သန့်ရှင်းထွန်း
ရခိုင်တိုက်ပွဲ တကျော့ပြန်ကာလတစ်နှစ်အတွင်းမှာ မိမိတို့ရဲ့ အိုးအိမ်ကိုစွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးရှောင်ဦးရေရဲ့ ၅၇ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ကြတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ဒီကနေ့ နိုဝင်ဘာလ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ထိ တိုက်ပွဲကာလတစ်နှစ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေဟာ ငါးသိန်းငါးသောင်းကျော်(၅၅၀,၀၀၀)ကျော်ရှိနေပြီး အဲဒီအထဲက သုံးသိန်းခြောက်သောင်းနီးပါး(၃၅၇,၀၀၀)ဟာ အမျိုးသမီးတွေဖြစ်ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲတစ်နှစ်အတွင်းမှာ သေဆုံးခဲ့တဲ့ အမျိုးသမီး ၂၁၈ ဦး၊ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီး ၆၁၄ ဦးနှင့် ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၁၀၅ ဦးရှိတယ်လို့ ဆိုပါတယ်။
အခုလိုစစ်ဘေးရှောင်ရတဲ့ မိသားစုတွေဟာ နီးစပ်ရာဆွေမျိုးအိမ်တွေနှင့် စစ်ရှောင်စခန်းတွေမှာ နေထိုင်နေကြပြီး အခြေခံလိုအပ်ချက် တွေဖြစ်တဲ့ စားသောက်ရေး၊ ကျန်းမာရေး၊ အဝတ်အထည်စတဲ့လိုအပ်ချက်ရှိနေတယ်လို့ စစ်ရှောင်အမျိုးသမီးတွေက ပြောပါတယ်။
လိုအပ်ချက်တွေထဲအမျိုးသမီးလစဉ်သုံးပစ္စည်းလိုအပ်ချက်ဟာ ပိုများနေပြီး ငွေရှိပေမယ့် ဝယ်မရတဲ့ အခြေနေဖြစ်နေတယ်လို့ မောင်တောမြို့နယ်ကစစ်ရှောင်အမျိုးသမီးငယ်တစ်ဦးက ဆိုပါတယ်။
- ရှေ့တန်းစစ်မျက်နှာပြင်က အမျိုးသမီးဒရုန်းစစ်သည် - 24/12/2024
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 23/12/2024
- သစ်ပင်တက်ရင်းမိသားစုကိုစောင့်ရှောက်နေသူ မိန်းကလေး - 19/12/2024