Home သတင်း တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ

ဇူလိုင်လ ၂ ရက်မှ ၈ ရက်အတွင်း တစ်ပတ်တာ အမျိုးသမီးဖြစ်ရပ်များထဲမှ ထူးခြားတဲ့အကြောင်းအရာတွေကို HI က စုစည်း ဖော်ပြပေးလိုက်ရပါတယ်။

 မင်းအောင်လှိုင်မွေးနေ့မှာ ထဘီအလံတွေလွှင့်ပြီး အမျိုးသမီးများသပိတ်စစ်ကြောင်းထွက်

စစ်ကိုင်းတိုင်း၊ မုံရွာ – အမြင့်လမ်းဘေးရှိ ကျေးရွာတရွာမှာ ဇူလိုင်လ ၃ ရက်၊ မနက်ပိုင်းက ဒေသခံအမျိုးသမီးတွေ ဦး ဆောင်ပြီး မင်းအောင်လှိုင်မွေးနေ့မှာ ထဘီအလံတွေလွှင့်ကာ သပိတ်စစ်ကြောင်းထွက်ခဲ့ပါတယ်။

“ အကြမ်းဖက်ဝါဒီတိုက်ဖျက်ကြ၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရစေရ ” စတဲ့ ဘန်နာတွေကို ကိုင်စွဲဆန္ဒပြခဲ့ကြတာဖြစ်တယ်။

ဒီသပိတ်ကို အမျိုးသမီးမဟာမိတ်အင်အားစု၊ မုံရွာပင်မသပိတ်နဲ့ ချောင်းဦးလူငယ်အင်အားစုမှ ရဲဘော်တွေလာရောက် ပူး ပေါင်းခဲ့ကြကာ အထိုင်သပိတ်အပြီးမှာ မင်းအောင်လှိုင်နာမည်ခေါ်ကာ အဆဲသပိတ်ကျင်းပခဲ့ပါတယ်။

Source – မြေလတ်အသံ

စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ အမျိုးသမီးတစ်ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာမှာတပ်စွဲထားတဲ့စစ်သားတွေက ကျေးရွာအနီး အီနာဂါဗုံးသီးနဲ့ ပစ်ချခဲ့တာကြောင့် အသက် ၃၆ နှစ်အရွယ် မစန်းဌေး ကျည်စထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့နေ့ကလည်း စစ်တပ်က ငတရော်ရွာကို ဒရုန်းနဲ့ ဗုံးသီး ၄ လုံးကြဲချခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်။

အခုနောက်ပိုင်း ရေစကြိုမှာ စစ်သားတွေက ဒရုန်းတွေနဲ့ PDF စခန်းတွေကို ဗုံးကြဲတိုက်ခိုက်တာတွေလုပ်လာတယ်လို့ ရေစ ကြိုနယ်၊ စစ်ရေးလှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်တပ်အထိုင်ချထားတဲ့ကျေးရွာတွေကိုလည်း ဒရုန်းနဲ့တိုက်ခိုက်ပြီး ခြိမ်းခြောက်တာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ 

Source – မြေလတ်အသံ

လက်နက်ကိုင်တစ်စုက တီးတိန်မှ ကျောင်းဆရာမ ၃ ဦးကိုဖမ်းဆီးသွား

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆူဇန်ကျေးရွာရှိ နှစ်ခြင်းဘုရားရှိခိုးကျောင်းမှာ စာသင်ပေးနေတဲ့ကျောင်းဆရာမ ၃ ဦးကို ဇူလိုင်လ ၄ ရက်၊ နေ့လယ်ပိုင်းမှာ အမည်မသိလက်နက်ကိုင်တစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

ဖမ်းဆီးခံရတဲ့ကျောင်းဆရာမ ၃ ဦးဟာ ပညာရေးဦးစီးဌာနအောက်က အခြေခံပညာကျောင်းတွေမှာတာဝန်ထမ်းဆောင်နေ သူတွေဖြစ်ပြီး အစိုးရကျောင်းမရှိလို့ နှစ်ခြင်းဘုရားကျောင်းမှာ ကလေးတွေကိုစာသင်ပေးနေတာဖြစ်တယ်။

ဖမ်းဆီးသွားတဲ့ဆရာမတွေကို ပြန်လွှတ်ပေးဖို့၊ တွေ့ဆုံခွင့်ပေးဖို့ရွာသားတွေက လက်နက်ကိုင်အဖွဲ့ထံ တောင်းဆိုပေမယ့် ငြင်းဆန်ခဲ့လို့ တွေ့ခွင့်မရဘူးလို့ သိရပါတယ်။

Source – Chin World

အာဏာရှင်ဆန့်ကျင်ရေး စာသားချိတ်ဆွဲတဲ့ လူငယ်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ဇူလိုင် ၃ ရက်က အာဏာရှင်ဆန့်ကျင်ရေး စာသားချိတ်ဆွဲနေတဲ့အသက် ၁၈ နှစ် အရွယ် မောင်ဖြိုးသော်ထွန်းနဲ့မအိန္ဒြေဦးတို့ ဖမ်းဆီးခံခဲ့ရပါတယ်။

သူတို့က အမှတ် ၁၁ ရပ်ကွက် အ.လ.က (၉) စာသင်ကျောင်းတံခါးမှာ “ကျောင်းသားထုသွေးနှင့် ရေးသော ၇-၇-၆၂ မမေ့ ကြနဲ့” စာသားကို ချိတ်ဆွဲနေချိန်မှာ အာဏာပိုင်တွေရဲ့ဝိုင်းဝန်းဖမ်းဆီးတာခံလိုက်ရတာပါ။

နောက်ရက်မှာလည်း ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၉ ရပ်ကွက် မြတ်လေးလမ်းက အဆောင်တစ်ခုမှာနေတဲ့လူငယ် အမျိုး သား ၅ ဦးကိုထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဘာအတွက်ဖမ်းဆီးသွားတယ်ဆိုတာတော့ မသိရသေးပါဘူး။

Source – RFA

လှိုင်သာယာမှ အထက်တန်းပြဆရာမတစ်ဦး သီရိဒုံမင်းသမီးချီးမြှင့်တဲ့ထူးချွန်ဆုရ

ထိုင်းဘုရင့်သမီးတော် သီရိဒုံမင်းသမီးရဲ့The Princess Maha Chakri Award Foundation ကပေးတဲ့ စာသင်ကြားမှု ဆိုင်ရာထူးချွန်ဆုကို မြန်မာနိုင်ငံက ဆရာမဒေါ်အေးစုဝင်းရရှိခဲ့တယ်လို့ ထိုဖောင်ဒေးရှင်းက ကြေညာပါတယ်။

ဆရာမ ဒေါ်အေးစုဝင်းဟာ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် အထက(၂)မှ အထက်တန်းပြ- စနစ်သစ် ၁၂ တန်းအဆင့်မှာ အင်္ဂလိပ်စာသင်ကြားသူဖြစ်ပြီး စာသင်တဲ့နေရာမှာထူးချွန်လို့  ဒီဆုကိုရရှိတာလို့ဆိုထားပါတယ်။

ဒီဆုကို လာမယ့်အောက်တိုဘာလ၊ ထိုင်းနိုင်ငံမှာကျင်းပမယ့် PMCA ဖောင်ဒေးရှင်းညီလာခံမှာ ချီးမြှင့်ဖို့ရှိပြီး အမေရိကန် ဒေါ်လာတစ်သောင်း ၊ ရွှေရင်ထိုးနဲ့အတူ ထိုင်းနိုင်ငံကစာသင်ကျောင်းတွေကို လေ့လာခွင့်ရမှာဖြစ်တယ်။

Source – BBC

မြင်းခြံမှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကလေးနှစ်ယောက်မိခင်သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဧရာဝတီမြစ်ထဲမှာ သွားလာနေတဲ့စက်လှေတစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် လှေပေါ်ပါ ကလေးနှစ်ဦးမိခင်ဖြစ်တဲ့မမော်ဟာ ကျည်ထိမှန်ပြီး သေဆုံးသွားပါတယ်။

သူုတို့လှေဟာ လေးအိမ်တန်းဆိပ်ကမ်းမှ ထွက်လာတဲ့အချိန် ထိုအနီးနားမှာရှိနေတဲ့ကူးတို့စက်လှေကို စစ်တပ်က ကမ်းပြန် ကပ်ဖို့လှမ်းခေါ်ပြီးနောက် သေနတ်ဖြင့်ပစ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၁ ရက်ကလည်း တိုက်ပွဲမရှိဘဲ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် ပေါက်အူကျေးရွာရှိ၂နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပါသေးတယ်။

Source – People’s Spring

ဝက်လက်မှာ အမျိုးသမီး ၄ ဦးအပါအဝင် အရပ်သား ၇ ဦးသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သမရိုးနဲ့ ရွှေပန်းကုန်းရွာကြား ဇူလိုင်လ ၆ ရက်၊ မနက် ၅ နာရီဝန်းကျင်မှာ ဈေးရောင်း ထွက်လာတဲ့ဈေးသည် ၇ ဦးကို စစ်တပ်က အကြောင်းမဲ့သတ်ဖြတ်ခဲ့ပါတယ်။

သေဆုံးသွားသူတွေဟာ သမရိုးရွာက အသက် ၅၇ နှစ်အရွယ် ဒေါ်နှင်းလှိုင်၊ အသက် ၄၆ နှစ်အရွယ်ဒေါ်ပွေလီ၊ အသက် ၄၀ အရွယ်ဒေါ်အေးနုဝင်း၊ အသက် ၃၀ အရွယ်မဖြူဖြူစန်း၊ အသက် ၆၂ နှစ်အရွယ်ဦးသိန်းလှိုင်၊ အသက် ၅၅ နှစ်အရွယ် ဦးဖိုးလွင်နဲ့ အသက် ၂၇ နှစ်အရွယ် ကိုလွင်မိုးတို့ သေဆုံးခဲ့တာပါ။

ဈေးသည်တွေ မနက်ခင်းအစော ဈေးရောင်းထွက်ချိန် စစ်ကြောင်းနဲ့တိုးလို့ ပစ်သတ်ခဲ့တာဖြစ်ပြီး ဒေသခံ ၃၀ ဝန်းကျင်ကို လည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

Source – RFA

ပစ်ခတ်မှုနဲ့မသက်ဆိုင်တဲ့အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၄ ဦးဖမ်းဆီးခံရ

ပဲခူးတိုင်း လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းတိုက်နယ်ရဲစခန်းကို လက်ပံတန်း PDF က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဇူလိုင် လ ၃ ရက်၊ ညပိုင်းမှာ စစ်တပ်က ပစ်ခတ်မှုနဲ့မသက်ဆိုင်တဲ့အရပ်သား ၈ ဦးကိုဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေကတော့ အောင်မင်္ဂလာရွာမှ ကိုစိုးနိုင်ထွန်း၊ မခင်ညိုမြင့်၊ ကိုမြတ်မင်းစိုး၊ မအိအိအောင်၊ မမိုးကြီး၊ မဝတ်ရည်စိုး၊  ဦးမြင့်ကြိုင်နဲ့ သူ့ရဲ့သားတို့ကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်က ပဲခူးမှာ ဒီပစ်ခတ်မှုနဲ့မသက်ဆိုင်တဲ့အရပ်သားတွေ ဆက်တိုက်ဖမ်းဆီးတာတွေလုပ်နေပြီး ဖမ်းဆီးခံရတဲ့အရေ အတွက်တော့ မသိရသေးပါဘူး။

Source – RFA

 ကန့်ဘလူမှာ အမျိုးသမီး ၅ ဦးအပါအဝင် စစ်ရှောင် ၆၀ ကျော်ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အင်းမနဲ့မိဿလင်ကုန်း ကျေးရွာနှစ်ရွာက စစ်ဘေးရှောင် ၆၀ ကျော်ကို စစ်တပ်က ဇူလိုင်လ ၅ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒေသခံရွာသားတွေဟာ တောတွေထဲ စစ်ဘေးရှောင်ရင်း စစ်တပ်နဲ့ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံရတာဖြစ်တယ်။ ဖမ်းဆီး ခံရသူတွေထဲမှာ ကလေးနဲ့ အမျိုးသမီး ခုနှစ်ဦးလည်း ပါဝင်ပါတယ်။

နောက်နေ့မှာ အမျိုးသမီးနဲ့ ကလေးတွေကိုလွတ်ပေးလိုက်ပြီး အမျိုးသားတွေကိုတော့ ဆက်ဖမ်းထားပါတယ်။ ဒီထဲက အမျိုးသားတစ်ဦးကတော့ စစ်ကြောရေးမှာနှိပ်စက်ခံရလို့သေဆုံးတယ်ဆိုတဲ့သတင်းစကားလည်း ထွက်နေပါတယ်။

Source – RFA

ရန်ကုန်က အမျိုးသမီး ၃ ဦးအပါအဝင် လူငယ် ၁၈ ဦးဖမ်းဆီးခံရ

ရန်ကုန်မြို့မှာ နေရာအနှံအပြားပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်က အပြစ်မရှိတဲ့လူငယ်တွေကို မြို့ပြပြောက် ကျားနဲ့ သပိတ်အဖွဲ့တွေမှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လူငယ် ၁၈ ဦးဖမ်းဆီးခံခဲ့ရတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၁၇ နှစ်ကနေ ၂၀ အကြားရှိပြီး အမျိုးသား ၁၅ ဦး၊ အမျိုးသမီးသုံးဦးတို့ ပါဝင်ပါတယ်။

လမ်းမတော်၊ မင်္ဂလာဒုံ၊ တာမွေ၊ ကမာရွတ်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ ကြည့်မြင်တိုင်နဲ့ တောင်ဒဂုံစတဲ့မြို့နယ်တွေမှာ လမ်းသွားလမ်းလာလူငယ်တချို့ကို စစ်တပ်က ဖမ်းဆီးခဲ့တာပါ။

ယခုရက်ပိုင်းအတွင်း စစ်တပ်က တပ်လှည့်ကင်းတွေ ရန်ကုန်မြို့ထဲက လူငယ်တွေကို ဖမ်းဆီးစစ်ဆေးတာတွေ တင်းတင်း ကျပ်ကျပ်လုပ်နေတာဖြစ်တယ်။

Source – RFA

ချောင်းဦးတိုက်ပွဲမှာ အရပ်သားတစ်ဦးသေဆုံးပြီး အမျိုးသမီး ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာမှာ တိုက်ပွဲအပြီး စစ်တပ်က ပစ်လိုက်တဲ့လက်နက်ကြီးကျရောက် ပေါက်ကွဲတာကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ၃ နှစ်ခွဲမိန်းကလေးနဲ့ အမျိုးသမီးနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။

သေဆုံးသူမှာ ဦးသန်းလွင် ၅၀ နှစ်ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အသက် ၂၀ ကျော်အရွယ်ရှိ မဒါဒါဝင်း၊ မအိတုံနဲ့ ၃ နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးတို့ဖြစ်တယ်။

ပြီးခဲ့တဲ့မေလ ၁၁ရက်ကလည်း နတ်ရေကန်စခန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ငါးယှန်ကျေးရွာထဲ လက်နက် ကြီးကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသားတဦးသေဆုံးပြီး အမျိုးသမီးတဦး ဒဏ်ရာရခဲ့ပါတယ်။  

Source – မြေလတ်အသံ

မြင်းခြံမှာ စစ်တပ်က အမျိုးသမီးကိုမုဒိမ်းကျင့်ပြီး လင်မယားနှစ်ဦးလုံးကို မီးရှို့သတ်ဖြတ်

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ၊ငွေပေါ်ကျွန်းရွာကို စစ်တပ်ကဝင်စီးပြီး အသက်(၃၀)ကျော်အမျိုးသမီးကို မုဒိမ်းကျင့်ပြီး နောက် အသက်(၅၀)ကျော်အရွယ်ခင်ပွန်းသည်နဲ့အတူ သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်(၄)ရက်၊ ညသန်းခေါင်ချိန်မှာ စစ်အင်အား ၅၀ လောက်ဟာ စစ်ကားကြီးနဲ့လာပြီး ရွာထဲကိုဝင်ပြီး ပစ္စည်းတွေကို လု ယက်သလို ထိုလင်မယားနှစ်ယောက်ကိုပါ ဖမ်းဆီးသတ်ဖြတ်မီးရှို့ခဲ့တာဖြစ်တယ်။

ဒီမတိုင်မီကလည်း စစ်တပ်က ရွှေပေါ်ကျွန်းရွာကို မီးရှို့တဲ့အတွက် ထွက်မပြေးနိုင်တဲ့အသက် ၈၀ ကျော်အဖွားအို ဒေါ်သန်းကြည်ဟာ နေအိမ်မှာမီးလောင်ပြီး သေဆုံးခဲ့ရတယ်။

Source – Mandalay Free Press

မကွေးမှ ရဲဘော်ရဲမေတွေအတွက် ဆေးဝါးအကူအညီလိုအပ်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်၊ ရဲမေတွေဟာ ငှက်ဖျားရောဂါခံစားနေရလို့ ဆေးဝါး အကူအညီတွေလိုအပ်နေတာဖြစ်တယ်။

“ငှက်ဖျားဖြစ်တာအများစုက လေ့ကျင့်ရေးဌာနကရဲဘော်တွေမှာ ဖြစ်နေကြတယ်။ လူရာနဲ့ချီပြီး ဖြစ်နေပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကဆိုရင် ၃၀ ကျော်ဆေးနားနေရတယ်။ တပ်ရင်းဆေးခန်းမှာ ကုသပေးနေပေမယ့် ဆေးတွေက မလုံလောက်တာ တော့ ငှက်ဖျားဆေးတွေ အရေးတကြီးလိုအပ်နေပါတယ်”လို့ တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက ရဲဘော် ၁၀၀ ကျော်လောက်ဌက်ဖျားရောဂါခံစားနေရတာဖြစ်တယ်။ လက်ရှိမှာတော့ ရဲဘော်အားလုံး ဌက်ဖျားပိုးရှိနေကြသလို ဒီထဲက ၂၀ လောက်ကတော့ ဆိုးဆိုးရွားရွားခံစားနေရတာဖြစ်တယ်။

ငှက်ဖျားရောဂါဟာ မိုးရာသီမှာအဖြစ်များပြီး တောထဲမှာစီးဆင်းနေတဲ့ချောင်းရေကိုသောက်သုံးနေကြရသလို ရေမသန့်တာ ကြောင့် ယားဖုတွေပေါက်ကာ ခြင်တွေလည်းပေါလို့ အခုလိုဌက်ဖျားရောဂါတွေဖြစ်လာကြတာပါ။

ငှက်ဖျားရောဂါဖြစ်နေတဲ့ရဲဘော်တွေကို အာဟာရဖြစ်မယ့်အစားအစာတွေ ကျွေးဖို့လိုအပ်သလို၊ ဆေးရည်စိမ်ခြင်ထောင် တွေနဲ့ ဌက်ဖျားဆေးတွေလိုအပ်နေတာဖြစ်တယ်။

Source – မြေလတ်အသံ

Author:

Related Articles