ရှင်ငြိမ်း။ ။
ယခုနှစ်မိုးရာသီကာလမှာ တောတောင်တွေထဲစစ်ရှောင်နေရတဲ့အမျိုးသမီးတွေနဲ့ ကလေးငယ်တွေမှာ ဖျားနာတာတွေ အဖြစ် များပြီး သေဆုံးမှုတွေရှိလာတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေက သတိပေးစကားဆိုနေပါတယ်။
စစ်ရှောင်တွေဟာ မိုးရာသီရောက်လာတဲ့အတွက် အမိုးအကာတွေမလုံခြုံတဲ့ဒဏ်၊ စောင်၊ အနွေးထည်တွေမရှိတာနဲ့ ဆေးဝါး၊ ကျန်းမာရေးဝန်ထမ်းမလုံလောက်မှုတွေကြောင့် သေဆုံးကြရတာဖြစ်တယ်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်မှာလည်း တိုက်ပွဲတွေကြောင့် တိမ်းရှောင်လာရတဲ့စစ်ရှောင် ငါးထောင်လောက် မှာ ၃၀၀ လောက် က ဖျားနာနေကြပြီး ဒီ နှစ်လအတွင်း အမျိုးသမီးသုံးဦးနဲ့ ကလေးငယ် နှစ်ဦးသေဆုံးခဲ့ပါတယ်။
“ ဒီမှာရာနဲ့ချီနဲ့ကိုဖျားကြတာ။ အထူးသဖြင့်အမျိုးသမီးတွေပိုများတယ်။ သူတို့ကအားနည်းပြီးအဖျားဝင်တာ။ အစားကောင်း ကောင်းမစားရဘူး။ ဘာဆေးမှမရှိဘူးဖြစ်နေတယ် တောထဲဆိုတော့။ စဖြစ်တာက မိုးကျပြီးနောက်ပိုင်း တစ်လကျော်ပြီပေါ့ ဖျားနေကြတာ။” လို့ စခန်းတာဝန်ခံဦးဇော်အောင်က ပြောပါတယ်။
ဒီစစ်ရှောင်စခန်းမှာက အမျိုးသမီးဦးရေဟာ သုံးပုံနှစ်ပုံရှိနေပြီး ကလေး၊ လူကြီးအများစုဟာ ငှက်ဖျားအဖြစ်များကာ ဆေးဝါး မလုံလောက်တဲ့ပြဿနာနဲ့ ရင်ဆိုင်နေရတာဖြစ်တယ်။
ငှက်ဖျားရောဂါဆိုတာ ခြင်ကိုက်ခံရာကနေ ငှက်ဖျားပိုး လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတဲ့အတွက် ငှက်ဖျားဖြစ်တာပါ။ ရောဂါ ပိုးရှိတဲ့လူကို ကိုက်ခဲ့တဲ့ခြင်က တခြားလူကိုထပ်ကိုက်ရင်လည်း ငှက်ဖျားရောဂါကူးစက်တတ်တယ်လို့ ကျန်းမာရေးဝန်ထမ်း တွေက ပြောပါတယ်။
ဒီခြင်တွေဟာ စမ်းချောင်း၊ မြစ်ချောင်းနဲ့ တောတောင်တွေထဲမှာရှိနေတတ်ပြီး မှောင်တဲ့ညအချိန်မျိုးမှာ ကိုက်လေ့ရှိတာ ကြောင့် တောတောင်ထဲမှာနေရတဲ့စစ်ရှောင်တွေအနေနဲ့ ငှက်ဖျားရောဂါတွေအဖြစ်များတာဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသကာကွယ်ရေးတပ် (PDF)တွေ တိုက်ပွဲ ဖြစ်နေတာကြောင့် ဧရာဝတီမြစ်အရှေ့နဲ့အနောက်ခြမ်းက ဒေသခံ တစ်သောင်းနီးပါးဟာ စစ်ရှောင်နေကြရတာ ဖြစ်တယ်။
စစ်ရှောင်တစ်ဝက်လောက်ကတော့ မြို့က ဆွေမျိုးတွေနေအိမ်မှာခိုလှုံနေကြတာဖြစ်ပြီး ကျန်တဲ့စစ်ရှောင် ငါးထောင်လောက် ကတော့ တောတောင်တွေထဲမှာ ခိုလှုံနေကြရပါတယ်။
တောတောင်တွေထဲဖြစ်သလိုဆောက်လုပ်ထားတဲ့ တဲအိမ်လေးတွေထဲမှာ စစ်ရှောင်တွေဟာ အမိုးအကာမလုံမခြုံ၊ စားသောက် ရေးမလောက်မငှနဲ့ နေထိုင်နေရတာ နှစ်လကျော်ရှိနေပါပြီ။
ဒီလိုအဆင်မပြေမှုတွေကြားထဲမှာ မိုးများပြီး သာမာန်ထက်ပိုအေးလာတာကြောင့် အမျိုးသမီးနဲ့ ကလေးငယ်အများစုဟာ ဌက်ဖျားဖြစ်နေကြပြီး ဆေးဝါးမလုံလောက်လို့ အသက်ဆုံးရှုံးရတဲ့အထိဖြစ်လာခဲ့တယ်။
ရွှေကူမြို့နယ်ထဲက စီသောင်ကျေးရွာကနေ စစ်ရှောင်လာတဲ့ ဒေါ်သင်းမော်ဆိုလည်း သူရဲ့ငါးနှစ်အရွယ် သမီးလေးဟာ ငှက်ဖျား ဖြစ်ပြီး ဆေးဝါးလုံလောက်အောင်မရတာကြောင့် သေဆုံးခဲ့ရတာပါ။
“ ဒီမှာဘာဆေးမှမရှိဘူး။ ဆေးအလှူရှိပေမယ့် အဖျားပျောက်ဆေးပဲရှိတာ။ ဌက်ဖျားဆေးက ဖြစ်တဲ့သူများတော့ မျှသောက် ရတယ်။ ဆေးမရှိလို့သေရတာတဲ့ တကယ်ရင်နာရတယ်။”လို့ မိခင်ဖြစ်တဲ့ဒေါ်သင်းမော်က ဝမ်းနည်းစွာ ဆိုပါတယ်။
ဒေါ်သင်းမော်တို့မှာ ချောင်းဆိုးပျောက်ဆေးလို အိမ်သုံးဆေးတွေတောင် ရှိမနေတာပါ။ အခုလိုဆေးဝါးတွေ မပြည့်စုံတာ ကြောင့် နဂိုရောဂါအခံရှိတဲ့ဆီးချို၊ သွေးတိုး၊ နှလုံးစတဲ့ရောဂါသည်တွေမှာ အခက်အခဲများစွာတွေ့နေရတာ ဖြစ်တယ်။
ဒါကလည်း အာဏာသိမ်းစစ်တပ်က ကချင်ပြည်နယ်ကို စစ်ရေးအရဖိနှိပ်ချင်တာကြောင့် ဆေးဝါးနဲ့ဆန်ယူခွင့်ပိတ်ပင်ကန့် သတ်ထားတာကြောင့်ဖြစ်တယ်။ ဆေးစာအုပ်ပြပြီး သယ်ယူခွင့်ရှိတယ်ဆိုပေမယ့် တစ်လကိုတစ်ကြိမ်သာ ယူခွင့်ရှိပါတယ်။
သိုပေမဲ့ တောထဲကနေ မြို့ပေါ်တက်ဖို့ဆိုတာကလည်း စစ်ရှောင်တွေမှာစိန်ခေါ်မှုများစွာရှိပါတယ်။ မတော်တဆမိုင်းတွေရှိနေ မှာ၊ စစ်ကြောင်းနဲ့တိုးပြီး ပေါ်တာဆွဲခံရမှာနဲ့ ဒါမှမဟုတ်ရင် ဖမ်းဆီးသတ်ဖြတ်ခံရမလားဆိုတာ ဘယ်သူမှ သေချာမပြောနိုင် ပါဘူး။
ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက ချင်းပြည်နယ်ကို ဆေးဝါးတွေသယ်လာပေးတဲ့ CDM ဆရာဝန်နဲ့ သူနာပြုတွေကို စစ်တပ်က ဖမ်းဆီးပြီး ဒီထဲက သူနာပြုတစ်ဦးကို စစ်ကြောရေးမှာသတ်လိုက်တယ်ဆိုတဲ့သတင်းတွေကြောင့် ဘယ်သူမှဆေး မသယ်ရဲကြတော့ တာ ဖြစ်တယ်။
“ စစ်ရှောင်စခန်းဆိုတာကတော့ အိမ်လိုတော့မပြည့်စုံဘူးပေါ့။ ဒါပေမဲ့ နှာစေး၊ ချောင်းဆိုးပျောက်ဆေးလောက်တော့ ပေးယူ သင့်တယ်။ ခုကဆေးတွေ့ဖမ်း၊ ဆန်သယ်ဖမ်းနဲ့ဆိုတော့ အကုန်ဒုက္ခရောက်ရတယ်။” လို့ ဦးဇော်အောင်က ရှင်းပြပါတယ်။
စစ်ရှောင်တွေအနေနဲ့ ယခုအချိန်မှာအိမ်ပြန်ပြီး စားသောက်စရာယူဖို့ဆိုတာကလည်း မဖြစ်နိုင်တဲ့အခြေအနေပါ။ ဘာလို့ဆို စစ် တပ်က သူတို့နေအိမ်တွေကို မီးရှို့သွားတဲ့အပြင် စုဆောင်းထားတဲ့ဆန်တွေ ယူသွားသလို စပါးကြိတ် စက်၊ စပါးကျီတွေပါ မီးရှို့ သွားတာကြောင့်ဖြစ်တယ်။
အခုလိုဆေးဝါးအပြင် ဝမ်းစာပါမရတော့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အာဟာရမပြည့်တာတွေကြောင့် လမစေ့ဘဲ ကလေး မွေးဖွားတာနဲ့ မွေးဖွားရခက်ခဲတဲ့ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ ဦးဇော်အောင်က ပြောပါ တယ်။
မီးဖွားထားတာ လပိုင်းပဲ ရှိသေးတဲ့မိခင်ဒေါ်လမိုင်ကလည်း“အာဟာရမရှိတော့ မွေးလာတဲ့ကလေးက သေးသေးလေးတွေ၊ ပေါင်မပြည့်ဘူး။ မွေးလာရင်လည်း မသန်စွမ်းတာ၊ ခေါင်းကြီးကိုယ်သေးတို့ စအိုမပါတာတို့ အဲ့လိုတွေမူမမှန်တာတွေမွေး တယ်။” လို့ ရှင်းပြပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေဟာ စားဖို့ပူရ၊ ဗုံးလာကြဲမှာပူရနဲ့ စတဲ့ထိတ်လန့် စိုးရိမ်ကြောင့်ကြရမှုတွေများတာကြောင့် မွေးဖွားရခက်ခဲတဲ့ပြဿနာနဲ့ ကြုံနေကြတာဖြစ်တယ်။
ဒီအထဲ စစ်ရှောင်တွေအတွက် ထောက်ပံ့ကူညီပေးမှုနည်းသလို ပြင်ပကအဖွဲ့အစည်းတွေကလည်း ချိတ်ဆက်ကူညီတာ မရှိတဲ့ အတွက် စခန်းတာဝန်ခံတွေနဲ့ ကူညီပေးနေသူတွေက တတ်နိုင်တဲ့ဘက်ကနေ ကူညီနေပေမယ့်လိုအပ်ချက်တွေကတော့ ရှိနေ ဆဲပဲလို့ ဦးဇော်အောင်က ဆိုပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)ရဲ့စာရင်းမှာ ကချင်ပြည်နယ်၊ ရွှေကူမြို့တစ်ခုထဲမှာ စစ်ရှောင် ဦးရေဟာ နှစ်သောင်းနီးပါးရှိနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ ဖော်ပြထား ပါတယ်။
အလားတူ ချင်းပြည်နယ်မှာလည်း မတူပီမြို့နယ်က စစ်ရှောင်လာရတဲ့သူတွေလည်း သွေးလွန်တုတ်ကွေးဖြစ်ကာ ဆေးဝါးနဲ့ ဆရာဝန် မလုံလောက်တာကြောင့် အသက် ၃၃ နှစ်အရွယ် မမူးမူးနဲ့ ခုနစ်နှစ်အရွယ်မဂျူးလေးတို့ သေဆုံးခဲ့ရပါတယ်။
သေဆုံးသူတွေဟာ လက်ရှိအာဏာသိမ်းစစ်တပ်နဲ့ ချင်းကာကွယ်ရေးတပ်(မတူပီ-CDF)တွေကြားတိုက်ပွဲတွေကြောင့် တော တောင်တွေကြားမှာ ဖြစ်သလိုနေထိုင်ရင်းစစ်ရှောင်နေသူတွေဖြစ်တယ်။
“ ခါတိုင်းဖျားလို့ဆေးတိုက်လိုက်ရင် ပျောက်တယ်။ အဲ့နေ့က ချမ်းတုန်ပြီးအပြင်းဖျားတယ်။ နောက်တော့ အစာမစားဘဲ ဆက် တိုက်အန်တာ။ ညနေလောက်တော့သတိလစ်သွားတယ်။ သွေးလွန်တုပ်ကွေးနဲ့ဆုံးတာလို့ပြောတယ်။” လို့ ဂျူးလေးမိခင် ဒေါ်နှင်းနွယ်က ပြောပါတယ်။
ရာသီဥတုက အအေးပိုလာတဲ့အပြင် မိုးကာလဖြစ်နေတော့ အမိုးအကာမလုံခြုံတဲ့ဒဏ်၊ ဆေးဝါးအခက်အခဲနဲ့ ကျန်းမာရေး ဝန် ထမ်းမလုံလောက်တာတွေကြောင့် အခုလိုသေဆုံးရတာလို့ စစ်ရှောင်စခန်းတာဝန်ခံက ကောက်ချက်ချပါတယ်။
ယခင်အစိုးရလက်ထက်က လူမူဝန်ထမ်းကနေ ဆေးစိမ်ခြင်ထောင်တွေ၊ ရေကန်ထဲထည့်တဲ့ပိုးသတ်ဆေးတွေအပြင် ခြင်ဆေး တွေပါ လိုက်လံဖြန်းပေးတာတွေလုပ်ပေးခဲ့တာဖြစ်တယ်။
၂၀၂၀ ခုနှစ်နောက်ပိုင်း ကိုဗစ်နဲ့နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တောတောင်တွေထဲမှာ စစ်ရှောင်တွေအနေနဲ့ ဒီလိုခြင်ထောင် တွေ၊ ဆေးတွေရရှိဖို့ ခက်ခဲတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံ ဦးဆန်နီက ပြောပါတယ်။
သွေးလွန်တုတ်ကွေးရောဂါဟာ ခြင်ကိုက်တာ၊ မသန့်ရှင်းတဲ့ရေတွေသောက်သုံးတာတွေကြောင့် အဖြစ်များပြီး နှစ်နှစ် တကြိမ် ဒါမှမဟုတ် သုံးနှစ်တစ်ကြိမ် ကပ်ရောဂါလို ပြန်ဖြစ်တတ်တယ်လို့ ဆရာဝန်တစ်ဦးက မှတ်ချက်ပေးပါတယ်။
လက်ရှိစခန်းမှာ ကျန်းမာရေးစောင့်ရှောက်မှုက ဆရာဝန်၊ သူနာပြုတွေလုံးဝမရှိတဲ့အတွက် CDF-မတူပီက သင်တန်းပေးထား တဲ့ အရံဆေးတပ်သားတွေက စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေရတာပါ။
ဒီစစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၁၅၀ လောက်ရှိပြီး လူဦးရေ တစ်ထောင်ကျော်ခိုလှုံနေတာဖြစ်တယ်။ စစ်ရှောင်အများစုက အမျိုး သမီးတွေဖြစ်ပြီး ဒီထဲမှာကလေး၊ လူကြီး တစ်ရာနီးပါးဟာ ဖျားနာနေကြတယ်လို့ ဦးဆန်နီက ဆိုပါတယ်။
လူကြီးတွေကတော့ တောထဲဟင်းစာရှာ၊ ဝါးခုတ်၊ ထင်းခုတ်သွားနေရတော့ ဌက်ဖျားဖြစ်တာများပြီး ကလေးအများစုက တော့ သွေးလွန်တုပ်ကွေးတွေဖြစ်နေကြတာပါ။
စစ်ရှောင်တွေဟာ အမိုးအကာမလုံခြုံတဲ့တဲလေးထဲမှာ အိမ်ထောင်စု သုံးလေးစုလောက်ပေါင်းနေရပြီး စစ်ရှောင် တစ်ထောင် လောက်အတွက်ကို အိမ်သာတစ်လုံး၊ ယာယီရေကန်တစ်ခု ထားရှိပေးထားတာဖြစ်တယ်။
“ မိုးရွာလာတော့ ရေကန်ထဲအမှိုက်တွေကျပြီး မသန့်ရှင်းတာတွေဖြစ်တယ်။ အိမ်သာကလည်း လူတစ်ရာမှာ တစ်လုံးပဲရှိတာ။ တောထဲဆိုတော့လည်း ခြင်ကပေါတယ်လေ။ နောက်ရာသီဥတုအပြောင်းအလဲဖြစ်တာကြောင့်နဲ့ဖျားကြတာ။”လို့ ဒေါ်နှင်းနွယ် က ဆိုပါတယ်။
Chin Health Organization (CHO)မှ ထုတ်ပြန်စာရင်းတွေအရ ချင်းပြည်နယ်မှာ ၂၀၂၂ ခုနှစ်မှာ ငှက်ဖျားလူနာ ၂ဝ ခန့်ရှိရာမှ ယခု(၂၀၂၃)နှစ်မှာ သုံးလအတွင်းမှာ ငှက်ဖျားလူနာ အယောက် ၄၀ အထိရှိနေပြီး ကန်ပက်လက်၊ မတူပီနဲ့ မင်းတပ်မြို့နယ် တို့မှာ ငှက်ဖျားဖြစ်ပွားနှုန်းက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
မြို့နယ်တချို့မှ စစ်ရှောင်နေရသူတွေလည်း ဌက်ဖျားနဲ့သွေးလွန်တုတ်ကွေးဖြစ်နေပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ CDM ဆရာဝန်တစ်ဦးက ဆိုပါတယ်။
အခုလိုငှက်ဖျားနဲ့ သွေးလွန်တုတ်ကွေးတွေ အဖြစ်များလာတာကလည်း တောတောင်တွေထဲမှာ ခြင်ထောင်မရှိဘဲ နေကြလို့ ဖြစ်ပြီး ဆေးဝါးမလုံလောက်တာကြောင့် ရောဂါကူးစက်ပြီး သေဆုံးရတဲ့အထိရှိလာတာဖြစ်တယ်။
ဒါ့ကြောင့် ဆေးစိမ်ခြင်ထောင်အလှူရှင်တွေ လိုအပ်နေပြီး ဒါမှမဟုတ်ဘူးဆိုရင် အိတ်ပေါက်နဲ့ဖားကောက်သလို ဖြစ်မယ်လို့ လည်း ဆရာဝန်က သတိပေးထားပါတယ်။
ချင်းစစ်ရှောင်တွေအနေနဲ့ လက်ရှိမှာသောက်သုံးရေ၊ စားနပ်ရိက္ခာ၊ အမိုးအကာ၊ တစ်ကိုယ်ရေသုံးပစ္စည်းတွေနဲ့ ဆေးဝါးတွေ အထူးလိုအပ်နေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က သူတို့နဲ့ စစ်ရေးပြင်းထန်နေတဲ့ချင်းပြည်နယ်ကိုလည်း ဖြတ်လေးဖြတ်လုပ်ထားတာ ပြီးခဲ့တဲ့နှစ် (၂၀၂၂ ) ကတည်း ဖြစ်တယ်။ လက်ရှိချင်းပြည်နယ်ကို သွားလာဖို့အန္တရာယ်များတဲ့ဒေသအဖြစ်သတ်မှတ်ထားတာပါ။
စစ်တပ်က မတူပီ-မင်းတပ်အကြား ၈၄ မိုင်ဝန်းကျင်မှာ တပ်စွဲထားတာဖြစ်လို့ မင်းတပ်-မတူပီလမ်းကို အသုံးမပြုကြရန် ချင်း ကာကွယ်ရေးတပ်ဖွဲ့(မတူပီ)ကလည်း အသိပေးချက်တွေထုတ်ပြန်ထားတာဖြစ်တယ်။
ဒါ့အပြင် တနသာင်္ရီတိုင်း၊ ထားဝယ်မြို့မှာလည်း စစ်ရှောင်တွေဟာ ယခင်နှစ်ထက်ပိုမိုဖျားနာတာတွေဖြစ်ပြီး သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသအခြေစိုက်ကာကွယ်ရေးတပ်(PDF)တွေက ထောက်ပြနေပါတယ်။
“ ဒီနှစ်ကလေး၊ လူကြီးအားလုံးလိုလိုဖျားကြတယ်။ ကျနော်တို့ ကုခဲ့တဲ့မှတ်တမ်းအရဆို မနှစ်ကထက်ပိုဖျားတယ်။ အားနည်း တာနဲ့ ရာသီအပြောင်းအလဲကြောင့်ဖျားကြတာ။ အဲ့ဒီမှာဆေးတွေမလုံလောက်တော့ သေတဲ့အထိဖြစ်တာပေါ့။”လို့ နယ်လှည့် CDM ဆရာဝန်တစ်ဦးက ဆိုပါတယ်။
မနှစ် (၂၀၂၂)က ထားဝယ်မြို့အရှေ့တောဘက်မှာရှိတဲ့စစ်ရှောင် လေးဦးလောက်သာငှက်ဖျားဖြစ်ပြီး ယခုနှစ်မှာတော့ စစ် ရှောင်စခန်းတိုင်းမှာ အနည်းဆုံးနှစ်ဦးလောက်တော့ ဖျားနာနေတယ်လို့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ထားဝယ်မြို့ဟာလည်း အာဏာသိမ်းစစ်တပ်နဲ့ စစ်ရေးပြင်းထန်နေတဲ့ဒေသဖြစ်တယ်။ စစ်တပ်နဲ့ ထားဝယ်PDFတွေကြား တိုက် ပွဲတွေကြောင့် ဒေသခံတွေဟာ တောတောင်တွေထဲမှာ စစ်ရှောင်နေရတာ နှစ်နှစ်ကျော်ရှိနေပါပြီ။
စားဝတ်နေရေးမလောက်ငှတဲ့ကြား ဆေးဝါးနဲ့ ဆရာဝန်၊ သူနာပြုကလည်း လုံလောက်အောင်မရှိတာကြောင့် ဖျားနာနေတဲ့ စစ်ရှောင်တွေဟာ အသက်ဆုံးရှုံးရတဲ့အထိဖြစ်လာခဲ့တယ်။
ထားဝယ်မြို့ ၊အရှေ့တောဘက်က စစ်ရှောင်စခန်းမှာ အိမ်ထောင်စု တစ်ရာလောက်ရှိပြီး လူဦးရေ ငါးရာနီးပါးခိုလှုံနေတာ ဖြစ် တယ်။ ဒီထဲက လူဦးရေ တစ်ရာနီးပါးဖျားနာနေကြပြီး ငှက်ဖျားနဲ့ရာသီတုတ်ကွေးကြောင့် နှစ်လကျော်အတွင်း အမျိုးသမီး တစ်ဦး နဲ့ ကလေးငယ်သုံးဦးသေဆုံးထားတာပါ။
“ ကျမ အမလည်းငှက်ဖျားနဲ့ဆုံးတာ။ သူ့မှာအရင်ကငှက်ဖျားမရှိဘူး။ ဆေးသောက်ပြီးရင် ပျောက်သလိုလိုနဲ့ ညနေဆို အဖျား တက်တော့တာပဲ။ အဲ့မှာဖြတ်သွားတဲ့ဆေးတပ်သားက ငှက်ဖျားလို့ပြောတယ်။ ဒါမဲ့သူတို့မှာလည်းဆေးမပါဘူး။ အဲ့ဒါနဲ့ဆုံး တာ။” လို့ စစ်ရှောင်တစ်ဦးဖြစ်တဲ့ ဒေါ်တင်အေးက ပြောပါတယ်။
လူကြီးတွေအပြင် ကလေးတွေပါ ဖျားနာသေဆုံးတာတွေရှိလာလို့ သူ့ကလေးတွေအတွက်လည်း နေ့စဉ်စိတ်ပူနေရတယ်လို့ သူက ဆိုပါတယ်။
ပြင်းထန်ငှက်ဖျားရောဂါဟာ ဦးနှောက်ထဲငှက်ဖျားပိုးဝင်ပြီး သေဆုံးတဲ့အထိဖြစ်နိုင်တဲ့အပြင် မိုးရာသီကာလဟာ ငှက်ဖျား ကူး စက်မှု အမြင့်ဆုံးရာသီလည်းဖြစ်တာကြောင့် စစ်ရှောင်တွေအနေနဲ့ ဆေးဝါးနဲ့ ဆရာဝန်တွေလိုအပ်နေတာဖြစ်တယ်။
ဒေါ်တင်အေးတို့လို စစ်ရှောင်တွေရဲ့နေထိုင်စားသောက်ရေးကအစ အစစအရာရာအားလုံးကို အလှူရှင်တွေရဲ့အထောက် အပံ့ နဲ့ ရပ်တည်နေတာပါ။
ကျန်းမာရေးဆိုလည်း စစ်ရှောင်စခန်းတွေကို နယ်လှည့်ကုသပေးနေတဲ့ဆေးအဖွဲ့တွေနဲ့ PDF တပ်ဖွဲ့များမှ ဆေးတပ်သားတွေ က ကုသစောင့်ရှောက်မှုတွေလုပ်ပေးနေရတာဖြစ်တယ်။
“ ကျနော်တို့ကတော့ တတ်နိုင်တဲ့ဘက်ကနေ ကုပေးပေမယ့် ဆေးတွေမရတော့ အတော်လေးခက်တယ်။ သောက်ဆေး၊ ထိုး ဆေး ဘာမှမရတာ။ စစ်တပ်က ဆန်ဆိုလည်း ငါးအိတ်ထက်ပိုမသယ်ရဘူး။ ဆေးဆိုလည်း ပါရာဆိုတစ်ယောက် နှစ်ကတ်ပဲ ယူ လို့ရတယ်။ အဲ့တော့ဖျားနာနေသူတွေကို သတ်နေတာမတူဘူးလား။”လို့ CDM ဆရာဝန်က ပြောပါတယ်။
ကုန်စျေးနှုန်းတက်တာနဲ့ အဖမ်းအဆီးတွေကြောင့် ဆေးဝါးတွေဝယ်မရသလို ရာသီတုပ်ကွေးကာကွယ်ဆေးကလည်း တစ်လုံး ကို ကျပ်သုံးသောင်းလောက်ပေးရတဲ့အတွက် ငွေကြေးမရှိတာနဲ့ သယ်ယူဖို့မလွယ်တာကြောင့် ဆေးဝယ်ရခက်ခဲနေတာဖြစ် တယ်။
“ ငှက်ဖျားဖြစ်ရင် ပျောက်အောင်သေချာကုရမယ်။ မဟုတ်ရင် ပိုးကခန္ဓာကိုယ်ထဲပြန့်ပြီး ခေါင်းအရမ်းမူးတာ၊ အန်တာနဲ့ အစားအသောက်ပျက်တာတွေဖြစ်မယ်။ အဲ့မှာသေတာပဲ။ ဒါ့ကြောင့် ဆေးတွေအမြန်ရဖို့လိုတယ်။”လို့ သူက ရှင်းပြပါတယ်။
လက်ရှိ ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်ကို စစ်တပ်က အပြင်းအထန်စစ်ကြောင်းထိုးနေတာကြောင့် စစ်ရှောင်ဦးရေဟာ လည်းနေ့စဉ်တိုးနေပြီး စားနပ်ရိက္ခာ၊ အမိုးအကာတွေနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ်လိုအပ်နေတာဖြစ်တယ်။
ရာသီတုတ်ကွေး၊ ငှက်ဖျားနဲ့ သွေးလွန်တုတ်ကွေးတွေဟာ ဒီဒေသတွေမှာဖြစ်နေတာမဟုတ်ဘဲ စစ်တပ်နဲ့ စစ်ရေးပြင်းထန် နေတဲ့ကရင်၊ ကယား၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့က စစ်ရှောင်စခန်းတွေမှာလည်း ဖျားနာသေဆုံးမှုတွေရှိနေတာပါ။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)ရဲ့စာရင်းတွေအရ အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော် အတွင်း စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ စစ်ရှောင်နေရတဲ့ဦးရေဟာ ၁.၆ သန်းကျော်အထိရှိနေပါတယ်။