Home သတင်း နည်းမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ကျူးလွန်မှုများရပ်တန့်ပေးရန် အမျိုးသမီးအဖွဲ့များ တိုက်တွန်း

နည်းမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ကျူးလွန်မှုများရပ်တန့်ပေးရန် အမျိုးသမီးအဖွဲ့များ တိုက်တွန်း

၂၀၂၅ ခုနှစ် မတ်လ (၈) ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ အရပ်ဘက် လူ့ ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအစုအဖွဲ့တွေ၊တော်လှန်ရေးအစုအဖွဲ့က အမျိုးသားတွေနဲ့ တော်လှန်ရေး တပ်သားတွေအနေနဲ့ တော်လှန်ရေးသွေးစည်းမှု၊ ချစ်ခြင်းမေတ္တာ၊ လုပ်ပိုင်ခွင့်၊ အသက်အရွယ်၊ လူမှုရေးပါဝါ၊ အာဏာ စတာတွေအကြောင်းပြပြီး ယုံကြည်မှုကိုအလွဲသုံးစားလုပ်ကာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အမြတ် ထုတ်မှုတွေကို ချက်ခြင်းရပ်တန့်ပေးဖို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အပါအဝင် အမျိုးသမီး အဖွဲ့ (၂၅) ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

အဲဒီလိုကျူးလွန်ခြင်းဟာ တော်လှန်ရေးမှာပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးကို ထိခိုက်စေတဲ့အပြင်ဒီလို လုပ်ရပ်တွေဟာ အလွန်စိတ်ပျက်ဖွယ်ဖြစ်တယ်လို့ အမျိုးသမီးအဖွဲ့တွေကဆိုပါတယ်။ အကြမ်းဖက်ခံရမှုကို ထုတ်ဖော်ပြောဆိုသူတွေနဲ့ လိုက်ပါဆောင်ရွက်နေသူတွေကို ပစ်မှတ်ထားခြိမ်းခြောက်နေတာတွေကို ရပ်တန့်ပေးဖို့ အမျိုးသမီးအဖွဲ့တွေက သတိပေးထားပါတယ်။

“အမျိုးသမီးများအပေါ်မှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ် စော်ကားနှောက်ယှက်မှုဖြစ်ရပ်တွေက လုပ်ငန်းခွင်တွေ မှာဖြစ်နေတယ်။ CSO တွေ NGO တွေ ကြားထဲမှာလည်းဖြစ်နေတယ်။  စစ်ဘေးရှောင်စခန်း တွေမှာ လည်းဖြစ်နေတယ်။ safe house လိုနေရာမျိုးတွေမှာတောင် အမျိုးသမီးတွေကြုံနေရတာ တိုင်ကြားချက်တွေ အရသိရတယ်။ စစ်ကောင်စီကကျူးလွန်တဲ့လုပ်ရက်တွေ အထူးသဖြင့် အမျိုးသမီးတွေအပေါ် ပစ်မှတ်ထားတိုက် ခိုက်တာတွေ တိုက်ပွဲဝင်နေရသလိုပဲ ကျမတို့ပတ်ဝန်းကျင်မှာရှိနေတဲ့ အတူရင်ဆိုင်တိုက်ပွဲဝင်နေတဲ့ အမျိုးသား တွေကိုယ်တိုင်ကလည်း အမျိုးသမီးတွေအပေါ်ထိခိုက်နာကျင်အောင် ယုံကြည်မှုကိုပျက်ပြားအောင် ဆောင်ရွက် နေတာမြင်ရတာ အတော့်ကို စိတ်မသက်မသာဖြစ်ရတယ်။ ဒါကတော်လှန်ရေးကိုစိတ်ပျက်သွားစေနိုင်တဲ့ အဓိက အကြောင်းအရင်းဖြစ်နေတာကိုတွေ့ရတယ်”လို့ Sisters to sisters အဖွဲ့ဦးဆောင်ကော်မတီဝင် သဉ္ဇာရွှန်းလဲ့ ရည်ကပြောပါတယ်။

ဒါ့အပြင် တော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေကြတဲ့အမျိုးသားခေါင်းဆောင်တွေအနေနဲ့လည်း ကျန်တဲ့ အမျိုးသား တွေကို ဒီလိုလုပ်ရပ်တွေ ရပ်တန်းကရပ်ဖို့အတွက်သတိပေးဖို့၊ထုတ်ပြန်ပြောဆိုဖို့၊အချင်းချင်း ထောက်ပြကြဖို့လည်း အရေးကြီးတယ်လို့ ဆိုပါတယ်။

“ဒီနေ့ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသမီးအဖွဲ့အစည်းများမှ ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို ရပ်တန့်ဖို့ ဘာကြောင့် ဒီလိုတိုက်တွန်း နှိုးဆော်ရတာလဲဆိုတော့ လက်နက်၊ ငွေကြေး၊ သြဇာအာဏာသုံးပြီးအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ချစ်ခြင်းမေတ္တာအကြောင်းပြ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ၊  ရင်းနှီးမှုကို အကြောင်း ပြုပြီး လိင်ပိုင်းထိပါးနှောင့်ယှက်စော်ကားမှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာတာကို တွေ့ရှိနေရလို့ပဲ ဖြစ်ပါ တယ်။ ဒါကြောင့် ဘယ်သူမဆို ဘယ်နေရာမှာမဆို ကျူးလွန်မှုတွေ ရပ်တန်းက ရပ်တန့်ဖို့ လိုအပ်သလို ကျူးလွန် ထားတဲ့ပြစ်မှုတွေအတွက် ထိရောက်တဲ့အပြစ်ပေးအရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်း ချင်ပါ တယ်လို့” မြန်မာ့အမျိုး သမီးသမဂ္ဂ (BWU)ရဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူး-၁ မဝေဝေလှိုင်ကပြောပါတယ်။

ပဋိပက္ခအတွင်းအမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ကျူးလွန်မှုတွေဟာ စစ်ရာဇဝတ်မှုဖြစ်ပြီး အမျိုးသမီးတွေအပေါ်နည်းမျိုးစုံနဲ့အကြမ်းဖက်ခြင်း (ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေးပိုင်း ထိခိုက်နစ်နာစေ တဲ့ ရိုးရာဓလေ့ထုံးစံတွေနဲ့ နည်းပညာအရအကြမ်းဖက်ခြင်း)တို့ဟာ ဘယ်နည်းနဲ့မှ သည်းခံခွင့်လွှတ်လို့မရတဲ့ လူသားအချင်းချင်းအပေါ်တန်ဖိုးမထားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဆိုထား ပါတယ်။

စစ်ကောင်စီရဲ့ လူမဆန်စွာကျူးလွန်မှုတွေအတွက် ကျူးလွန်သူတွေကိုပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း မရှိအောင် နိုင်ငံရဲ့ လွတ်လပ်ရေး၊ တရားမျှတမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှုတည်ဆောက်နေတဲ့ကာလမှာ အမျိုးသမီး တွေအနေနဲ့ ဦးဆောင်ဦးရွက်ပြုကာ အလေးပေးဆောင်ရွက်သွားကြမယ်လို့ သံဓိဌာန်ပြုထားသလို လက်ရှိ ကာလ အတွင်း တရားဥပဒေလမ်းကြောင်းအရ တရားစွဲဆိုအပြစ်ပေးဖို့ စိန်ခေါ်မှုတွေရှိနေပေမယ့် နည်းလမ်းပေါင်းစုံသုံး ပြီးတရားမျှတမှုရှာဖွေသွားမယ်လို့ဆိုပါတယ်။

ဒါ့အပြင် သက်ဆိုင်ရာတရားစီရင်ရေးစနစ် အသီးသီးနဲ့တရားဥပဒေလမ်းကြောင်းအရ ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်မရှိစေရေးအတွက် တာဝန်ယူမှု၊တာဝန်ခံမှုတွေရှိလာစေဖို့ စဉ်ဆက်မပြတ် စောင့်ကြည့် တိုက်တွန်းသွားမယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်၊စော်ကားနှောက်ယှက်မှု၊အကြမ်းဖက်မှုကျူးလွန်ထားတဲ့သူဟာသူတို့ရဲ့အပြစ်ကို ဝန်မခံတာ၊စိတ်ရင်းမှန်နဲ့‌မတောင်းပန်တာ၊ ဝန်ခံတောင်းပန်ပြီးနောက် ထပ်မံကျူးလွန်တာ၊ တရားဥပဒေအရ ထိုက်သင့်တဲ့ပြစ်ဒဏ်ခံရဖို့စိန်ခေါ်မှုတွေရှိနေပါက  အမျိုးသမီးအဖွဲ့တွေအနေနဲ့ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေနဲ့ အတူရပ်တည်ပြီး တရားမျှတမှုဖော်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒီလိုကျူးလွန်သူတွေကို လူမှုရေးပြစ်ဒဏ်ပေးတဲ့အနေနဲ့ ကျူးလွန်သူတွေနဲ့ အလုပ်အတူတူတွဲလုပ်တာ၊ ဟောပြောပွဲတွေမှာ ဖိတ်ကြားတာ၊နေရာပေးတာ၊ဆက်သွယ်ဆက်ဆံတာနဲ့အသိအမှတ်ပြုမှု လုံးဝမပြုလုပ်ကြဖို့ အမျိုးသမီးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း အမျိုးသမီးတွေအပေါ်လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်အကြမ်းဖက်ခြင်းကျူးလွန်သူ ဘယ်သူ့ကိုမဆို ခြွင်းချက်မရှိ လူမှုရေးပြစ်ဒဏ်ပေးခြင်းဖြင့် အမျိုးသမီးတွေအတွက် တရားမျှတမှုရှာဖွေခြင်း လမ်းကြောင်းကိုပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

Author:

Related Articles