုံမှုပေးတာ၊ အပြစ်မတင်တာ၊ လူမှုပံ့ပိုးကူညီမှုပေး တာတွေက အရမ်းအရေးကြီးတယ်လို့ ဆိုပါတယ်။
“အထူးသဖြင့် မိဘ၊မိသားစုဝင်တွေရဲ့ ပံ့ပိုးကူညီမှုက သူတို့အတွက် ပိုမိုကောင်းမွန်တဲ့ စိတ်ခံစားမှုနှင့် အပြုအမူဆိုင်ရာ ရလဒ်တွေ ဖြစ်လာအောင် အကူအညီပေးနိုင်ပါတယ်၊စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုနဲ့ပတ်သတ်ပြီး ကျွမ်းကျင် ပညာရှင်တွေ ဆီက အထောက်အပံ့ယူတာကလည်း ပြုလုပ်သင့်တဲ့ အချက်ဖြစ်ပါတယ်”လို့ မချယ်ရီစိုးမြင့်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီနောက်ဆက်တွဲအနေနဲ့ နိုင်ငံတော်ကို ကာကွယ်ရမယ့် အဖွဲ့အစည်းကိုယ်တိုင်ကပြည်သူတွေအပေါ် အနိုင် ကျင့်နှိပ်စက်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတဲ့အခါ မြေပြင်မှာရှိနေတဲ့ပြည်သူတွေကလည်း တရားဥပဒေ စိုးမိုးမှုမရှိတာကို အခွင့်ကောင်းယူလို့ ပြစ်ဒဏ်ကျူးလွန်လာကြတယ်လို့ Sisters2Sister ဦးဆောင်အဖွဲ့ဝင် သဉ္ဇာရွှန်းလဲ့ရည် ကပြောပါတယ်။
“ဘယ်လောက်ပဲကျူးလွန် ပြစ်ဒဏ်ကင်းလွှတ်ခွင့်ရနေတဲ့အလေ့အထပေါ့။ ကျုးလွန်နေလည်း ထောင်ကျခံရမှာမဟုတ်ဘူး အရေးယူခံရမှာမဟုတ်ဘူး။ အမျိုးသမီးတွေလူငယ်တွေ အပြင်ထိခိုက်လွယ်တဲ့သူတွေအတွက် တကယ့်ကို ငရဲတွင်းရောက် စေတဲ့အထိဖြစ်စေပါတယ်”လို့ သဉ္ဇာရွှန်းလဲ့ရည်ကပြောပါတယ်။
ဒါ့အပြင် ပဋိပက္ခနယ်မြေတွေနဲ့ ဆက်စပ်တဲ့ စာသင်ကျောင်းတွေ၊စစ်ရှောင်စခန်းတွေမှာလည်း လိင်အကြမ်းဖက်မှုတွေ ကျူး လွန်တာတွေလည်းရှိပြီး ဒါတွေက ရာဇဝတ်မှုဖြစ်တဲ့အတွက် အရေးယူရမှာဖြစ်ပေမယ့် လက်ရှိမှာ တော်လှန်ရေးဒေသ တွေ မှာအရေးယူမှုယန္တရားအားမကောင်းသေးတဲ့အတွက် ထိထိရောက်ရောက် အရေးယူမှုမပြုနိုင်တဲ့ အခါပြည်သူတွေက ပိုနစ်နာ ရတော့တယ်လို့ သူကဆက်ပြောပါတယ်။
“တော်လှန်ရေးနယ်ပယ်တွေမှာ အရေးယူတဲ့ ယန္တရားတွေအားမကောင်းသလို စစ်အုပ်စုကြီးစိုးတဲ့နေရာတွေမှာလည်း အရေးတယူမပြုတဲ့အခါ ပြည်သူတွေက ပိုပိုပြီးနစ်နာမှုတွေ ဆုံးရှုံးမှုတွေ စိတ်ဒဏ်ရာတွေ အနာတရတွေတိုးပွားတာဖြစ် တယ်”လို့ သဉ္ဇာရွှန်းလဲ့ရည်ကပြောပါတယ်။
ကလေးသူငယ်တွေကို သက်ငယ်မုဒိမ်း ကျူးလွန်မှုတွေ စစ်ကောင်စီအုပ်စိုးတဲ့ဒေသတွေမှာရော တော်လှန်ရေးအဖွဲ့တွေ အုပ်စိုးတဲ့နယ်မြေတွေမှာပါ ရှိနေတဲ့အတွက် ကျူးလွန်သူကိုထိရောက်တဲ့စီရင်မှုတော့ ရှိသင့်တယ်လို့ ချင်းတွင်းတဖက် ကမ်းက တော်လှန်ရေးဒေသတစ်ခုမှာ နေထိုင်တဲ့ ကလေးမိခင် တစ်ဦးဖြစ်တဲ့မသူကပြောပါတယ်။
သူတို့နယ်မြေမှာလည်းပြီးခဲ့တဲ နှစ်ပိုင်းက အသက်မပြည့်သေးတဲ့ ၁၂ နှစ် အရွယ်မိန်းကလေးတစ်ဦးကို အသက်ငါးဆယ် ကျော်အရွယ် အရပ်သားတဦး ကလိင်ပိုင်းဆိုင်ရာကျူးလွန်မှု ဖြစ်ပွားခဲ့ပြီး ရပ်ရွာရော တော်လှန်ရေးအဖွဲ့အစည်းရော အားလုံး သဘောတူညီမှုနဲ့ သေဒဏ်စီရင်မှု ပြုလုပ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုရှိခဲ့တယ် လို့သူကပြောပါတယ်။
“သူ့ကိုဖမ်းပြီး ရွာထဲလှည့်ပြီး တရွာလုံးပတ်အော်ခိုင်းတယ်၊ ရွာထိပ်မှာပဲ ငါးရက်လောက်ကားစင်နဲ့ ပညာပေးအနေနဲ့ ထား ထားခဲ့သေးတယ် ပြီးမှစီရင်တာ” လို့ သူကပြောပါတယ်။
ကလေးငယ်တွေကိုလိင်ပိုင်းဆိုင်ရာကျူးလွန်မှုက လုံးဝမျက်ကွယ်ပြုလို့မရတဲ့ ပြစ်မှုတခုဖြစ်တဲ့အတွက် ထိရောက်တဲ့ အရေးယူမှုသာရှိရင် ကလေးတွေကိုပစ်မှတ်ထားကျူးလွန်တဲ့ အန္တရာယ်ကနေကာကွယ်နိုင်မှာဖြစ်တယ်လို့သူကပြောပါ တယ်။
သူတို့ဒေသတွေမှာလည်း ပဋိပက္ခဒေသတွေဖြစ်တာကြောင့် လေကြောင်းရန်တွေနဲ စစ်ရှောင်ရတဲ့အပြင် မြို့နဲ့အလှမ်း ဝေး ပြီး စာပေတက်မြောက်မှု အားနည်းတာ၊ လက်လုပ်လက်စားများတဲ့ နေရာတွေဖြစ်တဲ့အတွက်ကြောင့် ကလေးတွေကိုလည်း သိသင့်တာတွေ မသင်ကြားနိုင်တာများတယ်လို့ သူကဆက်ပြောပါတယ်။
ကလေးမိဘတွေကတော့ ယောကျာ်းလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ်ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ မကြုံတွေ့ စေချင်သလို ကျူးလွန်ခံရတဲ့ ဖြစ်စဉ်တွေအတွက်လည်းထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်စေချင်တယ် လို့ဆိုကြ ပါ တယ်။
ဒါပေမယ့် တရားဥပဒေအကာအကွယ်ကင်းမဲ့တဲ့ကာလမှာ တရားမျှတမှုအတွက် အလှမ်းဝေးနေဆဲဖြစ်ပြီး၊ ကလေးတွေ အတွက် လုံခြုံစိတ်ချရတဲ့ အသိုင်းအဝိုင်း ရောက်ဖို့ပဲမျှော်လင့်တယ်လို့ဆိုပါတယ်။
“တရားဥပဒေပျက်သုန်းနေတဲ့ကာလမှာ အများကြီးမျှော်လင့်နေလို့တော့မရဘူး။ ကိုယ့်ကလေးကိုယ်ကာကွယ်ရမယ်၊ကျူး လွန်သူကိုလည်းထိုက်သင့်တဲ့ စီရင်မှုလုပ်ရမယ်လို့ ”လို့ မသူက ပြောပါတယ်။
- ထိုင်းနိုင်ငံရဲ့လိင်တူလက်ထပ်ထိမ်းမြားခွင့်ဥပဒေက မြန်မာနိုင်ငံသား LGBT တွေအတွက်အလှမ်းဝေးနေသေး - 14/03/2025
- မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာနော်စင်သီယာမောင် ထိုင်းမှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့် - 13/03/2025
- တရုတ်မယားပြုလုပ်ရန် မြို့ပြနဲ့လူမှုကွန်ရက်တွေမှာ ပေါ်တင်စည်းရုံးမှုတွေပြုလုပ်လာ - 12/03/2025